မြိတ်တွင် ဆိုင်ကယ်တက္ကစီအသင်းဝင်လျှင် အမျိုးသားခရီးသည် တင်နိုင်

0
468

ဆိုင်ကယ် တက္ကစီအသင်းသို့ ဝင်ရောက်ပြီးပါက ခရီးသည်အမျိုးသားတစ်ဦး တင်ဆောင်နိုင်ကြောင်း မြိတ်မြို့နယ်၊သုံးဘီးယာဉ်နှင့် ဆိုင်ကယ်တက္ကစီ ထိန်းသိမ်းကြီးကြပ်ရေးအသင်းထံမှသိရသည်။

မြိတ်မြို့တွင် အမျိုးသားနှစ်ဦးဆိုင်ကယ် တစ်စီးတည်း အတူမစီးရဟု ကြေငြာချက် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ထုတ်ပြန်ပြီးနောက် အထက်ပါအသင်းမှ ဆိုင်ကယ်စီးသူများ လိုက်နာရန် အချက် ၁၃ ချက်ပါ ကြေညာချက်အား နိုဝင်ဘာ ၁၉ ရက်နေ့က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ဆိုင်ကယ်တက္ကစီ ထိန်းသိမ်းကြီးကြပ်ရေးအသင်းသို့ ဝင်ရောက်လိုပါက အသင်းဝင်ကြေး ငွေကျပ်တစ်သောင်း ပေးဆောင်ရမည်ဖြစ်ပြီး လစဉ်ကြေးအနေဖြင့် တစ်လလျှင် ကျပ်ငါးထောင်ကျသင့်မည် ဖြစ်ကြောင်း ယင်းအသင်း ဥက္ကဋ္ဌ ဦးကိုမောင်မောင် ကပြောသည်။

“အမျိုးသားမတင်ရဘူးဆိုရင် ဆိုင်ကယ်ကမဆွဲရဘူး။ ဒါကြောင့် အခြေခံလူတန်းစားတွေ အားလုံးအဆင်ပြေသွားအောင် ကျွန်တော်တို့က အထက်ကိုတင်ပြပြီး ခွင့်ပြုချက်ရလို့ အခုလို ကြေညာလိုက်တာပါ”ဟု ၎င်းကပြောသည်။

အသင်းသို့ဝင်ရောက်မည်ဆိုလျှင် ဆိုင်ကယ်လိုင်စင်၊ ယာဉ်မောင်းလိုင်စင်၊ မှတ်ပုံတင်မိတ္တူ၊ နေထိုင်ကြောင်း ရပ်ကွက်ထောက်ခံစာ၊ ရဲစခန်းထောက်ခံစာများ တစ်ပါတည်း ယူဆောင်လာရမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

“ကျွန်တော်တို့ ထုတ်ပေးထားတဲ့ အင်္ကျီ၊ အသင်းသား လည်ဆွဲကတ်ပြား၊ ဆိုင်ကယ်စီးဦးထုပ်၊ အဲဒါတွေပါမှ တင်ခွင့်ပြုမှာပါ “ဟု၎င်းကပြောသည်။

အသင်းဝင်ခွင့်ကို မြိတ်မြို့နယ်အတွင်းရှိ ကျေးရွာများရှိ တက္ကစီယာဉ်မောင်းသူများလည်း လာရောက်အသင်းဝင်နိုင်ကြောင်း သိရသည်။

မြိတ်မြို့မှ တက္ကစီယာဉ်မောင်းသမားမျာအနေဖြင့် လက်ရှိအချိန်တွင် အမျိုးသားခရီးသည် မတင်ရသည့်အတွက် ဝင်ငွေမရသလောက်ဖြစ်နေကြောင်း ဒေသခံတက္ကစီ မောင်းသူများ ထံမှသိရသည်။

“လုပ်ဆိုလည်း လုပ်ရတော့မှာပါပဲ။ အိမ်မှာထိုင်နေလို့မရဘူး။ စားဝတ်နေရေးအတွက် အလုပ်က ဒီတစ်ခုပဲရှိတာ”ဟု အသက် ၅၀ ကျော်ရှိ ဒေသခံ တက္ကစီ မောင်းသူ အမျိုးသား ကပြောသည်။

အသင်း၏ ရုံးခန်းကို မြိတ်အဝေးပြေးကားဝင်းအတွင်း မော်တော်ယာဉ်ထိန်းသိမ်းကြီးကြပ်ရေးရုံးတွင် ဖွင့်လှစ်ထားပြီး လာရောက်စုံစမ်းနိုင်ကြောင်း သိရသည်။