လောင်းလုံးမြို့နယ်အတွင်း မီးတန်းပါ ရဲကားမိုင်းခွဲခံရပြီး နှစ်ဖက်ပစ်ခတ်မှုဖြစ်

0
253

လောင်းလုံးမြို့နယ် ညင်းမော်ရွာနှင့်ဂေါ့အင်းရွာအကြား ကြယ်တောင်အနီးတွင် နိုဝင်ဘာလ ၂၁ ရက် နံနက် ၈ နာရီ ဝန်းကျင်က မီးတန်းပါ ရဲကားငယ် တစ်စီး မိုင်းဆွဲခံရပြီး နှစ်ဖက်ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့‌ကြောင်း ဒေသခံအချို့ထံမှ သိရသည်။

ယင်းသို့ ဖောက်ခွဲတိုက်ခိုက်ခြင်းကို ၎င်းတို့လုပ်ဆောင်ခဲ့ကြောင်း လောင်းလုံးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Launglone People’s Defence Force) က ထုတ်ပြန်ထားသည်။

“ပေါက်ကွဲသံရော အပြန်အလှန်ပစ်ခတ်သံရော စုံနေတာပဲ။ ရဲကားတစ်စီးတော့ မှန်တွေ ကားနောက်ပိုင်းတွေ တော်တော်ပျက်စီးသွားတယ် လူထိခိုက်တာလည်း များနိုင်တယ်” ဟု မျက်မြင်တွေ့ခဲ့သည့် ဒေသခံတစ်ဦးကပြောသည်။

ထိုသို့ ဖောက်ခွဲပစ်ခတ်ပြီးနောက် ထားဝယ်ဘက်မှ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ အင်အားဖြည့်လာသည်ဟု ကြား၍ ၎င်းတို့ ဆုတ်ခွာခဲ့သည်ဟု LPDF က ထုတ်ပြန်ထားသည်။

အထက်ပါဖြစ်စဉ်တွင် စစ်ကောင်စီတပ်ဖွဲ့မှ ၆ ဦးကျဆုံးပြီး ဒဏ်ရာရသူ ၃ဦးရှိကြောင်း LPDF က ထုတ်ပြန်ထားသည်။ LPDFဘက်ကလည်း တစ်ဦးကျဆုံးသွားကြောင်း ဖော်ပြထားသည်။

လောင်းလုံးတိုက်ခိုက်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက မင်းရပ်ကျေးရွာ နန္ဒသီရိဘုန်းတော်ကြီးကျောင်းအနီးတွင် ခရီးသွားများကိုစစ်ဆေးနေစဉ် ကော်ချေး(ရော်ဘာချေး) ရောင်းရန်လာသော အသက် ၂၀ ကျော်အရွယ်အမျိုးသားတစ်ဦး သေနတ်ပစ်ခံရ‌ကြောင်း ဒေသခံများထံမှ သိရသည်။

“သူက စစ်သားတွေကိုမြင်လို့ထွက်ပြေးတာ လမ်းကြားထဲအထိ လိုက်ပစ်ခတ်တာ။ အမှန်တော့သူက ‌ရော်ဘာချေး လာရောင်းတာ”ဟု ဒေသခံတစ်ဦးကပြောသည်။

အဆိုပါပစ်ခတ်ခံရသည့်အမျိုးသားသည် ဒူးခေါင်းကို ကျည်ဆံထိမှန်ခဲ့ပြီး လက်ရှိတွင် ထားဝယ်မြို့ရှိ စစ်တပ်ဆေးရုံတွင် ဆေးကုသမှုခံယူနေ‌ကြောင်း ဒေသခံအချို့ထံမှ သိရသည်။