စစ်တပ်က စစ်ဆေးနေသဖြင့် လောင်းလုံးက လယ်သမားများ အခက်တွေ့

0
165

စစ်ကောင်စီတပ်ဖွဲ့ဝင်များ တင်းတင်းကြပ်ကြပ် စစ်ဆေးနေသောကြောင့် လယ်ထဲဆင်း စပါးရိတ်သိမ်းရန်၊ စပါးသယ်ရန် လောင်းလုံးမြို့နယ်ရှိ ကျေးရွာ လေးရွာထက်မနည်းမှ ရာနှင့်ချီသည့် လယ်သမား အခက်အခဲကြုံတွေ့ နေကြကြောင်း အဆိုပါလယ်သမားများထံမှ စုံစမ်းသိရှိရသည်။

ဒီဇင်ဘာလ ၉ ရက်က လောင်းလုံးမြို့နယ်တောင်ပိုင်း ကညုံးကျွန်းကျေးရွာသို့ စစ်ကောင်စီတပ်များ ဝင်ရောက်စစ်ဆေး ဖမ်းဆီးမူများ လုပ်ဆောင်ပြီးနောက် လယ်ထဲဆင်းမည့် လမ်းတလျှောက်ကို ယနေ့ (ဒီဇင်ဘာ ၁၀) လည်း စစ်ဆေးတင်းကြပ်နေဆဲဖြစ်ကြောင်း လယ်သမားအချို့က ပြောသည်။

လယ်ထဲဆင်းလမ်း တလျှောက်ရှိ ကညုံးကျွန်းကျေးရွာ ရွာလယ်ဘုန်းကြီးကျောင်း၊ ‌ကထောင်နီကျေးရွာ၊ လေးသွန်းခံကျေးရွာ လမ်းဆုံအချို့တွင် စစ်ကောင်စီတပ်များနေရာယူကာ လမ်းသွားလမ်းလာများကို စစ်ဆေးနေခြင်းဖြစ်ကြောင်း ကိုယ်တိုင်စစ်ဆေးခံခဲ့ရသည့် လယ်သမားအချို့က ဆိုသည်။

ယင်းသို့ စစ်ဆေးနေသဖြင့် ယင်းအခက်အခဲများကို လေးသွန်းခံ၊ ညင်းမော်၊ စစ်ပြဲ၊ ဂေါ့အင်း စသည့် ကျေးရွာတို့မှ ရာနှင့်ချီသည့် လယ်သမားများက ရင်ဆိုင်နေကြရခြင်းဖြစ်သည်။

“တချို့တွေကလည်း စစ်ဆေးပြီး သွားခိုင်းလိုက်တယ်။ တချို့ကိုကျတော့ ခေါ်ထားပြီး တော်တော်ကြာတဲ့ အထိ စစ်ဆေးတာတွေရှိတယ်” ဟု ကိုယ်တိုင်စစ်ဆေးခံခဲ့ရသည့် လယ်သမားတစ်ဦးက ပြောသည်။

ယင်းသို့ စစ်ဆေးတင်းကြပ်နေသဖြင့် စပါးသယ်မည့် ထော်လာဂျီသမားများ မလိုက်ရဲသဖြင့် လယ်ထဲရှိ စပါးများသယ်ယူရန် အခက်အခဲနေခြင်းဖြစ်ကြောင်း လယ်သမားအချို့က ပြောသည်။

မိုးရွာမည့် အရိပ်အရောင်တွေ့နေရသဖြင့် ရိပ်သိမ်းထားပြီးသား စပါးများကို ဖုံးအုပ်ထားရန် လိုအပ်သော်လည်း လယ်ထဲ မဆင်းရဲဖြစ်နေကြကြောင်း လယ်သမားအချို့က ဆိုသည်။

“မိုးသာရွာချလို့ကတော့ အကုန်ဆုံးပြီ။ စပါးတွေ အကုန် ရေမျောကုန်တော့မှာ” ဟု စစ်ပြဲ ကျေးရွာက လယ်သမားတစ်ဦးက ငြီးတွားသည်။

ယနေ့ တစ်နေ့လုံး စစ်ဆေးနေပြီး ညနေ ၄ နာရီခန့်အချိန်မှ စစ်ကောင်စီတပ်များ ပြန်သွားကြကြောင်း လယ်သမားအချို့က ပြောသည်။

ဈေးသည်များကိုမူ မေးမြန်းပြီး သွားခွင့်ပြုသည်ဟု ဈေးသည်အချို့ထံမှ သိရသည်။

လယ်ယာမြေသွင်းအားစုများ ဈေးနှုန်းကြီးမြင့်ပြီး စပါးပေါ်ချိန်တွင်လည်း အထွက်နှုန်း လျော့ကျသဖြင့် အရှုံးပေါ်နေကြချိန် ယခုကဲ့သို့ စစ်ဆေးနေခြင်းမှာ လယ်သမားများအတွက် ပိုမိုအကျပ်အတည်းဖြစ်စေ ကြောင်း လယ်သမားများက ဆိုသည်။

“ကိုယ့်လယ်ထဲ ကိုယ်ဆင်းတာတောင် အေးအေးဆေးဆေး မဆင်းရ‌ဘူး။ (စစ်သားတွေကို) မြန်မြန်ပြန်စေချင်ပြီ” ဟု လယ်သမားတစ်ဦးက ဆိုသည်။

ကညုံကျွန်းရွာတွင် PDF များရှိသည်ဟုဆိုကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဒီဇင်ဘာလ ၉ ရက်နေ့တွင် ဝင်ရောက် စစ်ဆေးဖမ်းဆီးခဲ့ပြီး လမ်းဆုံများတွင်ပါ စစ်ဆေးနေခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ ယင်း‌နေ့တွင်ပင် ဂေါ့အင်းကျေးရွာတွင်လည်း သေနတ်ပစ်ခတ်မူကြောင့် အမျိုးသမီးငယ်တစ်ဦး သေဆုံးခဲ့သည်။