ထားဝယ် ရွှေဂူတံတားအနီး ပေါက်ကွဲမှုဖြစ်

0
246
Dawei Watch, Dawei News, Dawei News Media

ထားဝယ်မြို့အထွက် ရွှေဂူတံတားအနီးတွင် ဧပြီလ ၂၀ ရက် နံနက်ပိုင်းက ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ကြောင်း ဒေသခံအချို့ထံမှ သိရသည်။

ရှင်မုတ္ထီးရွာနှင့် ညောင်ဇင်ရွာအကြားရှိ ‘ကြိုဆိုပါ၏’ ဆိုင်းဘုတ်အနီးတွင် ဖြစ်ပွားခဲ့ကြောင်း ရှင်မုတ္ထီးရွာနေ အမျိုးသမီးတစ်ဦးက ဆိုသည်။

အဆိုပါနေရာမှာ မြိတ်-ထားဝယ် ကားလမ်းပေါ်တွင် တည်ရှိပြီး ထားဝယ်မြို့မှ ၇ မိုင်ခန့် ကွာဝေးသည်။

‌နံနက် ၅ နာရီကျော်အချိန်တွင် ကျယ်လောင်သည့်ပေါက်ကွဲသံနှင့် သေနတ်ပစ်ဖောက်သံတို့ကို ရှင်မုတ္ထီးရေတွင်းကြီးအနီးကပင် ကြားရကြောင်း အထက်ပါအမျိုးသမီးတစ်ဦးက ပြောသည်။

“ဗုံးသံအကျယ်ကြီးတစ်ချက်ကြားတယ်။ သေနတ်သံက နှစ်ချက်ကြားရတယ်” ဟု ၎င်းက ဆိုသည်။

ပေါက်ကွဲမှုဖြစ်ပွားသည့်နေရာအနီးအနားကို စစ်ကားနှစ်စီးဖြင့် စစ်သားများ လာရောက်စစ်ဆေးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူရှိသည်ဟု မကြားရကြောင်း ယင်းကျေးရွာနေ အခြား‌ဒေသခံတစ်ဦးက ဆိုသည်။

ဧပြီလ ၁၇ ရက်ညကလည်း ထားဝယ်မြို့အထွက် ဗျောတောဝဂိတ်အနီးတွင် ပေါက်ကွဲမှုနှစ်ကြိမ်ဖြစ်ပွားခဲ့သည်။