အင်းဇောက် အုပ်ချုပ်ရေးမှူးအိမ် ဗုံးပေါက်၊ ပစ်ခတ်မှုဆက်ဖြစ်ပြီး ပျူစောထီး သုံးဦးသေဟု PDF ထုတ်ပြန်

0
338

လောင်းလုံးမြို့နယ် အင်းဇောက်ကျေးရွာတွင် ဒီဇင်ဘာလ ၉ ရက်နေ့ ညသန်းခေါင်ယံအချိန်တွင် ယင်း ကျေးရွာ အုပ်ချုပ်ရေးမှူး၏ နေအိမ် ဗုံးဖောက်ခွဲခံရပြီးနောက် နှစ်ဖက် ပစ်ခတ်မှုဆက်လက်ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ယင်းနေ့ည ၁၁ နာရီဝန်းကျင်တွင် အင်းဇောက်ရွာ ပြည်လုံးချမ်းသာဘုရားမုခ်ဦးအနီး စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးဖြစ်သူ ဒေါ်နုသိန်း နေအိမ်တွင် ဗုံးပေါက်ကွဲခြင်းဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။

ယင်းနောက် ပျူစောထီးအဖွဲ့ဝင် ခုနှစ်ဦးခန့်ကားဖြင့် ရောက်လာပြီး ထားဝယ်ခရိုင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်နှင့် မိနစ်သုံးဆယ်ခန့်ကြာ နှစ်ဖက်အပြန်အလှန် ပစ်ခတ်ကြကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ပထမ ပေါက်ကွဲသံက အကျယ်ကြီးကြားတယ်။ နောက်မှ သေနတ်သံတွေ ဆက်တိုက် ဆက်တိုက်ပဲ ကြားရတာ” ဟု ယင်းဒေသခံက ဆိုသည်။

နေအိမ် ဗုံးပေါက်မှုကြောင့် ဒေါ်နုသိန်း၏ မိသားစုဝင်အချို့ ထိခိုက်ပွန်းပဲ့ဒဏ်ရာအနည်းငယ် ရရှိကြောင်း ဒေသခံအချို့ထံမှ သိရှိရသည်။

ယင်းပစ်ခတ်မှုကြောင့် ပျူစောထီးအဖွဲ့က သုံးဦးသေဆုံးပြီး သုံးဦးခန့် ဒဏ်ရာရရှိနိုင်သည်ဟု ထားဝယ်ခရိုင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်က ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာတွင် ဒီဇင်ဘာလ ၁၀ ရက်က ထုတ်ပြန် ကြေညာထားသည်။

အသက် ၅၀ ဝန်းကျင်အရွယ် ဒေါ်နုသိန်းဆိုသူသည် ယခင်ကသစ်လုပ်ငန်း လုပ်ကိုင်သူဖြစ်ကာ စစ်ကောင်စီ အာဏာသိမ်းပြီးနောက် အုပ်ချုပ်ရေးမှူးဖြစ်လာကြောင်း ဒေသခံများထံမှ သိရသည်။

၎င်းသည် သေနတ်ကိုင်ဆောင်ထားပြီး ၎င်း၏ အိမ်ခြံထဲတွင် မကြာခဏ သေနတ်ပစ်ဖောက်ကာ ဒေသခံများကို ခြိမ်းခြောက်လေ့ ရှိကြောင်း ၎င်းတို့က ပြောဆိုသည်။

ယင်းဖြစ်စဉ်ဖြစ်ပွားပြီးနောက် ယနေ့ (ဒီဇင်ဘာ ၁၀) နေ့လယ်ပိုင်းတွင်လည်း အင်းဇော်ကျေးရွာနှင့် ကပ် လျက်တည်ရှိသည့် ကုန်းဇရပ်၊ ဝဗျော၊ ဝေဒီ ကျေးရွာများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လာရောက်ချ ထားပြီး ဒေသခံခရီးသွားပြည်သူများကို စစ်ဆေးနေကြောင်း ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

“(စစ်သားတွေ) လမ်းလျှောက် သွားနေကြတယ်။ လက်နက်ကြီးတွေလည်း ထမ်းထားတယ်” ဟု ၎င်းက ဆိုသည်။

ယမန့်နေ့ညက ပစ်ခတ်မှုကြောင့် အင်းဇောက်ကျေးရွာအနီး ရော်ဘာလုပ်ငန်း လုပ်ကိုင်သူများလည်း လုပ်ငန်းခွင်ပစ်ပြီး ထွက်ပြေးလာကြရကြောင်း အဆိုပါကျေးရွာဒေသခံများထံမှ သိရသည်။

ယင်းအပြင် ရေဖြူမြို့နယ် နဘုလယ်ဒေသ ပရဒပ်ကျေးရွာတွင်လည်း ယမန်နေ့ညက သေနတ်ပစ်သံ ပေါက်ကွဲသံများ ဆက်တိုက်ကြားရကြောင်း အဆိုပါကျေးရွာဒေသခံအချို့ထံမှ သိရသည်။