ပုလော CDM လက်ထောက်ပညာရေးမှူးနှင့် နှစ်ဦး ကားတိုက်ခံရပြီး သေဆုံး

0
583

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၏ CDM လက်ထောက်ပညာရေးမှူးနှင့် အမျိုးသမီးငယ်နှစ်ဦး ကားတိုက်ခံရပြီး သေဆုံးကာ အခြားအမျိုးသမီးငယ်တစ်ဦး ဒဏ်ရာရခဲ့ကြောင်း ဒေသခံများနှင့် ပုလောပညာရေး အသိုင်းအဝိုင်းထံမှ သိရသည်။

အာဏာဖီဆန်ရေး လူထုလှုပ်ရှားမှု (CDM) တွင် ပါဝင်ထားသည့် ပုလောမြို့နယ် လက်ထောက်ပညာရေးမှူး ဦးသာဝင်းနှင့် အသက် ၂ဝ မှ ၂၅ နှစ် ကြားအရွယ်ရှိ မိန်းကလေးငယ် သုံးဦးသည် ဒီဇင်ဘာလ ၁၂ ရက်နေ့ ည ၇ နာရီခန့်တွင် ကားတိုက် ခံရခြင်းဖြစ်ကြောင်း မျက်မြင်တွေ့ရှိသည့် ဒေသခံများက ပြောသည်။

အသက် ၅၇ နှစ်အရွယ် ဦးသာဝင်းနှင့် မိန်းကလေးငယ် နှစ်ဦးမှာ အခင်းဖြစ်နေရာတွင် သေဆုံးကြောင်း ဒေသခံများထံမှ သိရသည်။

နောက်အမျိုးသမီးငယ်တစ်ဦးမှာ ဒဏ်ရာအပြင်းအထန်ရသဖြင့် ပုလောဆေးရုံတွင် ဆေးကုသမှုခံယူ နေရပြီး အသက်အန္တရာယ် စိုးရိမ်ရကြောင်း ပုလောဒေသခံများထံမှ သိရသည်။

ဦးသာဝင်းသည် ဖိုးရှမ်းကမ်းခြေမှ ရွာသို့ ဆိုင်ကယ်ဖြင့် ပြန်လာချိန် ချပ်ပုံကျေးရွာအဝင်တွင် ကားတိုက် ခံရခြင်းဖြစ်ပြီး ယင်းနေရာအနီး စကားရပ်ပြောနေသည့် အမျိုးသမီး သုံးဦးလည်း ကားတိုက်ခံရခြင်း ဖြစ်ကြောင်း ရှပ်ပုံကျေးရွာ ဒေသခံများက ပြောသည်။

ကားကို အရှိန်အလွန်ပြင်းပြင်းဖြင့် မောင်းနှင်လာပြီး ကားတိုက်မှုဖြစ်ပြီးနောက် မောင်းပြေးသွားကြောင်း အဆိုပါ ဒေသခံများထံမှ သိရသည်။

မဆင်မခြင် မောင်းနှင်မှုကြောင့် Accident ဖြစ်ကာ ဦးသာဝင်း သေဆုံးခြင်းဖြစ်ကြောင်း အမျိုးသားညီညွတ်ရေး အစိုးရ၊ ပုလောမြို့နယ် ပညာရေး ဘုတ်အဖွဲ့ (ယာယီ) က ထုတ်ပြန်ထားသည်။

ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ (ပုလော) ကမူ ဦးသာဝင်းကို ကားဖြင့် တိုက်သတ်သဖြင့် ပြင်းပြင်းထန်ထန် အပြစ်ပေးအရေးယူသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

စစ်ကောင်စီ ဘက်ကမူ ယင်းအခြေအနေနှင့် ပတ်သက်ပြီး တစ်စုံတစ်ရာ ထုတ်ပြန်ခြင်း မရှိသေးပေ။

ပုလောမြို့နေ ယာဉ်မောင်း ဦးသန်းရှိန်ကို လက်ရှိအချိန်တွင် ပုလောရဲစခန်း၌ ဖမ်းဆီးထားကြောင်း ဒေသခံများထံမှ သိရသည်။

ဦးသန်းရှိန်သည် ကြံ့ခိုင်ရေးပါတီဝင် တစ်ဦးဖြစ်ပြီး ၎င်းမောင်းနှင်လာသည့် ကားမှာလည်း စစ်ကောင်စီ တပ်ဖွဲ့ဝင်များ အသုံးပြုလေ့ရှိသည့် ကားဖြစ်ကြောင်း ပုလောပညာရေး အသိုင်းအဝိုင်းနှင့် ဒေသခံများက ပြောဆိုကြပြီး ယင်းပြောဆိုချက် မှန်၊ မမှန်ဆိုသည်ကိုမူ လတ်တလော အတည်ပြုနိုင်ခြင်း မရှိသေးပါ။