ကုန်ဈေးနှုန်းကြောင့် ထားဝယ်မုန့်လက်သုပ်ဈေးတက်

0
381

ကျပ်ငွေတန်ဖိုးကျဆင်းပြီး ကုန်ဈေးနှုန်းတက်နေသည့်အတွက် ဒေသခံများ နှစ်ခြိုက်စွာ စားသုံးလေ့ရှိသည့် ထားဝယ် မုန့်လက်သုပ်လည်း ဈေးတက်သွားခဲ့သည်။

ယခင်က မုန့်လက်သုပ်တစ်ပွဲလျှင် ပျမ်းမျှ ၃၀၀ ကျပ်သာ ရှိရာမှ ကုန်ဈေးနှုန်းတက်ပြီး အခုရက်ပိုင်းအတွင်း ၄၀၀ ကျပ်ဖြစ်သွားကြောင်း မုန့်လက်သုပ်ရောင်းချသူအချို့ထံမှ သိရသည်။

ထားဝယ်မုန့်လက်သုပ်ကို ပအုန်းရည်၊ ပင်လယ်ငါးနှင့် ကြက်သွန်နီတို့ကို အခြေခံပြီး ချက်ပြုတ်ထားခြင်းဖြစ်သည်။

လက်ရှိတွင် ယင်းပစ္စည်းများ ဈေးတက်သွားသဖြင့် ဈေးတင်ရောင်းချရခြင်းဖြစ်ကြောင်း ထားဝယ်မြို့ ဇရစ်ရပ်ကွက်တွင် မုန့်လက်သုပ်ရောင်းနေသည့် အသက် ၂၇ နှစ်အရွယ် အမျိုးသမီးတစ်ဦးက ဆိုသည်။

လက်ရှိကုန်ဈေးနှုန်းအရ တစ်ပွဲလျှင် ၃၀၀ ကျပ်ဖြင့်ရောင်းပါက အမြတ်မရှိတော့သည့်အတွက် တစ်ပွဲလျှင် ၁၀၀ ကျပ်ဈေးတင်ရောင်းနေရကြောင်း ၎င်းက ပြောသည်။

“သုံးရာနဲ့ဆိုရင် ကိုယ့်အတွက် မကျန်တော့ဘူး၊ ရောင်းလို့ရတာအကုန်လုံး ပြန်ဝယ်ဖို့အတွက်ပဲ ရတယ်” ဟု အထက်ပါ အမျိုးသမီးက ဆိုသည်။

ထားဝယ်မြို့ ဝဲကျွန်းရပ်ကွက်ရှိ မုန့်လက်သုပ်ဆိုင်ကမူ အမြတ်နည်း‌သော်လည်း မူလဈေးနှုန်းအတိုင်း ၃၀၀ ကျပ်ဖြင့် ရောင်းချနေဆဲဖြစ်ကြောင်း မုန့်လက်သုပ်ရောင်းချသူ အမျိုးသမီးက ပြောသည်။

“အခုနှစ်ကုန်ရင်တော့ တိုး(ဈေးတင်)တော့မယ်လို့ ဆုံးဖြတ်ထားတယ်” ဟု ၎င်းက ဆိုသည်။

ထားဝယ်မြို့ရှိ နာမည်ကြီးမုန့်လက်သုပ်ဆိုင်အချို့ကမူ တစ်ပွဲလျှင် ၅၀၀ ကျပ်ဖြင့် ရောင်းချနေကြသည်။

ထို့အပြင် ငါးဥပါသည့် မုန့်လက်သုပ်တစ်ပွဲလျှင် ၈၀၀ ကျပ်ဖြင့် ရောင်းချသည်။

ထားဝယ်မုန့်လက်သုပ်ချက်ပြုတ်တွင် အသုံးပြုသည့် ကြက်သွန်နီတစ်ပိဿာလျှင် ၆၅၀ ကျပ်မှ ၁၄၀၀ ကျပ်၊ အချိုမုန့် တစ်ထုပ်လျှင် ၁၈၀၀ ကျပ်မှ ၃၅၀၀ ကျပ်အထိ ဈေးတက်သွားပြီး ကျန်သည့် မုန့်ဖတ်၊ ပင်လယ်ငါး အစရှိသည့် ပစ္စည်းများလည်း ဈေးတက်သွားကြောင်း သိရသည်။

ထားဝယ်ဒေသတွင် လူအများစုက မုန့်လက်သုပ်ကို နှစ်ခြိုက်စွာ စားသုံးလေ့ရှိသည်။