ထားဝယ် တက္ကသိုလ်အနီး ပညာပျိုးခင်း ဘော်ဒါဆောင် ဝင်စီးခံရ

0
191
Dawei Watch, Dawei News, Dawei News Media

ထားဝယ်-မောင်းမကန် ကားလမ်းပေါ် ထားဝယ်တက္ကသိုလ် အနောက်ဘက် ဝင်ပေါက်အနီးရှိ ပညာပျိုးခင်း ဘော်ဒါဆောင်ကို စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များ က ယနေ့ ညနေပိုင်းတွင် ဝင်ရောက်စီးနင်းခဲ့ကြောင်း ဒေသခံအချို့ထံမှ သိရသည်။

ခြံဝင်းအတွင်း နေအိမ်နှင့် ဘော်ဒါဆောင် စုစုပေါင်း ငါးဆောင်ရှိသော ယင်းဘော်ဒါဆောင်ဝင်းကို စစ်သားနှင့် ရဲများက ကား ရှစ်စီးထက်မနည်းဖြင့် လာရောက်ပြီး ဝင်ရောက်စီးနင်းခဲ့ကြောင်း ဒေသခံအချို့ထံမှ သိရသည်။

ဘော်ဒါဆောင်အတွင်းရှိ ပစ္စည်းများကို အိတ်အမည်းများဖြင့် သယ်ယူနေသည်ကို ဒေသခံများက တွေ့ရှိခဲ့ရပြီး သော့ခတ်ထားသော နေအိမ်နှင့် ခြံတံခါးများကို ဖျက်ကာ ဝင်ရောက် ယူငင်သွားခြင်းဖြစ်ကြောင်း မိသားစုဝင်တစ်ဦးက အတည်ပြု ပြောဆိုသည်။

ကမြောကင်းကျေးရွာ အခြေခံပညာအထက်ကျောင်း ကျောင်းဆောင်မီးလောင်မှုနှင့် ပတ်သက်ပြီး ယင်းမိသားစုဝင်များ စွပ်စွဲခံနေရပြီး အမျိုးမျိုးသော မေးမြန်း ခြိမ်းခြောက်မှုများကြောင့် မိသားစုဝင်များမှာ တိမ်းရှောင်လျက်ရှိသည်။

“ကျွန်တော်မိသားစုဝင်တွေ ဒီလို မီးရှို့တာမျိုး လုပ်ဆောင်တာ မရှိပါဘူး”ဟု မိသားစုဝင်တစ်ဦးကဆိုသည်။

ယင်းဘော်ဒါဆောင်မှာ ကမြောကင်းကျေးရွာ အုပ်စု သောကြာပြင်ကျေးရွာတွင် တည်ရှိပြီး အထက်တန်း ကျောင်းသူကျောင်းသားများ အဓိက နေထိုင်ကြသည်။ ယခုအခါ အဆောင်ကို ပိတ်ထားသည်။

ပညာပျိုးခင်း နေအိမ်နှင့် အဆောင်များအတွင်းမှ မည်သည့် ပစ္စည်းများ ယူဆောင်သွားသည်ကို အတိအကျ မသိရသေးပေ။ ယင်းမတိုင်မီက အခြားကျေးရွာတစ်ခုတွင် ထားရှိထားသော မိသားစုပိုင် Isuzu Extra Cub ယာဉ်တစ်စီးကို သိမ်းယူသွားသေးကြောင်း ပညာပျိုးခင်း မိသားစုဝင်တစ်ဦးက ဆိုသည်။

ကမြောကင်း အထက်တန်းကျောင်းရှိ ကျောင်းဆောင်တစ်ခုမှာ မေလ နောက်ဆုံးအပတ်က မီးရှို့ခံရပြီးနောက် အနည်းဆုံး ရွာသား တစ်ဦး ဖမ်းဆီးခံထားရသည်။

ကမြောကင်းကျေးရွာအုပ်စုတွင် အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးလည်း ယခုလဆန်းကပိုင်းက ပစ်သတ်ခံရပြီးနောက် အုပ်ချုပ်ရေးမှူးဖြစ်သူမှာ ရွာတွင် မရှိဘဲ တိမ်းရှောင်နေကြောင်း ရွာခံများထံမှ သိရသည်။

ကမြောကင်းကျေးရွာအုပ်စုမှာ ထားဝယ်မြို့ တစ်ဖက်ကမ်းတွင် ရှိပြီး ထားဝယ်-မောင်းမကန် သွားလမ်းပေါ်ရှိ ကျေးရွာကြီး တစ်ရွာ ဖြစ်သည်။