ကိုဗစ်ပိုးထိ ဘဝများ

0
665
Dawei Watch, Dawei News, Dawei News Media

ကိုဗစ်ရောဂါဘေးကြောင့် အစိုးရ၏ စီမံမှုယန္တရားများ ပြောင်းလဲခဲ့ရသည်။ အချို့သော အစိုးရ စီမံခန့်ခွဲရေးအလုပ်များ နှောင့်နှေးခဲ့ရပြီး ယင်းကြောင့် ပြည်သူအချို့၏ ဘဝ နစ်နာခဲ့ရသည်။ ထိုသို့သော နစ်နာရသည့် ဘဝများအနက် ထားဝယ်မြို့တွင် အဖမ်းခံရသည့် လယ်သမား ခုနစ်ဦးအနက် ငါးဦးမှာ အကျဉ်းထောင်အတွင်း နေထိုင်နေရသည်။ နှစ်ဦးမှာ အာမခံရခဲ့သည်။ အာမခံမရသူများမှာ ကိုဗစ်ကပ်ဘေးကြောင့်ဟုဆိုကာ မိသားစုနှင့် တွေ့ခွင့်မရခြင်း၊ တရားရုံးသို့ အမှုရင်ဆိုင်ရခြင်း မရှိဘဲ အကျဉ်းထောင်အတွင်း နေထိုင်နေရသည်။ ယင်းတို့ ငါးဦးအနက် ဦးသောင်းညွန့်၊ ဒေါ်ရီထွေးနှင့် မသန္တာစု တို့ သုံးဦး၏ မိသားစုဝင်များကို မေးမြန်းထားပါသည်။ ယင်းအပြင် အလုပ်ထုတ်ခဲ့မှုအတွက် နစ်နာကြေးပေးရန် အစိုးရ ဆုံးဖြတ်ထားပြီး ဖြစ်သော်လည်း နစ်နာကြေးမရရှိသေးဘဲ ကြန့်ကြာနေသဖြင့် စားဝတ်နေရေး အခက်ဖြစ်နေရသော မြိတ်မြို့မှ စက်ရုံ အလုပ်သမားတစ်ဦးဖြစ်သူ ဦးရဲလွင်၏ ရင်ဖွင့်သံကိုလည်း ဖော်ပြလိုက်ပါသည်။

အလုပ်ထုတ်နစ်နာကြေး မရသေးသူ ဦးရဲလွင်

ဦးရဲလွင်မှာ ကျောင်းနေအရွယ် သားသမီး သုံးဦးရှိပြီး ကိုဗစ်ကာလအတွင်း ကုမ္ပဏီတစ်ခုက အလုပ်ထုတ်ခြင်း ခံခဲ့ရသူပါ။

မြိတ်မြို့က ရေထွက်ပစ္စည်း ထုတ်လုပ်တဲ့ ကုမ္ပဏီမှာ သူလုပ်ခဲ့တာ ၁၇ နှစ်ကြာခဲ့ပါပြီ။
ဒါပေမယ့် လွန်ခဲ့တဲ့ လေးလခန့်ကစပြီး သူနေတဲ့ကုမ္ပဏီပိုင်အဆောက်အအုံအောက်မှာ ကွန်ကရစ်ခင်းခဲ့မိလို့ နစ်နာကြေးတစ်ပြားတစ်ချပ်မျှ မရဘဲ အထုတ်ခံခဲ့ရပါတယ်။ သူဟာအလုပ်ထုတ်ခံရမှုနဲ့ပတ်သက်ပြီး နစ်နာကြေးရလိုမှုနဲ့ သက်ဆိုင်ရာဌာနတွေကို လိုက်လံတိုင်ကြားခဲ့ပြီး နောက်ဆုံး ရန်ကုန်အလုပ်သမား ဖျန်ဖြေရေးခုံသမာဓိ ကောင်စီအထိ ရောက် ရှိသွားပါတယ်။ ကောင်စီမှ ကုမ္ပဏီအနေဖြင့် နစ်နာကြေး ၈ လ စာပေးရန် စာထုတ်ခဲ့ပါတယ်။

ဒီဇင်ဘာလကုန်ဆုံးချိန်အထိ ပေးရမယ်လို့ စာထုတ်ပေးခဲ့ပေမယ့် လက်ရှိအချိန်အထိတော့ ကုမ္ပဏီဘက်က တစ်စုံတစ်ရာ ခေါ်ပြောခြင်းမရှိ သေးဘူးလို့ သူကဆိုပါတယ်။ လက်ရှိအချိန်မှာတော့ ကိုဗစ်ကာလဖြစ် နေတာကြောင့် အလုပ်တွေရှာမရသေးဘဲ မိသားစု စားဝတ်နေရေးအတွက် ပန်းစိုက်ပျိုးရောင်းချပြီး ဖြေရှင်းနေရတယ်လို့ သူကပြောပါတယ်။

သူနေတဲ့အိမ်က ဖယ်ရှားပေးဖို့ရန်နဲ့ မဖယ်က တရားစွဲမယ်လို့လည်း ကုမ္ပဏီက ပြောဆိုထားပါတယ်။

ဒါပေမယ့်သူ့မှာ တခြားနေစရာမရှိတာကတစ်ကြောင်း၊ လက်ရှိနေထိုင်နေတဲ့ မြေယာပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး ကုမ္ပဏီနဲ့ အပြည့်အဝသက်ဆိုင်တယ်လို့ မယုံကြည်တာက တစ်ကြောင်းကြောင့်လည်း ဆက်လက်နေထိုင်နေသေးတယ်လို့ သူကဆိုပါတယ်။ ကိုဗစ်ကာလမှာ အလုပ်လက်မဲ့ဖြစ်ခဲ့ရတဲ့ အတွက် စားဝတ်နေရေး ပူပန်နေရသလို နစ်နာ ကြေးပြန်ရမလား။ ဒါမှမဟုတ် နစ်နာကြေးလည်း မရ ဘယ်အချိန်တရားလာစွဲမလဲဆိုတာကို တွေးရင်း အမြဲတမ်းပူပန်နေရတယ်လို့ သူက ဆိုပါတယ်။


“ကျွန်မတို့ တွေ့ ခွင့်တောင်းတယ်၊ တွေ့ ခွင့်မရဘူး”

ဒေါ်ရွှေစင်ယု (ဒေါ်ရီထွေး၏ ညီမ)

ဖမ်းသွားကတည်းက မတွေ့ရဘူးပေါ့နော် ကိုဗစ်ကြောင့် ဆိုပြီးပေါ့။ အစ်မနဲ့ သူ(မသန္တာစု)နဲ့က ဘေးကနေ ဝန်းရံတာပေါ့နော်။ သေစေလိုမှု၊ နာကျင်စေလိုမှုစတဲ့ ပုဒ်မတွေတပ်ပြီးစွဲထားတဲ့အပေါ်မှာတော့ လုံးဝမတရားဘူး။ လုံးဝစိတ် မကောင်းပါဘူး။ စွဲထားတဲ့ပုဒ်မတွေအပေါ် အာမခံ ပေးရ/မရ သေချာစိစစ်ပြီး အာမခံ ပေး‌စေချင် ပါတယ်။

ကိုဗစ်စည်းကမ်းချက်ကြောင့်ဆိုလည်း သတ်မှတ်ထားတဲ့အတိုင်း လုံခြုံအောင် ဝတ်ဆင်စေပြီး တွေ့ခွင့်ပေးစေချင်တယ်။ ကျွန်မတို့ တွေ့ခွင့် တောင်းတယ်။ တွေ့ခွင့်မရဘူး။

ကျွန်မအစ်မ ရေးပေးလိုက်တဲ့စာကနေ တစ်ဆင့်ပဲ နေကောင်းတယ်ဆိုတာ သိရပါတယ်။ စွဲထားတဲ့ပုဒ်မအရလည်း မှန်မှန်ကန်ကန်စိစစ်ပြီး ဖြစ်သင့်/မသင့် သုံးသပ်စေချင်ပါတယ်။

သိမ်းဆည်းလယ်ယာ မြေကိစ္စဖြစ်တဲ့အတွက် အစိုးရအနေနဲ့ မျှမျှတတမှန်မှန်ကန်ကန် မဖြေရှင်းသရွေ့ နောက်ထပ်လည်း ဒီလိုဖြစ်နေမှာပါပဲ။


“တစ်ခါလာလည်း ထောင်ကျ၊ နှစ်ခါလာလည်း ထောင်ကျခံရတာ လယ်သမားတွေ ချည်းပါပဲ”

ကိုမျိုးမျိုးထွန်း (မသန္တာစု၏ ခင်ပွန်း)

ကျွန်တော့်ဇနီးအတွက် စိတ်မကောင်းပါဘူး။ ကိုယ်ဝန်ရှိတာ သိရတဲ့အတွက် ပိုပြီးစိတ်မကောင်း ဖြစ်မိတယ်။ ကျွန်တော်တို့ အိမ်ထောင်သက် ၁၀ နှစ် ရှိပါပြီ ။ ပထမကိုယ်ဝန်က ကလေးမွေးပြီး ကိုးလလောက်မှာဆုံးသွားတယ်။ ဒုတိယကိုယ်ဝန် က ကလေးမွေးပြီးတာနဲ့ဆုံးတယ်။ တတိယ ကိုယ်ဝန် က သုံးလလောက်မှာ ပျက်ကျသွားတယ်။ သူအခုလိုမျိုး ဖြစ်တဲ့အချိန် စတုတ္ထကိုယ်ဝန် ရှိနေတယ်ဆိုတာသိရလို့ ပိုပြီးစိတ်မကောင်း ဖြစ်မိတယ်။

ကိုဗစ်စည်းကမ်းချက်ကြောင့်ဆိုပြီး ကျွန်တော်တို့ မတွေ့ရပါဘူး။ သူကလည်း အပြင်ကရပ်ကြည့် နေတာပါ။ မိသားစုရဲ့လယ်ဘေးက ဆိုတော့လေ။ အဲဒီမှာ ဖမ်းသွားတာပေါ့။ စက်တင်ဘာလ ၂၃ ရက်မှာပါ။

တစ်ခါလာလည်း ထောင်ကျ၊ နှစ်ခါလာလည်း ထောင်ကျခံရတာ လယ်သမားတွေ ချည်းပါပဲ။ ဝန်ကြီးချုပ်အနေနဲ့ နိုင်ငံသား တစ်ယောက်ရဲ့ ပြဿနာကို ဥပဒေနဲ့အညီ မှန်မှန်ကန်ကန် မျှမျှတတ ဆောင်ရွှက်ပေးစေချင်ပါတယ်။


“အသက်ကလဲကြီးပြီ။ နေလို့ကောင်းရဲ့လား ကျန်းမာပါရဲ့လားပေါ့”

ဒေါ်အင်ရွှေ (ဦးသောင်းညွန့်၏ ညီမ)

စပြီးဖမ်းသွားတယ်ဆိုကတည်းက စာနဲ့ ဆက်သွယ်နေရတယ်။ တွေ့ခွင့်လည်းမရဘူး။ စိုးရိမ်တာပေါ့ရှင်။ အသက်ကလဲကြီးပြီ။ နေလို့ကောင်းရဲ့လား ကျန်းမာပါရဲ့လားပေါ့။

တွေ့ခွင့်ရချင်တယ်။ အခုအခြေအနေက လူသတ်တရားခံထက်တောင်ဆိုးတယ်။ အချုပ် ထဲမှာ တစ်ပတ်ထားတော့လည်း မတွေ့ရဘူး။ အခုထောင်ချုပ်ထဲမှာ ထားတော့လည်းမတွေ့ရဘူး။ ဥပဒေရုံးရှေ့မှာလဲ ဖြစ်တယ်။ ဥပ‌ဒေ‌ ရုံးအနေနဲ့ ပြောပေးလို့မရဘူးလား။ အစိုးရအနေနဲ့ ဥပဒေနဲ့ အညီ မျှမျှတတဖြစ်အောင်ကူညီပေး‌စေချင်ပါတယ် ရှင်။


Dakkhina Insight သတင်းဌာန၏ အစီအစဉ်ဖြင့် ဖော်ပြသည်။