ရေးမြို့နယ်တွင် ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦး ပစ်သတ်ခံရ

0
631

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ သောင်ပြင်ကျေးရွာက ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦးကို လက်နက်ကိုင် လူတစ်စုက နေအိမ်တွင် လာရောက်ပစ်သတ်သွားကြောင်း ဒေသခံတို့ထံမှသိရသည်။

သောင်ပြင်ကျေးရွာ အကွက် (၁၆) တွင် နေထိုင်သည့် အသက် ၅၄ နှစ်အရွယ် ပြည်သူ့စစ် အဖွဲ့ဝင် ဦးသန်းစိုးကို လက်နက်ကိုင် လူတစ်စုက မတ် ၁၁ ရက်နေ့ ည ၁၁ နာရီခန့်တွင် လာရောက် ပစ်ခတ်ခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

“သေနတ်သမားတွေ ရောက်လာတဲ့အချိန်မှာ ဦးသန်းစိုးက အိမ်နောက်ဖေးကနေ ထွက်ပြေးဖို့ လုပ်တဲ့အချိန်မှာ ပစ်ခတ်ခံရတာ” ဟု သောင်ပြင် ဒေသခံတစ်ဦးက ပြောသည်။

သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ဦးသန်းစိုးသည် မေးစေ့၊ ရင်ဘတ်ကျည်ဖောက်ဝင်ဒဏ်ရာ များဖြင့် အခင်းဖြစ်ရာ နေရာတွင်ပင် သေဆုံးသွားကြောင်း ဒေသခံတို့ထံမှ သိရသည်။

ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဦးသန်းစိုးသည် ကျေးရွာတွင် ငါးလုပ်ငန်းလုပ်ကိုင်နေပြီး စစ်ကောင်စီလက်အောက် ငါးလုပ်ငန်းဦးစီးဌာနအတွက် အခွန်ကောက်ပေးနေသူဖြစ်ကြောင်း ဒေသခံတို့က ပြောဆိုသည်။

စစ်ကောင်စီထောက်ခံသည့် တယ်လီဂရမ်ချန်နယ်တို့တွင်မူ ဦးသန်းစိုးသည် ပြည်သူ့စစ် အရန်တပ်ဖွဲ့ဝင်ဟောင်း တစ်ဦးသာဖြစ်သည်ဟု ရေးသားထားသည်။

ဦးသန်းစိုးကို မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းက မည်သည့်အကြောင်းအရင်းကြောင့်ပစ်ခတ်ခဲ့သည်ကို အတည်ပြုနိုင်ခြင်းမရှိသေးသလို ဒေသတွင်းလှုပ်ရှားနေသည့်လက်နက်ကိုင်အဖွဲ့အစည်းတို့ကလည်း တစ်စုံတစ်ရာထုတ်ပြန်ထားခြင်း မရှိသေးပေ။

ရေးမြို့နယ်အတွင်း စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ဘက်က ပစ်ခတ်မှုကြောင့် အရပ်သား ထိခိုက် သေဆုံးမှုရှိခဲ့သည့်အပြင် တော်လှန်ရေးတပ်ဖွဲ့ဘက်က ပစ်ခတ်မှုကြောင့် အရပ်သားထိခိုက်သေဆုံးမှုလည်း ရှိခဲ့သည်။

စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်၊ ရဲများ၊ စစ်ကောင်စီလက်အောက် ဌာနဆိုင်ရာဝန်ထမ်းများ၊ ပြည်သူ့ စစ်များ၊ အုပ်ချုပ်ရေးမှူးများ၊ စစ်ကောင်စီသတင်းပေးဟု စွပ်စွဲခံရသူများကို ဒေသတွင်း လှုပ်ရှားနေသည့် ကာကွယ်တပ်ဖွဲ့တို့က မကြာခဏပစ်ခတ်ရှင်းလင်းလေ့ရှိသည်။