မြိတ်ခရိုင် ကျွန်းစုမြို့နယ်အတွင်းရှိ ရပ်/ကျေးထွေအုပ်စာရေး ကိုးဦးအား အာဏာဖီဆန်ရေး အလုပ်မဆင်း ဆန္ဒပြ (CDM) ခဲ့သဖြင့် ဖေဖော်ဝါရီလ ၁၄ ရက်တွင် တာဝန်မှ ယာယီရပ်ဆိုင်းခဲ့ကြောင်း သိရသည်။

နိုင်ငံဝန်ထမ်းများသည် CDM ကဲ့သို့သော လှုပ်ရှားမှုများတွင် ပါဝင်ကာ ဓာတ်ပုံရိုက်ပြီး လူမှုကွန်ရက်စာမျက်ပေါ် တွင် ဖော်ပြခြင်း၊ အကြောင်းအမျိုးမျိုး ပြပြီး လုပ်ငန်းခွင်သို့ လာရောက်ရန် ပျက်ကွက်ခြင်းနှင့် နိုင်ငံရေးလှုပ်ရှားမှုများတွင် ဆက်နွှယ်ပါဝင် ပတ်သက်နေမှု နှင့် စပ်လျဉ်းကြောင်း ကျွန်းစုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ် ရေးမှူးက ထုတ်ပြန်ထားသည့် ရုံးအမိန့် စာတွင် ရေးသားထားသည်။

အဆိုပါ ဝန်ထမ်းတို့အား ဖွဲ့စည်းပုံ အခြေခံဥပဒေ ၂၀ဝ၈ ခုနှစ်၊ ပုဒ်မ ၂၆၊ ပုဒ်မခွဲ(က) နိုင်ငံဝန်ထမ်းဥပဒေ ပုဒ်မ ၃၈၊ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ ၁၆၁ (ဃ)နှင့် ၁၆၃(ဖ)တို့အား ဖောက်ဖျက် ကျူးလွန်သဖြင့် နိုင်ငံ့ဝန်ထမ်းနည်း ဥပဒေများ (၁၇၁)အရ တာဝန်မှ ယာယီ ရပ်ဆိုင်းလိုက်ကြောင်း ထုတ်ပြန်စာတွင် ရေးသားဖော်ပြထားသည်။

CDM ပြုလုပ်သည့် ဌာနဆိုင်ရာ ဝန်ထမ်းများအနက် ထွေအုပ်တစ်ခုသာ အမိန့်ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး CDM သည် တနိုင်ငံလုံးအတိုင်းအတာဖြင့် ပြုလုပ်နေကြခြင်းဖြစ်ကြောင်း တာဝန်မှ ယာယီ ရပ်ဆိုင်းခံရသည့် ကျေးရွာအုပ်စုစာရေး တစ်ဦးက ပြောပြသည်။

CDM ပြုလုပ်ကြသည့် ထွေအုပ်ဝန်ထမ်း ၁၁ ဦးရှိပြီး ကျန်နှစ်ဦးမှာ ဒုဦးစီး အဆင့်ရှိသူများဖြစ်ကြပြီး ယင်းနှစ်ဦးအား မည်ကဲ့သို့ အရေးယူဆောင်ရွက်မည်ကို မသိရှိသေးကြောင်း အထက်ပါ ကျေးရွာအုပ်စုစာရေးက ပြောပြသည်။

တာဝန်မှ ယာယီရပ်ဆိုင်းခံရသည့် ရပ်/ကျေးရွာ ထွေအုပ် အုပ်စုစာရေးတို့မှာ ကျွန်းစုမြို့ပေါ်ရှိ အမှတ် ၁ နှင့် အမှတ် ၄ ရပ်ကွက်၊ ကတ္တလူ၊ ညောင်ဘီး၊ ကော်ဇယာ၊ တောပြား၊ မဲတော၊ တာလ ပိုင်းနှင့် ဇေးကမိကျေးရွာအုပ်စုတို့မှ ဖြစ်ကြသည်။

အဆိုပါ ထွေအုပ်စာရေးကိုးဦးအနက် ဖေဖော်ဝါရီလ ၁၄ ရက်တွင် ခုနစ်ဦးနှင့် ၁၅ ရက်တွင် နှစ်ဦးတို့အား ရုံးတွင်းအမိန့်ထုတ်ပြန်ပြီး ရပ်နားခြင်းဖြစ်ကြောင်း သိရသည်။