လေယာဉ်စီးချိန် ကိုဗစ်စစ်ရမည့် ကန့်သတ်ချက်ဖြေလျော့ တနင်္သာရီတိုင်း မပါ

0
169

လေယာဉ်စီးရာတွင် ကိုဗစ်ကာကွယ်ဆေး အကြိမ်ပြည့် ထိုးပြီးသူများအနေဖြင့် ကိုဗစ်စစ်ဆေးရန်မလို‌တော့ကြောင်း နိုဝင်ဘာလ ၁၆ ရက်နေ့က ထုတ်ပြန်ထားခဲ့သည်။

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဖြေလျော့လိုက်သော်လည်း တနင်္သာရီတိုင်းရှိ ထားဝယ်၊ မြိတ်နှင့် ကော့သောင်းမြို့နယ်များတွင် နေထိုင်သူများမပါဝင်ကြောင်း ဖော်ပြထားသည်။

အထက်ပါ မြို့နယ် ၃ ခုအပြင် ကလေးမြို့နယ်ကိုလည်း ခြွင်းချက်အနေဖြင့် ကန့်သတ်ထားကြောင်း ဖော်ပြထားသည်။

ထားဝယ်၊ မြိတ်နှင့် ကော့သောင်းမြို့နယ်အတွင်း နေထိုင်သူများအနေဖြင့် ကိုဗစ်ကာကွယ်ဆေး နှစ်ကြိမ်အပြည့် ထိုးပြီးသော်လည်း RDT ဖြင့် ကိုဗစ်စစ်ဆေးရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ကိုဗစ်စစ်ဆေးခြင်းအား လေဆိပ်တည်ရှိရာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် စစ်ဆေးနိုင်ကြောင်း ဖော်ပြထားသည်။

ကိုဗစ်ဓာတ်ခွဲစစ်ဆေးချက်အဖြေသည် လေယာဉ်မထွက်ခွာမီ ၄၈ နာရီအတွင်း စစ်ဆေးထားရမည်ဖြစ်ကြောင်း ဖော်ပြသည်။

လေကြောင်းလိုင်းများအနေဖြင့် ရန်ကုန်မှ ထားဝယ်နှင့် မြိတ်မြို့များသို့ ယခုအပတ်မှစကာ ပြန်လည်ပြေးဆွဲနေခြင်းဖြစ်သည်။

ကိုဗစ်ကူးစက်မှုမြင့်တက်လာသည်ဟုဆိုကာ တနင်္သာရီတိုင်းအတွင်းရှိ ထား၀ယ်၊ မြိတ်နှင့် ကော့သောင်းမြို့များသို့ ပြေးဆွဲနေသည့် လေကြောင်းခရီးစဉ်များကို ယခုနှစ် မေလနှောင်းပိုင်းတွင် စတင်ရပ်နားခဲ့ပြီး အချိန်ကာလအလိုက် သက်တမ်းတိုးလာခဲ့သည်။

ထိုနောက် ရန်ကုန်-ကော့သောင်း ခရီးစဉ်ကို မြန်မာအမျိုးသားလေကြောင်းလိုင်း(MNA) နှင့် Air KBZ လေကြောင်းလိုင်းတို့က အောက်တိုဘာလ တတိယအပတ်တွင်မှ ပြန်လည်ပြေးဆွဲခဲ့သည်။