သံဖြူဇရပ်တွင် ဘုရားဖူးယာဉ်တိမ်းမှောက် တစ်ဦးသေဆုံး

0
189

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် စက်စဲလမ်းဆုံအနီးတွင် ဘုရားဖူးဟိုက်ဂျက်ယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး တစ်ဦး သေဆုံးကာ ၈ ဦး ဒဏ်ရာပြင်းထန်ကြောင်း လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့တို့ထံမှ သိရသည်။

နိုဝင်ဘာ ၂၀ ရက်နေ့ နံနက် ၉ နာရီဝန်းကျင်ခန့်က မော်လမြိုင်ဘက်မှ ကျိုက်ခမီဘက်သို့ မောင်းနှင်လာသည့် အဆိုပါဟိုက်ဂျက်ယာဉ်သည် စက်စဲလမ်းဆုံအနီးအရောက်တွင် လမ်းချော်ပြီး အရှိန်မထိန်းနိုင်ဘဲ ရော်ဘာခြံအတွင်း ဝင်ရောက်တိမ်းမှောက်သွားခဲ့ခြင်းဖြစ်သည်။

အဆိုပါ မော်တော်ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း နာရေးကူညီမှုအသင်းထံမှ သိရသည်။

၈ ဦးကတော့ ပြင်းထန်ဒဏ်ရာရရှိကြပြီး ၎င်းထဲမှ အမျိုးသမီး ၃ ဦးသည် အသက်အန္တရာယ်စိုးရိမ်ရသည့်အနေအထားရှိကြောင်း နာရေးကူညီမှုအသင်းထံမှ သိရသည်။

“ပြင်းထန်ဒဏ်ရာရရှိထားတဲ့ ၈ ယောက်ကိုတော့ သံဖြူဇရပ်ဆေးရုံကနေ မော်လမြိုင်ဆေးရုံကို ပို့ဆောင်ပေးခဲ့ပါတယ်” ဟု နာရေးကူညီမှုအသင်းဝင်တစ်ဦးက ပြောသည်။

တိမ်းမှောက်မှုဖြစ်ပွားခဲ့သည့် မော်တော်ယာဉ်သည် မော်လမြိုင်မှဖြစ်ပြီး ကျိုက်ခမီသို့ ဘုရားဖူးသွားခဲ့သည်ဟုဆိုသည်။

အဆိုပါ ယာဉ်တိုက်မှုဖြစ်စဉ်နှင့် ပတ်သက်ပြီး ယာဉ်မောင်းကို အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

နိုဝင်ဘာ ၁၄ ရက်နေ့ကလည်း သံဖြူဇရပ်မြို့နယ် သံဖြူဇရပ်-ရေးလမ်းမတွင် ဟိုက်ဂျက်ယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး လူ ၃ ဦး သေဆုံးခဲ့သေးသည်။

၎င်းပြင် နိုဝင်ဘာ ၁၁ ရက်နေ့ကလည်း ရေး-သံဖြူဇရပ်လမ်းမ နှစ်ကရင်လမ်းဝတွင် ယာဉ်တိုက်မှုတစ်ခုဖြစ်ပွားခဲ့ပြီး ခရီးသည် ၇ ဦး သေဆုံးသွားခဲ့သည်။