ကင်းမွန်လှေများ ၂ နှစ်ဆက်တိုက် အရှုံးပေါ်

0
386
Dawei Watch, Dawei News, Dawei News Media

မြိတ်ခရိုင်အတွင်း လုပ်ကိုင်နေကြသည့် ကင်းမွန်ငါးဖမ်းလှေများ ၂ နှစ် ဆက်တိုက် အရှုံးပေါ်နေကြောင်း ကင်းမွန် လုပ်ငန်းရှင်များနှင့် မြိတ်ခရိုင်ကင်းမွန် ငါးဖမ်းလုပ်ငန်းရှင်များအသင်းထံမှ သိရသည်။

ယမန်နှစ် တစ်နှစ်ပတ်လုံးမှာ ကိုဗစ် ကပ်ဘေးကြောင့် ထိုင်း၊ တရုတ်အဝယ် ရပ်သည့်အတွက် ကင်းမွန်တစ်ဗန်း ကျပ် တစ်သိန်း ရှိရာမှ ကျပ်နှစ်သောင်းခွဲသို့ ထိုးဆင်းသွားသဖြင့် လုပ်ငန်းရှင်များ အရှုံးပေါ်ခဲ့သည်။

ကင်းမွန်အရများပြီး ဒိုင်တချို့ မဝယ်တော့သည့်အတွက် လှေပေါ်မှ ပင်လယ်ပြင်အတွင်း ပြန်လည်စွန့်ပစ်ကြသည့် ဖြစ်စဉ်များလည်း ယမန်နှစ်က ဖြစ်ခဲ့သည်။

သို့သော် ယခုနှစ်တွင်မူ ကင်းမွန် အရအမိ နည်းလာသဖြင့် အရှုံးပေါ်နေကြောင်း လုပ်ငန်းရှင်များထံမှ သိရသည်။ ပင်လယ်ပြင်ထွက်၍ ကင်းမွန်များဖမ်းဆီး နေသည်မှာ သုံးလကျော်လာပြီဖြစ်သည်။

ပြီးခဲ့သည့် နှစ်များက လှေငယ်တစ်စီး တစ်ညတာကင်းမွန်ဖမ်းဆီးရရှိမှု ဗန်းနှစ်ဆယ်မှ ငါးဆယ်ခန့်အထိ ရရှိခဲ့သည်။ သို့သော် ယခုနှစ်တွင် တစ်ည လုံးဖမ်းဆီးရမိမှုမှာ အများဆုံး နှစ်ဗန်းသာ ရရှိတော့ကြောင်း မြိတ်ခရိုင် ကင်းမွန် ငါးဖမ်း လုပ်ငန်းရှင်များအသင်း အသင်း အတွင်းရေးမှူး ဦးဌေးလှိုင်က ပြောသည်။

“တစ်ညလုံးဖမ်းလို့ တစ်ဗန်း တောင်မရတဲ့ လှေတွေရှိတယ်။ လှေကြီးတွေတော့ ရှုံးတာပေါ့” ဟု လုပ်ငန်းရှင် လည်းဖြစ်သူ ဦးဌေးလှိုင်က ပြောသည်။

ကင်းမွန်များကို နိုဝင်ဘာလမှ စတင်ဖမ်းနေကြပြီး ယခုလေးလနီးပါးကြာလာသည့်တိုင်အောင် သိသာသည့် ဖမ်းဆီး ရမိမှုမရှိသည့်အတွက် အရှုံးပေါ် နေကာ ရပ်နားထားသည့် လှေများလည်း ရှိနေကြောင်း လုပ်ငန်းရှင်တစ်ဦးဖြစ်သူ ကိုဆန်းဝင်းက လည်းဆိုသည်။

“ရလာနိုးနိုးနဲ့ အရှုံးခံစောင့်ပြီး လုပ်နေကြသူတွေလည်းရှိတယ်” ဟု ၎င်းက ပြောသည်။
ယခုနှစ်လိုမျိုးပင်လယ်ပြင်အတွင်း ကင်းမွန်ရှားပါးလာခြင်းမျိုး မကြုံဖူးသေးကြောင်း လုပ်ငန်းလုပ်သက် ဆယ်နှစ်နီး ပါးရှိသူ တစ်ဦးကဆိုသည်။

လက်ရှိကင်းမွန်ပေါက်ဈေး တစ်ဗန်း လျှင် ကိုးသောင်းနှင့် တစ်သိန်းကြားရှိပြီး လှေကြီးလျှင် စရိတ်ကာမိခြင်းမရှိဘဲ အရှုံးပေါ်နေသည်ဟု လုပ်ငန်းရှင်များက ဆိုသည်။

“ကင်းမွန်က ၂ နှစ်ရှိပြီ ကျိန်စာသင့် နေတာ” ဟု ဦးဌေးလှိုင်က ပြောသည်။

ကင်းမွန်များကို အောက်တိုဘာလမှ စတင်ကာ ဖမ်းဆီးလေ့ရှိကြပြီး ဧပြီလ (သင်္ကြန်ပြီးလျှင်) ရပ်နားကြရကာ ယခုဆိုလျှင် ဖမ်းဆီးချိန် နှစ်လကျော်သာ ကျန်တော့ကြောင်း အဆိုပါလုပ်ငန်းရှင်များ ထံမှသိရသည်။

မြိတ်ခရိုင်အတွင်း ကင်းမွန်ဖမ်းဆီးသည့်လှေ နှစ်ထောင်ကျော်ခန့်ရှိကြောင်း မြိတ်ခရိုင်ကင်းမွန်ငါးဖမ်း လုပ်ငန်းရှင်များအသင်း ထံမှသိရသည်။