ထားဝယ်တက္ကသိုလ်ကျောင်းသားသမဂ္ဂ ဒုဥက္ကဋ္ဌ၏ မိခင် တရားစွဲခံရ

0
443

ထားဝယ်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဒုတိယဥက္ကဋ္ဌ မသီရိမိုး၏ မိခင်ဖြစ်သူ ဒေါ်သက်သက်ထွေးကို စစ်ကောင်စီက ဖမ်းဆီးကာ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ ဖြင့် တရားစွဲထားကြောင်း မသီရိမိုးက ပြောသည်။

မသီရိမိုး၏ မိခင် အသက် ၄၆ နှစ်အရွယ် ဒေါ်သက်သက်ထွေးနှင့် အသက် ၁၆ နှစ်အရွယ် ညီမဖြစ်သူတို့ကို ထားဝယ်မြို့နယ် ကနိုင်းဒါရွာရှိ နေအိမ်တွင် နိုဝင်ဘာ ၈ ရက် ည ၈ နာရီခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင်များက လာရောက် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း မိသားစုဝင်များထံမှ သိရသည်။

မသီရိမိုး၏ ညီမဖြစ်သူမှာ အသက် ၁၈နှစ် မပြည့်သေးသဖြင့် ဖမ်းဆီးခံရပြီးနောက် ၄ ရက်အကြာတွင် ပြန်လွှတ်ပေးလိုက်ပြီး မိခင်ဖြစ်သူကိုမူ ဆက်လက်ဖမ်းဆီးထားကြောင်း မသီရိမိုးက ဆိုသည်။

နိုဝင်ဘာလထဲတွင် မိခင်ဖြစ်သူကို တရားစွဲဆိုလိုက်သည်ဟု သိရပြီး နေ့ရက်အတိအကျကို မသိရသေးကြောင်း ၎င်းက ပြောသည်။

“အမေ့ကို အမှုတပ် တရားစွဲတဲ့အပေါ် စိတ်မကောင်းဖြစ်မိသလို စစ်အာဏာရှင်တွေနဲ့ အပေါင်းအပါတွေ ကိုလည်း နာကျည်းတဲ့စိတ်၊ မုန်းတီးတဲ့စိတ်တွေ ပိုလာတယ်” ဟု ၎င်းက ပြောဆိုသည်။

၎င်းကို မဖမ်းမိသဖြင့် မိခင်ဖြစ်သူကို ဖမ်းဆီးတရားစွဲခြင်းမှာ မတရားမှုသာဖြစ်ကြောင်း မသီရိမိုးက ဆိုသည်။

ကျောင်းသားခေါင်းဆောင် မသီရိမိုးကို စစ်ကောင်စီက ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့် ဖမ်းဝရမ်း ထုတ်ထားသည်။

မိခင်ဖြစ်သူကို ပုဒ်မ ၅၀၅ ဖြင့် တရားစွဲထားသည်ဟုသာ သိထားပြီး မည်သည့်ပုဒ်မခွဲဖြင့် စွဲဆိုသည်ကိုမူ အသေအချာ မသိရသေးကြောင်း မသီရိမိုးက ဆိုသည်။ ပုဒ်မ ၅၀၅ (က) ဖြစ်နိုင်ခြေရှိကြောင်း ၎င်းက ပြောဆိုသည်။