သရက်နှစ်ခွ သပိတ်စစ်ကြောင်းဖြိုခွင်းခံရမှု အမျိုးသမီးတစ်ဦး အဖမ်းခံရ

0
139

ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ်၊ သရက်နှစ်ခွကျေးရွာသပိတ်စစ်ကြောင်း မနေ့ ညနေပိုင်းက ဖြိုခွင်းခံရမှုတွင် အသက် ၃၇ နှစ်ရှိ ဒေါ်သီသီမာ ဆိုသူ အမျိုးသမီးတစ်ဦး အဖမ်းခံခဲ့ရသည်။

သရက်နှစ်ခွကျေးရွာသည် ထားဝယ်-မြိတ်လမ်းပေါ်တွင် တည်ရှိပြီး ထားဝယ်မြို့နှင့် ၁၁ မိုင်ခန့် အကွာအဝေးတွင်တည်ရှိသည်။

ဇွန်လ ၁၄ ရက် ညနေ ၄ နာရီခွဲခန့်တွင် သရက်နှစ်ခွကျေးရွာသပိတ်စစ်ကြောင်းသည် ကျေးရွာတောင်ဘက်ပိုင်းသို့ စတင်ချီတက်ခဲ့ကာ ရွာအတွင်းဘက်သို့ပြန်ဝင်ခဲ့ကြောင်း သပိတ်တွင်လိုက်ပါနေသူ အမျိုးသားတစ်ဦးက ပြောသည်။

ထိုသို့ရွာအတွင်းပြန်ဝင်ချိန်တွင် ရဲအင်အား ၆ ဦးခန့်ပါသည့် Vigo ကား တစ်စီး မောင်းဝင်လာပြီး သေနတ်ကို မိုးပေါ်ထောင်ပစ်ကာ သပိတ်စစ်ကြောင်းကို ဖြိုခွင်းခဲ့သည်ဟု အထက်ပါ အမျိုးသားတစ်ဦးက ပြောသည်။

ယင်းသို့ ဖြိုခွင်းခံရစဉ် လူစုကွဲသွားပြီး ဒေါ်သီသီမာမှာ လဲကျကျန်ခဲ့သဖြင့် အဖမ်းခံလိုက်ရခြင်းဖြစ်သည်ဟု အဆိုပါ အမျိုးသားက ပြောသည်။

“ကားကအရှိန် အရမ်းပြင်းတယ်၊ ရဲခြောက်ယောက်နဲ့ သေနတ်ကတော့ တစ်ချက်ဖောက်တယ်၊ ၅ နာရီ ၁၅ မိနစ်လောက်ဖြစ်သွားပြီ ရောက်လာတာ” ဟု အထက်ပါ အမျိုးသားက ဆိုသည်။

ဒေါ်သီသီမာအဖမ်းခံရပြီးနောက် သရက်နှစ်ခွကျေးရွာ အာဏာရှင်စနစ်ဆန့်ကျင်ရေးလှုပ်ရှားမှုတွင် ပါဝင်နေသူ ကျေးရွာသားနှစ်ဦးကိုလည်း ဖမ်းဝရမ်းထုတ်လိုက်ပြီဖြစ်ကြောင်း အထက်ပါအမျိုးသားက ပြောသည်။

ဒေါ်သီသီမာမှာ အသက် ၃၇ နှစ်ခန့်ရှိပြီဖြစ်ပြီး သမီးလေးဦးရှိကြောင်း ၎င်း၏ ဖခင်ဖြစ်သူက ပြောသည်။

“ကျွန်တော် မနက်က (ရဲ) စခန်းမှာသွားတွေ့ပြီး ထမင်းဟင်းနဲ့ အဝတ်အစားတွေသွားပို့ပေးတယ်”ဟု ဖခင်ဖြစ်သူက ဆိုသည်။