ထားဝယ်တွင် လူ နှစ်ဆယ်ခန့် အဖမ်းခံရ

0
370
Dawei Watch, Dawei News, Dawei News Media

လုံခြုံရေးတပ်ဖွဲ့များက နေအိမ်များကို ဝင်ရောက် စီးနင်း ဖမ်းဆီးမှုများကြောင့် ဧပြီလ ၁၈ ရက်‌က ထားဝယ်မြို့မှာ လူ နှစ်ဆယ်ခန့် အဖမ်းခံရကြောင်း စုံစမ်း သိရှိရသည်။

ကြက်စားပြင်ရပ်ကွက်၊ မီးရထားလမ်းဘက်ရှိ နေအိမ်များကို ဝင်ရောက်ရှာဖွေစီးနင်းခဲ့သဖြင့် လူဆယ်ဦးခန့် အဖမ်းခံခဲ့ရသည်ဟု သိရသည်။

အလားတူ ဝဲကျွန်းရပ်ကွက်၊ သုခလမ်းတွင်နေထိုင်သူ အမျိုးသမီး တစ်ဦးကို အမည်၊ ဓာတ်ပုံနှင့်တကွ လာရောက်ဖမ်းဆီးရာ နေအိမ်တွင် မတွေ့သဖြင့် ၎င်း၏ အမျိုးသားဖြစ်သူနှင့် အစ်မဖြစ်သူကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း လာရောက် ရှာဖွေခံရသူ ကာယကံရှင် အမျိုးသမီးက ပြောသည်။

“ပုံနဲ့လာတယ်၊ ပုံနဲ့လာတာမှာ ကျွန်မ အစ်မလည်း ပါတယ်ရှင်၊ ကျွန်မ အမျိုးသားကတော့ မပါဘူး။ ကျွန်မ အမျိုးသား အစား ဖမ်းဆောင်သွားတယ်လို့ပဲ ထင်တယ်” ဟု၎င်း က ပြောသည်။

ယင်းနေ့ ညနေပိုင်းက ထားဝယ်သပိတ်စစ်ကြောင်းကိုလည်း စစ်တပ်နှင့် ရဲက လိုက်လံ ဖမ်းဆီးခဲ့ရာ ထားဝယ်မြို့ မြောင်းပုလဲရပ်ကွက်တွင် ဝင်ပုန်းနေသူ သုံးဦး အဖမ်းခံခဲ့ရပြီး ရပ်ကွက်တွင်း အခန်းငှားနေသူအချို့ကိုလည်း ရဲနှင့်စစ်တပ်က ဝင်စီးသဖြင့် စုစုပေါင်း လေးဦးခန့် အဖမ်းခံခဲ့ရသည်ဟု နီးစပ်သူအသိုင်းအဝိုင်းက ပြောသည်။

အဖမ်းခံရသူ နှစ်ဆယ်ခန့်တွင် ၆ ဦးခန့်ကို ပြန်လွှတ်ပေးလိုက်ပြီဖြစ်ပြီး အချို့ကို ဖမ်းဆီးထိန်းသိမ်းထားဆဲဟု ဒေသခံအချို့က ပြောသည်။