ကျွန်တော် ဖာဆွယ်

0
842

နတ်မိမယ်လေးဦးက ထားဝယ်မြို့သစ်လမ်းကြားတစ်ခုအတွင်း ပန်းရောင်ခြယ်ထားသည့် ခြေတံရှည်အိမ်အရှေ့ ဖယောင်းတိုင် မီးရောင်အောက်တွင် ကျော့ကျော့မော့မော့ ထိုင်နေသည်။

မြို့သစ် ၄ လမ်းနှင့် ၆ လမ်းကြားရှိ အဆိုပါအိမ်အရှေ့ ဝါညစ်ညစ်မီးရောင်အောက်တွင် မိတ်ကပ်အဖွေးသားဖြင့် ထိုင်နေသည့် နတ်မိမယ် ၄ ဦးက အိမ်အဝင်လမ်းထိပ်ကို လည်တမျှော်မျှော်ပင်။

မီးကမ်း၊ မစံပယ်၊ မနွယ်၊ မနီလာ ဟု အမည်ရသည့် နတ်မိမယ် ၄ ဦးထဲတွင် သရက်ချောင်းမြို့နယ် —ရွာ ဇာတိ မီးကမ်းက အသက် ၁၆ နှစ်ကျော်ရုံလေးသာရှိပြီး အငယ်ဆုံး။

ကျန်သုံးဦးကတော့ နှစ်ဆယ်ကျော် သုံးဆယ်ပတ်လည် အရွယ်များ။ သူတို့ကိုမူ အသက် ၄၅ နှစ်အရွယ် ရဲတပ်ကြပ်ကြီးတစ်ဦး၏ဇနီးဖြစ်သူ မသီတာက ဂေါင်းအဖြစ် ထိန်းချုပ်ထားသည်။

သူတို့လေးယောက်တွင် ဖောက်သည်အများဆုံးရသူက မစံပယ်ဖြစ်ပြီး ကိုယ်လုံးကိုယ်ပေါက် အချိုးအစားပြေပြစ်သည့် တစ်ခုလပ် သားတစ်ယောက်မိခင်ဖြစ်သည်။

သူမက ဆက်ဆံရေးပြေပြစ်သည်ဟု ဖောက်သည်အချို့၏ ပြောစကားအရ သိထားရသည်။

ထိုကြောင့်လည်း ဧည့်သည်ရသည့်အချိန်တိုင်း မစံပယ်ကိုပင် ဦးစားပေး ချိတ်ပေးလေ့ရှိသည်။

ထိုအချိန်တွင် လမ်းမီးမရှိသည့် ပန်းရောင်အိမ်လေးရှိရာ လမ်းသွယ်အတွင်းသို့ ဆိုင်ကယ်တစ်စီး ဝင်လာသည်ကို မြင်ရချိန် မစံပယ်က ထိုင်ရာက ထလိုက်သည်။

သူမကို လာခေါ်သည့် ဆိုင်ကယ်တက္ကစီသမား ကျွန်တော်မှန်း တန်းသိနေသည့်အတွက် ကိုင်နေကျ ပိုက်ဆံအိတ်အတွင်းသို့ ပုတ်သင်ညိုတံဆိပ် အဖော် နှစ်အုပ်ကို ထည့်ပြီး အိမ်အောက်သို့ဆင်းလာသည်။

ကျွန်တော်ကား ပန်းရောင်အိမ်လေးရှိ နတ်မိမယ်များ၏ မြှားနတ်မောင်ပင်။

ကျွန်တော်နှင့် ချိတ်ဆက်လာသည့် ဖောက်သည်အများစုက ငွေကြေးသုံးဖြန်းနိုင်သည့် ဌာနအရာရှိများ၊ လုပ်ငန်းရှင်များနှင့် တစ်နယ်တစ်ကျေးမှလာသည့် ခရီးသွားအများဆုံးဖြစ်သည်။

တစ်ညတာအတွက် ကျပ်ခြောက်သောင်း ဈေးခေါ်လေ့ရှိပြီး ဧည့်သည်နှင့် ဈေးညှိနှိုင်းချိန် ငါးသောင်းခွဲဖြင့် ဈေးတည့်လေ့ရှိသည်။

ပင်ရင်းဂေါင်းဖြစ်သည့် မသီတာက ကျပ်နှစ်သောင်းခွဲယူပြီး ပိုသည့် ပိုက်ဆံအားလုံးက မြှားနတ်မောင်ဖြစ်သည့် ကျွန်တော့်ဝေစုပင်။

ကျွန်တော့်တာဝန်ကား ဧည့်သည်ရှာပေးရသလို ဖောက်သည် တည်းခိုသည့် ထားဝယ်မြို့ပေါ်ရှိ ဟိုတယ် သို့မဟုတ် တည်းခိုခန်းတစ်ခုခုသို့ နတ်မိမယ်လေးကို ပို့ပေးရပြီး မနက်စောစော လေးနာရီအရောက် ပြန်သွားကြိုရသည်။

ထိုတစ်ညတာအတွက် နတ်မိမယ်လေးရသည့် ငွေကြေးက တစ်သောင်းနှစ်ထောင်ကျပ်သာဖြစ်ပြီး ကျန်သည့် တစ်ဝက်ကျော်ကို မသီတာက ယူသည်။

မသီတာ ယူသည့်ငွေပမာဏကလည်း များသည်ဟု မဆိုနိုင်။ နတ်မိမယ်လေးများကို ကျွေးမွေးထားရသည့် စားစရိတ်၊ နေစရိတ်၊လိုင်းကြေး(ရဲကိုပေးရသည့်ငွေ)များကို သူမက ကျခံရသည်။

နတ်မိမယ်များက မသီတာပေးသည့် ငွေကြေးအပြင် ဖောက်သည်၏ စိတ်ကျေနပ်မှုအပေါ်မူတည်ပြီး တစ်သောင်းစ နှစ်သောင်းစ ဘောနပ်(အပိုဆုကြေး)ရလေ့ရှိသည်။

သူတို့ ကြုံရသည့်ဖောက်သည်များကလည်း အမျိုးမျိုးအဖုံဖုံပင်။ စိတ်သဘောကောင်းသည့် ဧည့်သည်ရှိသလို အနိုင်အထက် နှိပ်စက်သည့် ဖောက်သည်နှင့်လည်း ကြုံရသည်ဟု နတ်မိမယ်များက ရင်ဖွင့်ကြသည်။

တစ်ကိုယ်ရေသန့်ရှင်းမှုအားနည်းသည့် ဧည့်သည်နှင့် ကြုံရချိန်တွင်လည်း ၎င်းတို့အတွက် ငြင်းပယ်ခွင့်မရှိပေ။

ယင်းအပြင် အဖော်(ကွန်ဒုံး)မသုံးလိုသည့် ဧည့်သည်မျိုးနှင့်လည်း ကြုံရတတ်ပြီး ၎င်း၏ရုပ်ရည်၊ တစ်ကိုယ်သန့်ရှင်းမှုကိုကြည့်ကာ ကွန်ဒုံးမသုံးဘဲ နေလိုက်ရသည်လည်း ရှိသည်။

ထို့ထက်ဆိုးသည်မှာ အကြိမ်ရေများများ သွားတတ်သည့် ဧည့်သည်နှင့် ကြုံတွေ့ရချိန်မျိုးတွင် လမ်းပင်ကောင်းစွာ မလျှောက်နိုင်တော့သည်အထိ ဖြစ်သွားလေ့ရှိသည်။

ယင်းအခြေအနေတွင် ထားဝယ်မြို့အတွင်းဖွင့်ထားသည့် ဝါရင့်ဆရာဝန်တစ်ဦး၏ ဆေးခန်းက သူမတို့အတွက် လက်စွဲတော်ပင်။

ဆရာဝန်ဖြစ်သူကလည်း နတ်မိမယ်များကို ကုသမှုဝါရင့်နေပြီဖြစ်သည့်အတွက် အထူးတလည်ရှင်းပြနေစရာမလို။

ဆေးခန်းရောက်သည်နှင့် ဆေးထိုး၊ စားဆေးကို သုံးရက်စာပေးလိုက်ပြီး အမှန်တကယ်လည်း သက်သာသွားကြသည်။

သို့သော် HIV ကဲ့သို့ရောဂါကူးစက်သွားခြင်းရှိမရှိကိုမူ သူမတို့ သိပ်ပြီးစိတ်ပူပုံမပေါ်။

လတ်တလော ဧည့်သည်ရရေးနှင့် ရသည့်ဧည့်သည်နှင့် အဆင်ပြေဖို့က သူတို့အတွက် အဓိကဖြစ်နေသည်။ ဒါမှပင် ဝင်ငွေရွှင်မည်မဟုတ်လား။

တစ်ခါတစ်ရံတွင် လိုင်းကြေးပေးထားပြီးဖြစ်သည့် ရဲ၊ ထောက်လှမ်းရေး အပါအဝင် ၎င်းတို့၏ မိတ်ဆွေသူငယ်ချင်းများက အခကြေးငွေမပေးဘဲလာရောက် ပျော်ပါးတတ်ကြသေးသည်။

ထိုသို့လာရောက်ပျော်ပါးချိန်တွင် ငွေမရသည့်အချိန်က ပိုများသည်။

ပိုဆိုးသည်မှာ ရဲသတင်းပေးများက ပျော်ပါးလိုသူဟန်ဆောင်ပြီး ထောင်ချောက်ဆင်ဖမ်းဆီးခံရသည့် နတ်မိမယ်များက အနည်းဆုံးတစ်နှစ်လျှင် ၂ ဦးခန့် အနည်းဆုံးရှိသည်။

ပိန္နဲတောရပ်ကွက်နေ (ကိုချို—)နှင့် ကြက်စားပြင်ရပ်ကွက်နေ(ကိုလှ—)တို့လို ရဲသတင်းပေးများက နတ်မိမယ်များကို အဓိက ဖမ်းဆီးလေ့ရှိသည်။

ဖမ်းဆီးရာတွင်လည်း အချိတ်အဆက်တစ်ခုခုဖြင့် ပျော်ပါးလိုသူဟန်ဆောင်ပြီး နတ်မိမယ်များကို တည်းခိုခန်းတစ်ခုခုသို့ ချိန်းဆိုတတ်ကြသည်။

ထိုသို့ချိန်းဆိုရာတွင် ရဲသတင်းပေးက ရဲနှင့်ချိတ်ဆက်ကာ ငွေစက္ကူများကို မိတ္တူကူးထားတတ်ကြသည်။

တည်းခိုခန်းရောက်ချိန်တွင် မိတ္တူကူးထားပြီးဖြစ်သည့် ငွေစက္ကူအစစ်ကိုပေးချေကာ ပျော်ပါးကြပြီးမှ ရဲကိုအကြောင်းကြားကာ ဖမ်းဆီးခိုင်းတတ်သည်။

အခကြေးငွေပေးချေထားသည့် ငွေစက္ကူနှင့် နတ်မိမယ်လက်ဝယ်ရှိ ငွေစက္ကူနံပါတ်တူညီစေရန်ဖြစ်ပြီး တရားစွဲတင်ချိန် သက်သေအနေဖြင့် အသုံးပြုကြခြင်းဖြစ်သည်။

ထိုသို့နည်းလမ်းအမျိုးမျိုးဖြင့်ဖိနှိပ်ခံနေရသည့် နတ်မိမယ်များမှာ ဥပဒေအကာအကွယ်မရကြဘဲ ထင်တိုင်းကြဲ အနိုင်ကျင့်ခံနေကြရသည်။

ဖာဆွယ်

“ဖာဆွယ်” ဆိုသည့် စကားလုံးက အနည်းငယ်ရိုင်းသည်ဟု ထင်ရသလို အထူးအဆန်းဖြစ်နေမည့် စကားလုံးပင်။

နာမည်ဆိုးသလိုရှိသော်လည်း ဝင်ငွေမနည်းသည့် အလုပ်တစ်ခုဟု ဆိုနိုင်သည်။ သို့သော် သမ္မာအာဇီဝကျသည့် အလုပ်တစ်ခု မဟုတ်သည်က သေချာသည်။

သို့သော် နတ်မိမယ်များနှင့် ဖောက်သည်(ဧည့်သည်)များအကြား ချိတ်ဆက်ပေးရသည့် “မြှားနတ်မောင်”ဟုခေါ်လျှင် ပိုမှန်နိုင်သည်။

မြှားနတ်မောင်က နတ်မိမယ်များအတွက် ဧည့်သည်ရှာပေးရသည့် အလုပ်ဟု လူအများက သိထားကြသော်လည်း နောက်ကွယ်တွင် လူသိနည်းသည့်အကြောင်းတရားတစ်ခုရှိသည်။

ထိုအချက်မှာ ဖာဆွယ်လုပ်သည့် အမျိုးသားက နတ်မိမယ်များကြွေလောက်သည့် ရုပ်ရည်မျိုးရှိရန်လည်း လိုအပ်သည်။

နတ်မိမယ်အများစုက လူပေါ်လူဇော်လုပ်လာကြသူများဖြစ်သည့်အလျှောက် ၎င်းတို့ကို စည်းမျဉ်းစည်းကမ်း ကန့်သတ်ချက်များဖြင့် ထိန်းချုပ်ပါက လက်ခံလေ့မရှိကြပေ။

နတ်မိမယ်များကို ရှာဖွေရသည်မှာ မလွယ်ကူလှပေ။

နတ်မိမယ်ရှာပေးရန် ထားဝယ်နှင့် မြိတ်ဒေသအပါအဝင် တိုင်းပြင်ပရှိ ဂေါင်း၊ ယင်းလုပ်ငန်းနှင့် ဆက်စပ်ပတ်သက်သူ အပါအဝင် ပွဲစားများကို ချဉ်းကပ်ရသည်။

နတ်မိမယ်တစ်ဦး ရအောင်ရှာခိုင်းရသည့် ပေါက်ဈေးက ငွေကျပ် ၃ သိန်း(ယခင်ဈေး)အထိရှိသည်။

ယင်းကြောင့်လည်း နတ်မိမယ်များ ရေရှည်အလုပ်မြဲစေရန် ဂေါင်းများက နည်းလမ်းအမျိုးမျိုးဖြင့် ကြိုးစားကြလေ့ ရှိသည်။

ထိုအခြေအနေကြောင့် မြိတ်က နယ်မိမယ်က ထားဝယ်ရောက်လာပြီး ထားဝယ်တွင် အနေကြာလာသည့်နတ်မိမယ်က မြိတ်ဘက်ရောက်သွားတတ်သည်။

ယင်းအခက်အခဲများကြောင့်လည်း ဂေါင်းတစ်ယောက်ယောက်၏လက်အောက်တွင် ရေရှည်အလုပ်မြဲနေစေရန် ၎င်းတို့ကြိုက်နှစ်သက်နိုင်မည့် အမျိုးသားဖြင့် မြူဆွယ်ထားတတ်ကြသည်။

ထိုကြောင့်လည်း အဆိုပါ အမျိုးသားကို “ဖာဆွယ်” ဟု ခေါ်ဝေါ်ကြခြင်းဖြစ်ပြီး ဂေါင်းဖြစ်သူကလည်း မျက်နှာသာပေးလေ့ရှိသည်။

လိုင်းကြေး

လိုင်းကြေးဟုအလွယ်ခေါ်ကြသည့် ရဲ၊ စစ်ထောက်လှမ်းရေး(စရဖ)၊ SB စသည့် ပိုင်ရာဆိုင်ရာများကို လစဉ်ပေးရသည့် ငွေကြေးကလည်း မနည်းလှပေ။

ယခင်ခေတ်ပေါက်ဈေးအရ အခြားအဆင့်ဟု ခေါ်ကြသည့် တပ်သားအဆင့်မှ အရာခံအထိပေးရသည့် ငွေပမာဏက တစ်လလျှင် ကျပ်တစ်သောင်းရှိသည်။

နတ်မိမယ် ဦးရေများပြီး လုပ်ငန်းကြီးသည့်ဂေါင်းများက ပေးရသည့်နှုန်းထားဖြစ်ပြီး တစ်လလျှင် နှစ်ကြိမ်ခွဲပြီးတောင်းရလေ့ရှိသည်။

ထိုသို့သွားတောင်းချိန်တွင်လည်း ဂေါင်းအိမ်များက မည်သူမည်ဝါကို ပေးပြီးဖြစ်ကြောင်း စာရင်းဖြင့် မှတ်ထားလေ့ရှိသည်။သို့မှသာ အကြိမ်ကြိမ်လာတောင်းမည့် အခင်းအကျင်းကို ကာကွယ်နိုင်သည်။

အဆိုပါအခြားအဆင့်များက ဂေါင်းအိမ်များကို ပတ်သွားပြီး သွားတောင်းလေ့ရှိသလို တစ်ပွင့်(ဗိုလ်လေး)ဆိုသူများကတော့ ယင်းထက်နှုန်းထားများသည်။

စခန်းမှူးအဆင့်မှစပြီး မြို့နယ်မှူး၊ ခရိုင်မှူး၊ တိုင်းရဲမှူးကြီးများကမူ ပို့ဆွမ်း(သွားပေးရ)သာ စားလေ့ရှိသည်ဟု လူပြောများသည်။

ထိုအခြေအနေမှာ လုပ်ငန်းကြီးသည့် ဂေါင်းများသာ ပေးရလေ့ရှိပြီး လူသိနည်းသည့်ဒိုင်လျှို ဂေါင်းများကမူ ဒုစရိုက်နှိမ်နင်းရေး(ဒနရ)၊ နယ်ထိန်းအဆင့်ထိသာ လိုင်းကြေးပေးရတတ်သည်။

ယင်းကြောင့် လိုင်းကြေးပမာဏကိုလည်း တိတိကျကျ သတ်မှတ်ထားခြင်းမရှိဘဲ ခင်ရာမင်ရာ ညှိနှိုင်းပြီး ပေးရလေ့ရှိသည်။ ပမာဏ အတိအကျကိုမူ ကျွန်တော်မသိတော့ပေ။

ခေတ်ပျက်ချိန်

စီးပွားရေးဦးမော့လာပြီး ခရီးသွားဧည့်သည်များခဲ့သည့် ၂၀၁၀ ခုနှစ်နောက်ပိုင်းတွင် ဂေါင်းများနှင့်နတ်မိမယ်များ ငွေဝင်ရွှင်ခဲ့သည့် ကာလဟု ဆိုနိုင်သည်။

စီးပွားရေးလုပ်ငန်းရှင်များနှင့်ခရီးသွားဧည့်သည်များ တောင်ပိုင်းဒေသသို့ အလာများကြခြင်းကြောင့် ခရီးသွားဟန်လွှဲ ပျော်ပါးလိုသူ များလာသည်။

သို့သော် ယင်းအခြေအနေက ရေရှည်မခံလှပေ။

ကိုဗစ်ကပ်ဘေးနှင့် ၂၀၂၁ စစ်အာဏာသိမ်းမှု ဆက်တိုက်ဖြစ်ပွားချိန်တွင်မူ ခရီးသွားလာသူနည်းပါးသွားပြီး စီးပွားရေးကျပ်တည်းလာကြသည်။

ထိုအခြေအနေကို နတ်မိမယ်များလည်း အလူးအလဲခံစားရပြီး ဖောက်သည်တစ်ယောက်ရဖို့အရေး ယခင်လို မလွယ်ကူတော့ပေ။

ယင်းကြောင့်လည်း “ကျွဲကူးရေပါ”ဆိုသည့် စကားအတိုင်းပင် ဖာဆွယ် များလည်း လုပ်ကွက်ပျောက်လာကြပြီး အလုပ်လက်မဲ့ ဖြစ်သွားကြတော့သည်။

စစ်အာဏာသိမ်းပြီး ၃ နှစ်ကျော်လာချိန်မှာတော့ အကျပ်အတည်းမျိုးစုံကြောင့် ဘယ်လိုအခြေအနေ ရောက်နေပြီမသိတော့။ ရေကြည်ရာမြက်နုရာ လွင့်ပါးကုန်ကြပြီထင်သည်။

ခေတ်ပျက်ချိန်တွင် သူတို့အတွက် ပိုမိုကျပ်တည်းခက်ခဲဖို့သာ ရှိတော့မည်။ သူတို့အရေး လုပ်ဆောင်းပေးမည့်သူ မရှိကြတော့။ အသိပညာပေးမည့်သူ မရှိကြတော့။ အကာအကွယ်ပေးမည့်သူ မရှိကြတော့။

ကျွန်တော်လည်း ရေကြည်ရာမြက်နုရာ ရွှေ့ပြောင်းပြီး ဝမ်းစာရေးအတွက် ကြိုးစားနေရသည်။ ဘဝအလှည့်အပြောင်းမှာ တစ်ခဏတာခိုနားခဲ့ရသည့် နယ်ပယ်တစ်ခုဆိုတော့ မေ့ပျောက်ဖို့မလွယ် အမှတ်ရနေဦးမည်သာ။