စံချိန်တင်တက်နေသည့် ရွှေဈေး တက်ရိပ်ဆက်ပြ

0
663

ကမ္ဘာ့ရွှေဈေး၊ ဒေါ်လာငွေလဲနှုန်းနှင့် နိုင်ငံရေးပဋိပက္ခများကြောင့် စံချိန်တင်တက်နေသည့် ပြည်တွင်းရွှေဈေးမှာ ဆက်ပြီးတက်ရိပ်ပြနေသည်။

ပြီးခဲ့သည့်နှစ်က တစ်ကျပ်သားလျှင် ၃၇ သိန်းဝန်းကျင်ဖြင့် တောက်လျှောက်ငြိမ်နေရာမှ ယခုလအစောပိုင်းမှစကာ ကျပ်သိန်း ၄၀ ဝန်းကျင်အထိ ဈေးတက်လာခဲ့သည်။

မတ်လ ၁၃ ရက်နေ့တွင် ထားဝယ်ဈေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် သိန်းလေးဆယ် ကိုးသောင်း (၄,၀၉၀,၀၀၀) ကျပ်ဖြင့် ဈေးဖွင့်ထားခဲ့သည်။

ကမ္ဘာ့ရွှေပေါက်ဈေးနှင့် ဒေါ်လာလဲလှယ်နှုန်းထားကြောင့် ပြည်တွင်းရွှေဈေးတက်နေခြင်းဖြစ်ပြီး တွက်ချက်မှုများအရ လက်ရှိနှုန်းထားထက် ပိုတက်လာနိုင်သေးကြောင်း ထားဝယ်မြို့က ရွှေဆိုင်ပိုင်ရှင်တစ်ဦးက ဆိုသည်။

“ဒေါ်လာဈေးရယ် ကမ္ဘာ့ရွှေဈေးနဲ့ တွက်မယ်ဆိုရင်လေ လေးဆယ်နှစ်သိန်းလောက် ဖြစ်ရမှာ။ အခုစျေးထက် ထပ်တက်ဦးမှာလို့ မှန်းနေကြတယ်” ဟု ၎င်းက ပြောသည်။

ပြည်တွင်းရွှေဈေးကို အခြေခံတွက်ချက်ရာတွင် ကမ္ဘာ့ရွှေပေါက်ဈေးကို ဒေါ်လာငွေလဲနှုန်းနှင့် မြှောက်ပြီး ၁ ဒသမ ၈၇၅ ဖြင့် ပြန်စားသည့် နည်းကို အသုံးပြုကြသည်။

လက်ရှိတွင် ကမ္ဘာ့ဈေးကွက်တွင် ရွှေတစ်အောင်စလျှင် ၂၁၅၉ ဒေါ်လာဈေးဖွင့်ထားပြီး အမေရိကန်ငွေ တစ်ဒေါ်လာလျှင် ၃၆၅၀ ကျပ်ဝန်းကျင် ပေါက်ဈေးရှိသည်။

အဆိုပါ အခြေခံတွက်ချက်နည်းအရ ပြည်တွင်းရွှေဈေးမှာ ဆက်ပြီးတက်မည့် အနေအထားရှိနေကြောင်း အဆိုပါရွှေဆိုင်ပိုင်ရှင်က ဆိုသည်။

ထိုသို့ ရွှေဈေးတက်နေချိန်တွင် ပိုမိုပြင်းထန်လာသည့် ပဋိပက္ခများနှင့် တိုက်ပွဲများကြောင့် ပြည်သူများက ငွေကြေးကို မထားတော့ဘဲ အခေါက်ရွှေကို ပိုမိုဝယ်ယူလာကြကြောင်း ၎င်းက ပြောသည်။

“လူတွေက ပိုက်ဆံမထားချင်ဘဲ နိုင်သလောက်ဝယ်နေကြတာကြောင့်လည်း ပါမယ်ထင်တယ်။ တစ်ကျပ်သားနိုင်တဲ့သူ တစ်ကျပ်သား၊ တစ်ဆယ်သားနိုင်တဲ့သူ တစ်ဆယ်သား အခေါက်တွေချည်း ဝယ်နေကြတာ” ဟု အထက်ပါ ရွှေဆိုင်ပိုင်ရှင်က ဆိုသည်။

သို့ရာတွင် ထားဝယ်ခရိုင်အတွင်းရှိ နယ်ဘက်ဒေသများတွင် တိုက်ပွဲပြင်းထန်နေသည့်အတွက် နယ်ဝယ်လက်များ မရှိတော့ဘဲ အာဏာမသိမ်းမီ အချိန်နှင့် နှိုင်းယှဉ်ပါက ရောင်းအားကျသွားကြောင်း ၎င်းက ပြောသည်။