ဖမ်းဆီးခံလယ်သမားအရေး လူ့အခွင့်အရေးကော်မရှင်က ဥပဒေအထောက်အကူပြုအဖွဲ့သို့ လွှဲပေး

0
183
Dawei Watch, Dawei News, Dawei News Media

ထားဝယ်မြို့တွင် ဖြစ်ပွားခဲ့သည့် မြေယာအငြင်းပွားမှုပြဿနာတွင် ဖမ်းဆီး ခံရသည့်လယ်သမားအရေး ကူညီပေးရန် လူ့အခွင့်အရေးကော်မရှင်မှ ဥပဒေ အထောက်အကူပြုအဖွဲ့သို့ လွှဲပြောင်းပေးခဲ့ကြောင်း ဖမ်းဆီးခံလယ်သမား မိသားစုဝင် အချို့ထံမှ သိရသည်။

ထားဝယ်မြို့ပေါ်ရှိ ဆန်းချီတိုးချဲ့ ရပ်ကွက်တွင် ဖြစ်ပွားခဲ့သည့် လယ်ယာမြေ ပြဿနာတွင် မူလပိုင်ရှင်ဟုဆိုသည့် လယ်သမားမိသားစုနှင့် ဝန်းရံသူ ခုနစ်ဦးကို လက်ရှိပိုင်ရှင်ဟုဆိုသူများက အမှုဖွင့် ထားခြင်းဖြစ်သည်။

လက်ရှိပိုင်ဆိုင်ထားသည့် မြေပိုင်ရှင်ဆိုသူက အလုပ်သမားများနှင့်အတူ စက်တင်ဘာလ ၂၃ ရက်နေ့က ခြံစည်းရိုးကာရံနေစဉ် အဆိုပါလယ်သမားများ ရောက်ရှိလာပြီး ဟန့်တားနှောင့်ယှက်ခြင်း၊ ဆဲဆိုခြင်း၊ စိုက်ထားသည့်ခြံစည်း ရိုးတိုင်များကို ဆွဲနုတ်ခြင်းများ ပြုလုပ်ခဲ့သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

ထို့နောက် လယ်သမားခုနစ်ဦးကို ဖမ်းဆီးခဲ့ပြီး နှစ်ဦးကို အာမခံဖြင့် ပြန်လည်လွှတ်ပေးထားသည်။ ဖမ်းဆီးခံ ထားရသူများမှာ လက်ရှိအချိန်ထိ မိသားစု ဝင်များ၊ ရှေ့နေများနှင့် တွေ့ဆုံခွင့်မရ သေးပေ။

ဖမ်းဆီးခံလယ်သမားနှစ်ဦးသာ အာမခံရ

ထိုကိစ္စအား ကူညီပေးရန် မြန်မာ နိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ထံ တိုင်တန်းခဲ့ကြောင်း ဖမ်းဆီးခံ လယ်သမား ဒေါ်သန္တာစု၏ ခင်ပွန်းဖြစ် သူ ဦးမျိုးမျိုးထွန်းက ဆိုသည်။ ယင်းသို့ တိုင်ကြားမှုအမှုပေါ် လူ့အခွင့်အရေး ကော်မရှင်က ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့အား အမှုတွဲ လွှဲပြောင်းပေးခဲ့သည်။

တိုင်းဒေသကြီး ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့နှင့် ဆက်သွယ်ဆောင်ရွက်ရန် ဖမ်းဆီးခံလယ်သမား မိသားစုဝင်များထံ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ပြည်ထောင်စုဥပဒေအထောက်အကူပြုအဖွဲ့က စာပို့အကြောင်းကြား လာခဲ့သည်။

ထားဝယ်မြို့သစ်လယ်သမား အသနားခံစာတင်

“အကြောင်းကြားလာတဲ့ကိစ္စနဲ့ ပတ်သက်ပြီး အားတော့နည်းနည်းရှိသွား တာပေါ့” ဟု ဦးမျိုးမျိုးထွန်းက ပြောသည်။

တိုင်းအထောက်အကူပြုအဖွဲ့ထံ သွားတွေ့ရာတွင် မြို့နယ်အဖွဲ့ထံ လွှဲပြောင်းပေးခဲ့ကြောင်း ၎င်းက ပြောသည်။ ထိုကြောင့် မြို့နယ်အဖွဲ့သို့သွားတွေ့ချိန် တွင် အချက်အလက်များမေးမြန်းပြီးနောက် အကူအညီပေးသင့်/ မသင့်ကို ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် အကြောင်းပြန်မည်ဟု ပြောဆိုခဲ့ကြောင်း ၎င်းက ဆိုသည်။