ပုလော KNUထိန်းချုပ်နယ်မြေတွင်PRDFနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲနှစ်ကြိမ်ဖြစ်

0
217

ပုလောမြို့နယ် KNU ထိန်းချုပ်နယ်မြေ ဒူးရင်းပင်ရှောင်ရွာအနီးတွင် ပုလောဒေသ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ် (PRDF) နှင့် စစ်ကောင်စီတပ်တို့ ယနေ့ (ဒီဇင်ဘာ ၁၁) ထိတွေ့တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားကြောင်း အနီးဝန်းကျင်က ဒေသခံများထံမှ သိရှိရသည်။

နံနက် ၇ နာရီခန့်တွင် တစ်ကြိမ်၊ နံနက် ၁၀ နာရီခန့်တွင် တစ်ကြိမ် တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ပြီး တစ်ကြိမ်လျှင် မိနစ် ၃၀ ခန့် ကြာမြင့်ကြောင်း ၎င်းတို့ထံမှ သိရသည်။

စစ်ကောင်စီတပ်သည် ဂျက်ဂါးရွာမှ မြို့ဟောင်းရွာသို့ စစ်ကြောင်းထိုးလာပြီးနောက် ကရင်အမျိုးသား အစည်းအရုံး KNU တပ်မဟာ (၄) ၊ တပ်ခွဲ (၇) ၏ ထိန်းချုပ်နယ်မြေဖြစ်သည့် ဒူးရင်းပင်ရှောင်ကျေးရွာ အနီးတွင် တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှု ရှိသည်ဟုကြားသိရပြီး စစ်ကောင်စီဘက်က လက်နက်ကြီးဖြင့် ပစ်ခတ်သံများလည်း ကြားရကြောင်း ဒေသခံအချို့ကို မေးမြန်းချက်အရ သိရသည်။

“မြို့ဟောင်းနဲ့ ဒူးရင်းပင်ရှောင်က ဒေသခံ ၃၀ ကျော်ကို (စစ်တပ်က) ဖမ်းထားတယ်လို့ ကြားတယ်။ တချို့ကိုတော့ ပြန်လွှတ်ပေးလိုက်ပြီ။ လေးယောက်တော့ ကျန်သေးတယ်ပြောတယ်” ဟု ဒေသခံ အမျိုးသားက ပြောသည်။

နှစ်ဖက်အပြန်ပစ်ခတ်မှုတွင် လက်နက်ကြီး အချက် ၂၀ ကျော်ခန့် ပစ်သံကြားရပြီး တိုက်ပွဲဖြစ်ပွားရာ အနီးတဝိုက်ရှိ ဒေသခံရွာသားများမှာလည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရကြောင်း ထွက်ပြေးတိမ်ရှောင်နေရသည့် ဂျက်ဂါးရွာမှ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။