ထားဝယ်မြို့နယ် ရွေးကော်ဥက္ကဋ္ဌ သေနတ်ဖြင့် အပစ်ခံရ

0
190

ထားဝယ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဉက္ကဋ္ဌ ဦးစိုးလွင် စီးလာသည့် ကားကို ဇွန်လ ၁၄ ရက်နေ့က သေနတ်ဖြင့်လုပ်ကြံ ပစ်ခတ်ခဲ့သည်။

ထားဝယ်မြို့မှ ၁၅ မိုင်ခန့်အကွာတွင်ရှိသည့် ရမ္မဇူရွာထိပ်တွင် သေနတ်ပစ်ခတ်ခံရခြင်းဖြစ်ပြီး ၎င်းမောင်းနှင်လာသည့်ကားတွင် ကျည်ဆံဖောက်ရာ အနည်းဆုံး အချက် ၂၀ ခန့်ရှိကြောင်း သိရသည်။

ကားပေါ်တွင် ဦးစိုးလွင်နှင့်အတူ သားဖြစ်သူလည်း လိုက်ပါလာပြီး လူထိခိုက်မှုမရှိခဲ့ကြောင်း သိရသည်။

သေနတ်ပစ်ခတ်လုပ်ကြံရာမှ ထိခိုက်မှုမရှိဘဲ လွတ်မြောက်ခဲ့သည့် ဖြစ်စဉ်၊ ကြုံတွေ့ရသည့် အခြေအနေနှင့် ပတ်သက်၍ ဦးစိုးလွင်ကို မေးမြန်းဖော်ပြလိုက်ပါသည်။

ယင်းဖြေဆိုချက်များအနက်မှ ကောက်နှုတ်တင်ဆက်လိုက်သည်။
—- —– ——- ———- ——– ———

မေး- မနေ့က ကြုံတွေ့ခဲ့တာလေးတွေကို တစ်ချက်လောက် ပြောပြပေးပါခင်ဗျား။ ဘယ်ကနေ ဘယ်ကိုသွားတာလဲ။ ဘယ်အချိန်လောက်ရှိမလဲ။

ဖြေ- မ‌နေ့က ထားဝယ်ကနေ ၁၀ နာရီထိုးထွက်တယ်။ ကျောက်မဲတောင်ကို။ ကျောက်မဲတောင် အုပ်ချုပ်ရေးမှူးနဲ့ သွားတွေ့တယ်ပေါ့ကွယ်။ ကိစ္စတစ်ခုနဲ့ သွားတွေ့ပြီး ပြန်လာချိန်မှာ လမ်းကနေ ဆီးပစ်ခံရတာ။

မေး- ဘယ်နေရာမှာ ဖြစ်တာလဲခင်ဗျား။

ဖြေ- ရမ္မဇူးရွာထိပ်မှာ။ ရော်ဘာတောထဲကနေ ပစ်တာကိုး။

(ရမ္မဇူးရွာမှာ ထားဝယ်မြို့မှ ၁၄ မိုင်အကွာတွင် တည်ရှိပြီး ထားဝယ်-မေတ္တာလမ်းပေါ်တွင် တည်ရှိသည်)

မေး- ပစ်တယ်ဆိုတာက ဘာနဲ့ ပစ်တာလဲခင်ဗျား။

ဖြေ- ကျွန်တော်ထင်တာက လက်သန်းအရွယ်ပေါက်တယ်ဆိုတော့ ထင်တာက ကာဘိုင်တစ်လက်ပါတယ်။ နောက်ပြီးတော့ ပွိုင့်-၂၂ နဲ့ ပစ်တယ်။

မေး- ဆိုတော့ ဘယ်နေရာတွေမှာ ထိပြီး ဘယ်လိုဆက်ဖြစ်လဲခင်ဗျား။

ဖြေ- ကျွန်တော်နဲ့ တည့်တည့်မှာက တစ်ချက်ထိတယ်။ ကျည်ကတော့ (ကားကို) မပေါက်ဘူးပေါ့နော်။ နောက်ပြီးတော့ ကားလီဗာနင်းတဲ့နေရမှာတော့ ၉ ချက်ထိတယ်။ ဒီနေရာကတော့ ကာဘိုင်နဲ့ပစ်တာ။ လက်သန်းကို ထိုးလို့ဝင်နေတာ ကျည်ပေါက်နေရာက။ ဘန်ဘာမှာက ၅ ချက်ထိတယ်။ တာယာမှာက ၂ ချက်ထိတယ်။ ဂွေမှာက ၃ ချက်ထိတယ်။

မေး- ကားပေါ်မှာက တစ်ယောက်တည်းလားခင်ဗျား။

ဖြေ- ကျွန်တော့်သားပါတယ်။ ကားတာယာပေါက်တယ်ထင်ပြီး ရပ်လိုက်တာ။ သားက အနောက်ကို ကြည့်လိုက်တဲ့အချိန်မှာ ‘အဖေ တာယာပေါက်တာ မဟုတ်ဘူး၊ အနောက်က သေနတ်နဲ့ပစ်နေတယ်၊ ပြေး ပြေး’ လို့ ပြောတော့ ကြည့်လိုက်တာ။

အဲဒီမှာ နောက်ထပ်သေနတ်မောင်းထိုး(တင်)ပြီး ထပ်ပစ်ဖို့ လုပ်တာနဲ့ မောင်းပြေးတာ။ တာယာပေါက်ပေါက်နဲ့ ပဲ မောင်းပြေးလာတာ။ သားကိုလည်းမထိဘူး၊ ကျွန်တော့ကိုလည်း မထိဘူး။ ခြေထောက်မှာတော့ တစ်ချက်လာစင်သေးတယ်။ မထိဘူး။

မေး- ဆိုတော့ ပစ်တဲ့သူတွေကိုရော မြင်လိုက်ရလား။ အင်အားက ဘယ်လောက် လောက်ရှိမယ်လို့ ထင်လဲခင်ဗျား။

ဖြေ- အင်အားကတော့ ကျွန်တော်ခန့်မှန်းတာက ၅ ယောက်လောက်ပဲ။ လူတစ်ယောက်ပဲမြင်တယ်။ ကျွန်တော်က ကားရပ်လိုက်တာကိ လူထိသွားတယ်ထင်ပြီး ထွက်လာတာ။ သေနတ်မောင်းတင်ပြီးထွက်လာတာကို ကျွန်တော့်သားက မြင်လိုက်တာ။

မေး- ဆိုတော့ ဘာကြောင့် ဒီလိုမျိူးလုပ်တယ်လို့ ထင်လဲခင်ဗျား။

ဖြေ- ဒါကတော့ ကျွန်တော်လည်း မပြောတတ်ဘူး။ ထင်တာကတော့ ရန်လိုမုန်းတီးမှုတစ်ခုပေါ့ကွယ်။ နောက်ဆုံး ကိုယ့်ကိုရည်ရွယ်ပြီး စောင့်တယ်ဆိုကတည်းက။ ဒီလိုတော့ရှိတယ်။

မေး- ဒီလိုဖြစ်တဲ့အပေါ်မှာရော ဘာပြောချင်လဲခင်ဗျား။ ဘာမှတ်ချက်ပေးချင်လဲခင်ဗျား။

ဖြေ- ကျွန်တော်တို့ ကော်မရှင်(ရွေးကော်)နဲ့ ဘာမှမဆိုင်ဘူးပေါ့နော်။ ကော်မရှင်လုပ်ငန်းကို လုပ်ထုံးလုပ်နည်းအတိုင်းလုပ်တယ်။ အခုဖြစ်စဉ် နိုင်ငံတော် ပဋိက္ခဖြစ်တဲ့ကိစ္စကလည်း ကျွန်တော်တို့နဲ့ မသက်ဆိုင်ဘူးပေါ့ ရှင်းရှင်းပြောရရင်။ UEC နဲ့ ဖြစ်တဲ့ကိစ္စကို ။

ဖြစ်လာတာကိုလည်း တို့က ပြည်သူနဲ့တသားတည်းဖြစ်အောင် ဖြေရှင်းတယ်လေ အားလုံးကို။ ကျွန်တော်တို့ကို ရန်ငြိုးရန်စထားစရာ မရှိဘူးပေါ့ ကော်မရှင်အပေါ်မှာ။ ဒီလိုပဲပြောချင်တယ်။

ကော်မရှင်လုပ်ငန်းနဲ့ ပတ်သက်လာရင် ဥပဒေ နည်းဥပဒေအတိုင်းပဲ လုပ်နေတာကိုး။ ရန်လိုမုန်းတီးမှုထားတဲ့တစ်ခုက မှားတယ်ပေါ့ကွယ်။ ပစ်တယ် ခတ်တယ်ကျွန်တော်တို့ကို အန္တရာယ်ပြုတယ်ဆိုကတော့ မှားတယ်လို့ ဆိုချင်တယ်။