စော်ဖျားရွာတွင် နေအိမ် သုံးလုံး မီးရှို့ခံရ

0
220

သရက်ချောင်းမြို့နယ် စော်ဖျားကျေးရွာတွင် စစ်မှုထမ်းဟောင်းတစ်ဦး အသတ်ခံရပြီးနောက် တစ်ရက်အကြာတွင် နေအိမ်သုံးလုံး မီးရှို့ခံရကြောင်း ဒေသခံအချို့၏ ပြောပြချက်အရ သိရသည်။

အသက် ၄၀ ခန့်ရှိ ဦးကျော်ဆန်းဦး ဒီဇင်ဘာလ ၁၀ ရက်နေ့ နံနက် ၇နာရီခန့်တွင် အသတ်ခံရပြီးနောက် ယနေ့ (ဒီဇင်ဘာ ၁၁) မွန်းလွဲပိုင်းတွင် ကျေးရွာတွင်းရှိ နေအိမ် သုံးလုံး မီးရှို့ခံလိုက်ရခြင်းဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။

“စစ်သားလူထွက် ဒလန်လုပ်နေတယ်ဆိုပြီး ပြောကြတာပဲ။ အဲဒါကြောင့် လာရှင်းပစ်တယ်ဆိုပြီး ပြောကြတာပဲ။ ဘယ်သူ ရှင်းတယ်ဆိုတာလဲ မသိဘူး” ဟု ‌စော်ဖျားရွာမှ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

ယနေ့ မွန်းလွဲ ၂ နာရီခွဲခန့်တွင် ရွာထဲသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်လာပြီးနောက် နေအိမ် သုံးလုံး မီးရှို့ခံလိုက်ရကြောင်း ၎င်းက ပြောသည်။

မီးရှို့ခံရသည့် နေအိမ် သုံးလုံးတွင် ၎င်းနှင့် ဆွေမျိုးနီးစပ်တော်သူတစ်ဦး၏ နေအိမ်တစ်လုံးလည်း ပါဝင်ကြောင်း အထက်ပါအမျိုးသမီးက ပြောသည်။

ဦးကျော်ဆန်းဦးမှာ ဒီဇင်ဘာလ ၁၀ ရက် နံနက် ၇ နာရီခန့်က ရွာအပြင် လယ်ကွင်းတွင် နွားလှန်ရန် သွားစဉ် သေနတ်ဖြစ် ပစ်ခတ်ခံရသဖြင့် သေဆုံးကြောင်း ၎င်းက ဆိုသည်။

စော်ဖျားရွာတွင် လူသတ်မှုဖြစ်စဉ်များ မကြာခဏဖြစ်ပေါ်နေသလို ပျူစောထီးအဖွဲ့နှင့် စစ်ကောင်စီ တပ်ဖွဲ့များကလည်း ကျေးရွာတွင်း ရှာဖွေ၊ စစ်ဆေး၊ ဖမ်းဆီး၊ ခြိမ်းခြောက်မှုများရှိသဖြင့် ရွာသားအချို့မှာ နေအိမ်ကိုစွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရပြီး အချို့မှာလည်း ဥယာဉ်ခြံတွင်း၌သာ နေထိုင်ကြကြောင်း ဒေသခံအချို့ထံမှ သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကျန်သည့်နေအိမ်များကိုလည်း မီးရှို့မည်ဟု ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။