ပေါင်တွင် YMBA နာယကအဖွဲ့ဝင်တစ်ဦး ပစ်သတ်ခံရ

0
165

မွန်ပြည်နယ် ပေါင်မြို့၊ မိုးနိုင်းရပ်ကွက်တွင် အောက်တိုဘာ ၇ ရက်နေ့ နံနက်ပိုင်းက ဦးခင်မောင်ဦးဆိုသူ သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း ဒေသခံတို့ထံမှ သိရသည်။

သေနတ်ဖြင့် ပစ်သတ်ခံရသည့် ဦးခင်မောင်ဦးသည် ပေါင်မြို့နယ် ဗုဒ္ဓကလျာဏယုဝအသင်း (YMBA) နာယကအဖွဲ့ဝင် တစ်ဦးသည်ဟုလည်း ဒေသခံတို့ထံမှ သိရသည်။

ဦးခင်မောင်ဦးသည် ယင်းနေ့ နံနက်ပိုင်းတွင် ပေါင်မြို့ မိုးနိုင်းရပ်ကွက် စွယ်တော်သုဿာန်အနိးတွင် အမည်မသိ သေနတ်သမားတို့၏ ပစ်ခတ်ခြင်းခံရပြီး သေဆုံးသွားခဲ့ခြင်းဖြစ်သည်။

သေနတ်ဒဏ်ရာ ၈ ချက်ခန့်ဖြင့် ပစ်ခတ်ခံထားရသည့် ဦးခင်မောင်ဦးသည် ဦးခေါင်းကြေမွဒဏ်ရာများဖြင့် စွယ်တော်သုဿာန် မီးသင်္ဂြိုဟ်စက်ရှေ့တွင် သေဆုံးနေသည်ဟု ဒေသခံတို့က ပြောသည်။

“မနက်က သုဿာန်ဘက်ကနေ သေနတ်သံတွေကြားရတယ်၊ နောက်တော့မှ ဦးခင်မောင်ဦး သေနတ်နဲ့ ပစ်သတ်ခံရတယ်ဆိုတာ သိတယ်၊ ရဲတွေကတော့ စစ်ဆေးမှုတွေတော့ လုပ်နေတာပေါ့” ဟု ပေါင်မြို့ မိုးနိုင်းရပ်ကွက်နေသူတစ်ဦးက ပြောသည်။

ဦးခင်မောင်ဦး ပစ်သတ်ခံရမှုနှင့် ပတ်သက်ပြီး ပေါင်တွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်တို့မှ စစ်ဆေးမှုများ လုပ်ဆောင်နေသည်ဟု ဒေသခံတို့ထံမှ သိရသည်။

စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း မွန်ပြည်နယ်အတွင်း အမည်မသိ သေနတ်သမားတို့၏ ပစ်ခတ်မှုကြောင့် လူသေဆုံးရသည့် ဖြစ်စဉ်များ ဆက်တိုက် ဖြစ်ပွားလာခဲ့သည်။

အထူးသဖြင့် ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ စစ်တပ်သတင်းပေးဟု သတ်မှတ်ခံရသူများနှင့် နိုင်ငံရေးရေးပါတီဝင်တို့ ပစ်သတ်ခံရမှု ဆက်တိုက်ဖြစ်ပွားလာခဲ့သည်။