ထားဝယ်တွင် လူငယ် ခုနစ်ဦးထက်မနည်း အဖမ်းခံရ

0
319

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တိတ်ဆိတ်ငြိမ်သက်ခြင်းသပိတ် (Silence Strike) ပြုလုပ်သည့် ဒီဇင်ဘာလ ၁၀ ရက်နေ့က ထားဝယ်တွင် လူငယ် ခုနစ်ဦးထက်မနည်း ဖမ်းဆီးခံရကြောင်း ဒေသခံအချို့၏ ပြောဆိုချက်အရ သိရသည်။

ဖမ်းဆီးခံရသည့် လူငယ်များတွင် ဆေးကုမ္ပဏီဝန်ထမ်း သုံးဦး၊ GTC ကျောင်းသူတစ်ဦး ပါဝင်သည်ဟု ၎င်းတို့နှင့် နီးစပ်သည့်အသိုင်းအဝိုင်းထံမှ သိရှိရသည်။

ဖမ်းဆီးခံရသည့် လူငယ်ရှစ်ဦးဟုလည်း သတင်းများထွက်ပေါ်နေပြီး Dawei Watch အနေဖြင့် ဖမ်းဆီးခံရ သူ စာရင်းအတိအကျ သိရှိရန် ဆက်လက် စုံစမ်းနေဆဲဖြစ်သည်။

ဒီဇင်ဘာလ ၁၀ ရက် နံနက် ၉ နာရီခန့်က ဆေးကုမ္ပဏီဝန်ထမ်း ကိုကောင်းထက်စွမ်းမှာ ထားဝယ်မြို့ ရွှေပလောင်ဆိုင်အနီးတွင် အဖမ်းခံရကြောင်း ၎င်းနှင့် နီးစပ်သူအချို့ထံမှ သိရသည်။

ယင်းနောက် မိနစ် ၂၀ ခန့်အကြာတွင် မြို့တွင်းရပ်ကွက်ရှိ နေအိမ်တစ်အိမ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝိုင်းကာ ဝင်ဖမ်းသဖြင့် လူငယ် ခြောက်ဦး ထပ်မံအဖမ်းခံလိုက်ရကြောင်း ဒေသခံအချို့က ပြောသည်။

အထက်ပါ ဖြစ်ရပ်နှစ်ခု၌ ဖမ်းဆီးခံရသူ ခုနစ်ဦးတွင် အမျိုးသမီး လေးဦး၊ အမျိုးသား သုံးဦးပါဝင်ကြောင်း ဒေသခံများထံမှ သိရသည်။

ဆေးကုမ္ပဏီတွင် အလုပ်လုပ်နေသည့် အမျိုးသားတစ်ဦး၏ မိသားစုဝင်ကမူ ၎င်း၏ ညီဖြစ်သူကို မည်သည့် နေရာတွင် ဖမ်းဆီးထားသည်ကို လိုက်လံစုံစမ်းနေသော်လည်း ယနေ့ ၆ နာရီခွဲအထိ မသိရသေးသဖြင့် စိုးရိမ်ပူပန်နေသည်ဟု ဆိုသည်။

“ဖမ်းသွားတယ်ဆိုတာပဲ သိတယ်။ မနေ့က လမ်းထွက် မရဘူးဆိုတော့ ၄ နာရီကျော်ပြီးလောက်မှ ရွာက အုပ်ကြီးနဲ့ သွားရှာတယ်။ ကျွန်တော်တို့ မြို့နယ် (ရဲစခန်း) ကိုလည်း ရောက်တယ်။ ခရိုင်ကိုလည်း ရောက် တယ်။ တိုင်းကိုလည်း ရောက်တယ်။ စရဖရုံးကိုလည်း ရောက်တယ်။ အားလုံးက မရှိဘူးဘဲ ပြောကြတယ် ခင်ဗျာ” ဟု မိသားစုဝင်က ဆိုသည်။

ဖမ်းဆီးခံရသူများမှာ ကိုအောင်ကိုကိုလွင်၊ ကိုကောင်းထက်စွမ်း၊ ကိုအာကာထက်၊ မဇီဇဝါလှိုင်၊ မမြသန္တာစိုး၊ မစန်းစန်းနွေး (အိမ်‌ခေါ်အမည်) အုအုနှင့် ဖုဖုတို့လည်း ပါဝင်သည်ဟု ဒေသခံများက ပြောဆိုကြသည်။