ထားဝယ်လျှပ်စစ် တစ်ယူနစ် ၁၃ ကျပ်ဈေးတက်၊ ဈေးထပ်တိုးရန် တင်ပြထား ဟုဆို

0
505

ထားဝယ်ခရိုင်အတွင်း သြဂုတ်လအတွက်သုံးစွဲခဲ့သည့် လျှပ်စစ်တစ်ယူနစ်လျှင် ၁၃ ကျပ် ဈေးတက်သွားကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လအတွက် သုံးစွဲခဲ့သည့် တစ်ယူနစ်ဈေးနှုန်းကို ၂၃၅ ကျပ် ကောက်ခံနေရာမှ သြဂုတ်လအတွင်း သုံးစွဲယူနစ်ဈေးနှုန်းကို ၂၄၈ ကျပ် သတ်မှတ်ကောက်ခံခဲ့ခြင်းဖြစ်သည်။

သြဂုတ်လအတွင်း သုံးစွဲခဲ့သည့် မီတာဘေလ်အား အောက်တိုဘာလ ၆ ရက်နေ့တွင် မီးသုံးသူများထံ လိုက်လံဖြန့်ဝေခဲ့သည်။

ထားဝယ်ခရိုင်လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးရေးလုပ်ငန်းကို Petro & Trans ကုမ္ပဏီက ၂၀၁၉နှစ်ကုန်တွင် စတင်လုပ်ကိုင်ခဲ့ခြင်း ဖြစ်ပြီး လျှပ်စစ်တစ်ယူနစ်လျှင် ၂၃၈ ကျပ်ဖြင့် တင်ဒါအောင်ထားသည်။

လက်ရှိတွင် ကုမ္ပဏီအနေဖြင့် သဘာဝဓာတ်ငွေ့မီးစက်အရန်ပစ္စည်းဝယ်ယူခြင်းနှင့် အရန်မီးစက်များအတွက် ဒီဇယ်ဆီဝယ်ယူခြင်း အစရှိသည့်ပစ္စည်းများ ဝယ်ယူရာတွင် ဒေါ်လာငွေလဲနှုန်းတက်နေသည့်အတွက် ဈေးအနည်းငယ်တက်သွားခြင်းဖြစ်ကြောင်း Petro & Trans ကုမ္ပဏီ၏ အထွေထွေမန်နေဂျာ ဦးသက်ဇော်အောင်က ဆိုသည်။

“ကျွန်တော်တို့မှာလည်း မြတ်တယ်ဆိုတာ မရှိပါဘူး၊ အရှုံးကြားထဲကပဲ ကာမိအောင်လေးလုပ်နေရတာပါ၊ ပြည်သူလည်း မနစ်နာအောင် ကိုယ်လည်းမနစ်နာအောင် လုပ်ငန်းလည်း စဉ်ဆက်မပြတ်လည်ပတ်အောင် ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို လည်း ဖြည့်ဆည်းပေးနိုင်အောင်ပေါ့နော်” ဟု ဦးသက်ဇော်အောင်က ပြောသည်။

ယင်းကဲ့သို့ လျှပ်စစ်ယူနစ်ဈေးနှုန်းတက်ခြင်းကို နစကကောင်စီ၏ တိုင်းအစိုးရခွင့်ပြုချက်ဖြင့် ကောက်ခံခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

ယခင်က လျှပ်စစ်ယူနစ်ဈေးတိုးမြင့်ကောက်ခံမည်ဆိုပါက မီးသုံးသူများကို ထုတ်ပြန်လေ့ရှိသော်လည်း လက်ရှိတွင်မူ အသိပေးထုတ်ပြန်ခြင်းမရှိပေ။

မီတာခကောက်ခံသည့် ဘေလ်လာပေးပြီးဖြစ်သော်လည်း လျှပ်စစ်တစ်ယူနစ်ဈေးနှုန်းတက်နေသည်ကို သတိမထားမိကြောင်း ထားဝယ်မြို့ရှိ အလူမီနီယံဆိုင်ပိုင်ရှင်တစ်ဦးက ဆိုသည်။

“ဈေးတက်နေတယ်ဆိုတာ လုံးဝသတိမထားမိဘူး၊ တစ်ကယ်ဆို ကုမ္ပဏီက ပွင့်ပွင့်လင်းလင်း ထုတ်ပြန်သင့်တာ”ဟု ယင်းဆိုင်ပိုင်ရှင်က ပြောသည်။

လက်ရှိငွေလဲဈေးနှုန်းအရ ထားဝယ်ခရိုင်၏ လျှပ်စစ်တစ်ယူနစ်ဈေးနှုန်းမှာ ထပ်တက်မည့်အနေအထားတွင် ရှိနေကြောင်း အထက်ပါ ကုမ္ပဏီထံမှ သိရသည်။

စက်တင်ဘာလအတွင်း သုံးစွဲယူနစ်ဈေးနှုန်းကို ကျပ်ဆယ်ဂဏန်းတိုးမြင့်ကောက်ခံရန် နစကကောင်စီ၏ တိုင်းအစိုးရထံ တင်ပြထားကြောင်း ဦးသက်ဇော်အောင်က ဆိုသည်။

“နည်းနည်းပါ အများကြီးမဟုတ်ပါဘူး၊တိုးပြီး နည်းနည်းတိုးတောင်းထားတယ်။ အဲဒါကလည်း ခွင့်ပြုလာမယ်ဆိုရင်တော့ သင့်တင့်လျောက်ပတ်တဲ့ဈေးနှုန်းပဲဖြစ်မှာပါ။ အရမ်းကြီးတော့မများပါဘူး” ဟု ၎င်းက ပြောသည်။

ကံပေါက်ဒေသတွင် သဘာဝဓာတ်‌ငွေ့ဖြင့် လည်ပတ်နေသည့် လျှပ်စစ်ဓာတ်အားပေးစက်မှ ထားဝယ်မြို့သို့ ၆၆ ကေဗီလိုင်းဖြင့် သွယ်တန်းပြီး ဖြန့်ဖြူးနေခြင်းဖြစ်သည်။

Petro & Trans ကုမ္ပဏီအနေဖြင့် ထားဝယ်ခရိုင်အပြင် မြိတ်မြို့နယ်တွင်လည်း လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးနေသည်။

ကုမ္ပဏီအနေဖြင့် မြိတ်မြို့နယ်တွင် လျှပ်စစ်တစ်ယူနစ်လျှင် ၃၉၈ ကျပ်နှုန်း ကောက်ခံနေသည်။