လစ်မစ်

ကိုဗစ်ဒုတိယလှိုင်းကာကွယ်ရေး စည်းကမ်းတင်းကြပ်ချက်များ

ဆိုင်ကယ်ရေဆေးတာ စောင့်နေရာကနေ မျက်နှာချင်းဆိုင်အိမ်မှာ အလယ်တန်းအရွယ် ကလေးသုံးယောက်ဖုန်းကို ဝိုင်းကြည့်ပြီး ရယ်မောနေကြတာကို ငေးကြည့်နေမိတယ်။ သူတို့ ဘာတွေ များ ကြည့်နေကြတာ ဖြစ်မလဲ။ ဂိမ်းဆော့ နေတာလား။ သီချင်း နားထောင်နေတာလား။ ဟာသ အပြောင်အပြက်တွေ များလား Social Media ပေါ်က သတင်း၊ အတင်းတွေလား။
သူတို့ဖတ်နေတဲ့ အထဲ အမုန်းစကားတွေ ရုန့်ရင်းကြမ်းတမ်းတာတွေများ ပါနေမလား။
ယောက်ယက်ခတ်တွေးရင်း စိတ်ကူးနဲ့ မေးနေမိတယ်။ သူတို့ ဘာတွေ လုပ်နေသလဲ။ အနီးအပါးမှာ စစ်ဆေးမယ့်သူ ဘယ်သူမှ ရှိမနေပါဘူး။

သည်မြင်ကွင်းမျိုးက ကိုဗစ်ကြောင့် ကျောင်းပိတ်ထားရတာ လေးလတိုင်ချိန်မှာ မျက်လုံးထဲ ခဏခဏ ဝင်လာတဲ့ မြင်ကွင်းတွေပါ။ အရင်အချိန် အိမ်တိုင်း ရေဒီယို ကက်ဆက် တီဗွီရှိဖို့ ခဲယဉ်းပေမယ့် အခုတော့ ဖုန်းဆိုတာ လူတိုင်း ဝယ်ကိုင်နိုင်တဲ့အချိန် ပူဆာတိုင်း ဝယ်ပေးနိုင်တဲ့ အချိန်မဟုတ်လား။

လူငယ်နဲ့ Screen Time ဆိုတာကို ပူပန်ကြတာတော့ သားသမီးနဲ့ အမြဲထိတွေ့ အကဲခတ်ပြီး အစစအရာရာ ခေတ်နဲ့အမီ လိုက်နိုင်တဲ့ မိဘအနည်းစုပဲ ဖြစ်မှာပါ။

အတော်များများကတော့ ကျောင်းမသွားရလို့ ဖုန်းနဲ့ အချိန်ကုန်နေကြရတဲ့ ကလေးတွေအတွက် သည်လိုဖြစ်နေတာတွေကို လောက်လောက်လားလား တားမြစ်ဖို့ စိတ်ကူးနိုင်မှာမဟုတ်ပါဘူး။ စားဝတ်နေရေးလုံးပမ်းနေရလို့ အလွန်ဆုံး ဟဲ့တစ်ချက် ငေါက်ရုံပဲ တတ်နိုင်မှာပါ။ ကာလကြာရှည်မလား မသိတဲ့ ကိုဗစ် တိုက်ပွဲမှာ ဒီကလေးတွေအနေနဲ့ ရှည် လျားလှတဲ့ အချိန်တွေကုန်အောင် ဘယ်လို သုံးမလဲ။

ကျွန်မတို့ ငယ်ငယ်ကလည်း ကျောင်းပိတ်ရက်ရှည်ကို ကြုံခဲ့ရပါတယ်။ အကြောင်းအရင်းတော့ မတူဘူးပေါ့လေ။ ရေဒီယိုလေး၊ ကက်ဆက်လေးပဲ ရှိတဲ့ခေတ်မှာ ကျွန်မတို့ အချိန်ဖြုန်းနည်းကတော့ စာအုပ်အငှားဆိုင်ကို သွားတာပါပဲ။ ရွာမှာ စာအုပ်အငှားဆိုင်မရှိတဲ့အတွက် အထက်တန်းကျောင်းရှိတဲ့ တစ်ဖက်ရွာကို သွားရတယ်။ စာအုပ်ဆိုင်ပိုင်ရှင်ကို အသစ်ထွက်တိုင်း ချန်ထားပေးဖို့ မျက်နှာ ချိုသွေးရတယ်။ ကွမ်းသီးခြောက် အခွံချွတ်တာ ကူလုပ်ပြီး ရသမျှ ပိုက်ဆံဟာ စာအုပ်ငှားခအတွက်သုံးတာက ပိုများတယ်။ တစ်ခါတလေ သီချင်းစာအုပ် ဝယ်ရတယ်။ Youtube တို့ Joox တို့ကနေ အချိန်မရွေး စာသားပါပြီးသား ကြည့်နေနိုင်တဲ့ အခုခေတ် အိမ်က ကလေးတွေအတွက်တော့ ပြုံးစရာပေါ့။

ခုတော့ အိမ်က ကလေးတွေကအစ ဖုန်းနဲ့ မျက်နှာအပ်ချိန် ပိုများလာပါတယ်။ အားတဲ့အချိန် သင်္ချာနဲ့ အင်္ဂလိပ်စာ သင်ပေးပေမယ့် ကျောင်းမှ မဖွင့်တာ ဆိုပြီး ခပ်ပေါ့ပေါ့နဲ့ အမေကို မလွန်ဆန် နိုင်လို့သာ လုပ်ရသလိုပဲ။ ကိုးရီးယား ကေပေါ့ပ် သီချင်းနားထောင်ဖို့၊ Naruto ကာတွန်းကြည့်ဖို့သာ ပိုစိတ်အားထက် သန်တော့တယ်။ စာအုပ်ကို သိပ်မဖတ် ချင်တော့ဘူး။ အိမ်က စာအုပ်စင်က ဖုန်တက်လုနီးပေါ့။

ကျွန်မတို့ခေတ်က စာအုပ်ဖတ်ရရင် ထမင်းမေ့၊ ဟင်းမေ့ ဖြစ်ခဲ့ပေမဲ့ စာအုပ် တစ်အုပ်ကို တစ်ပတ်တစ်ခါလောက် ဖတ်ဖြစ်ဖို့ ကိုယ့်ကလေးတွေကို မနည်း တိုက်တွန်းနေရတဲ့ အခြေအနေဖြစ် လာပြီ။

ဖုန်းကို တစ်ချိန်လုံးကြည့်နေရသလားဆိုပြီး ကလေးတွေကို အပြစ်တင်ချိန်မှာ ဖုန်းမကြည့်အောင် လူကြီးတွေက ဘာလုပ် ပေးနိုင်သလဲ ဆိုတာကိုပါ တွေးထားရ မယ်ထင်ပါတယ်။ ဖုန်းကြည့်ချိန်မှာ လည်း ဘယ်လိုအရာတွေ ကြည့်သင့်တယ်၊ ဘယ်လိုအရာတွေကို ရှောင်ရမယ်၊ ဖုန်းကို အသုံးပြုပြီး ဘာတွေလေ့ လာသင်ယူလို့ရသလဲ ဆိုတာတွေပါ ပြောပြနိုင်ရင် ကလေးတွေအတွက် အကောင်းဆုံးဖြစ်မှာပါ။

ဒီလို ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေးနိုင်ဖို့ကတော့ “ဝေးနေဦးမည့် ကိုယ့်တို့မြေ” ဖြစ်လိမ့်မပေါ့။

အိမ်ဘေးက ညီအစ်ကို နှစ်ယောက်ရဲ့ ဖုန်းလုရင်း မကြာခဏသတ်ကြတဲ့ ဇာတ်လမ်းဟာ စပါးခင်းကနေ လယ်ကွင်း ပြင်ကျယ်ကြီး အဖြစ်ပြောင်းသွားချိန်မှပဲ အဆုံးသတ်ပါတော့တယ်။ လွတ်လပ်စွာ ပြေးဆော့ကစားနိုင်တဲ့ နေရာလည်း ပါးသထက်ပါးလာတော့ ရိတ်သိမ်းချိန်နဲ့ စိုက်ပျိုးချိန် မတိုင်ခင် ကြားကာလ ကလေးပဲ သူတို့ကစားစရာ နေရာ ရှိတာကိုး။ စိန်ပြေးတမ်းကစားကြ၊ စွန်လွှတ်ကြ စက်ဘီးစီးကြနဲ့ ဖုန်းကိုင်ချိန် လျော့သွားတာ အမှန်ပဲ။

ကိုယ်ကတော့ ကိုယ့်ကလေးရဲ့ အခြေအနေကို စိတ်ပူတဲ့အတွက် Social Media တစ်မျိုးဖြစ်တဲ့ Facebook ကို အသုံးပြုတာ ရပ်လိုက်တယ်။ သူက သုံးနေရင်း အချိန်ကုန်မှန်းမသိ ကုန်နေတာမျိုးကိုး။ ကလေးနဲ့အတူ Youtube ကနေ မုန့်လုပ်နည်း၊ စက္ကူခေါက်နည်း အတူကြည့်တယ်။ စက်ဘီးစီး သင်ပေးတယ်။ အခုတော့ သားအမိနှစ်ယောက် Online ပေါ်ကနေ သိုးမွေးထိုးတာ သင်ယူနေတဲ့အပြင် တစ်ပတ်ကို စာအုပ် တစ်အုပ်ပြီးအောင်ဖတ်တိုင်း ရေခဲမုန့် ဝယ်ကျွေးဖို့ သဘောတူထားကြပါတယ်။

“အန်တီရေ၊ ဆိုင်ကယ်ရေဆေးတာ ပြီးပြီ” လို့ ပြောလိုက်ချိန်မှပဲ အတွေးတွေ ရပ်တန့်နိုင်တော့တယ်။ ကိုယ့်ဆိုင်ကယ် ပေါ်တက်မောင်းထွက်လာချိန်အထိ ကလေးတွေကတော့ ဖုန်းကို သဲသဲမဲမဲ ကြည့်နေတုန်း။ ပိုးတုံးလုံးဘဝမှာ အထိအခိုက်အနာအဆာ ကင်းပြီး အရောင်စုံ လင်လှပတဲ့ လိပ်ပြာလေးတွေအဖြစ်နဲ့ ကြီးပြင်းလာမှာကို မျှော်လင့်ရင်း။

စိမ်း