ဖယောင်းတိုင်လေး သုံးတိုင်

0
380

ညနေမှောင်ရီပျိုးပြအချိန်။

နေအိမ်ခြံဝင်းများအရှေ့တွင် ဖယောင်းတိုင်မီးများ အလျိုလျိုပေါ်လာကြသည်။

အချို့က စားပွဲပုဖြင့် ကျကျနနထွန်း၏။ အချို့က သစ်ဆွေးပြား၊ အချို့က ထင်းချောင်းပေါ်၊ အချို့က အုတ်နီခဲ‌ပေါ် တွင်ထွန်းညှိကြသည်။

အမွှေးနံသာတိုင် ထည့်လိုက ထည့်ကြသူလည်းရှိ၏။ ဖယောင်းတိုင်မှာ သုံးတိုင်ထက် လျော့လည်းမလျော့ ပိုလည်းမပိုကြပေ။

အိမ်ခြံဝင်း၏ အပြင်ဖက်တွင်သာ ထွန်းရမည်ဟု သတ်မှတ်ထားဟန်တူသည်။

တစ်ရက်၊ နှစ်ရက်၊ သုံးလေးရက် ဆက်တိုက်ထွန်းကြသည်။ ပြီးလျှင်ပျောက်သွားသည်။ နောက်ပြန်ထွန်းကြပြန်သည်။ ထိုသို့ဖြင့် သံသရာလည်နေကြပေသည်။

သီတင်းကျွတ် မီးထွန်းချိန်လည်းမဟုတ်ဘဲ ရွာလုံးကျွတ်နီးပါး ထွန်းနေကြသည်ဖြစ်ရာ ထူးဆန်းနေသဖြင့် စိတ်ဝင်စားမိသည်။ မည်သည့်အတွက်နည်းဟု စပ်စုချင်လာသည်။

သို့သော် မီးထွန်းနေသူများထဲတွင် ရင်းနှီးသူများ၊ မျက်မှန်းတန်းမိသူများမတွေ့သဖြင့် မေးစမ်းကြည့်ရန် တွန့်ဆုတ်နေသည်။

သည်နေရာ၊ သည်ဒေသတွင် မေးမြန်းစပ်စုသည်ကို မလိုလားကြ။ အထူးသဖြင့် လူစိမ်းတစ်ယောက်က မေးလား၊ မြန်းလား လုပ်လာလျှင် “ဒီကောင်ဘာလဲ ဒလန်လား” ဆိုသည့်ပုံစံဖြင့် ဘုကြည့်ကြည့်ခံရနိုင်သည်။

ဒေသခံတစ်ဦးက ထားဝယ်စကားဖြင့် မေးမြန်းကြည့်လျှင်ပင် “ဘယ်ကလဲ၊ ဘာအတွက်မေးတာလဲ” ဟု မေးခွန်းပြန်အထုတ်ခံရလေ့ ရှိသည်။

ပြန်မေးသည့်မေးခွန်းကို ချက်ကျလက်ကျ ပြန်အဖြေပေးနိုင်ရင် တော်ပေမည်။ မဟုတ်ပါက သံသယမျက်လုံးဖြင့် အကြည့်ခံရပြီး သိချင်သည့် အကြောင်းအရာကိုလည်း ကြားရလိမ့်မည်မဟုတ်တော့။

ဒေသခံမဟုတ်သည့် ဗမာစကားပြောသူများအတွက်မူ ဆိုဖွယ်ရာမရှိပေ။

စစ်အာဏာသိမ်းပြီးချိန်မှစကာ တစ်ဦးပေါ်တစ်ဦး ယုံကြည်မှုများနည်းလာကြသလို သူစိမ်းဆိုလျှင်လည်း မယုံကြတော့။ အရာရာကို ကြောက်စိတ်ဖြင့်ရှုမြင်လာကြသည်။

ယင်းမှာ ပဋိပက္ခဒေသက လူ့အဖွဲ့အစည်း၏ ပကတိ အရှိတရားတစ်ခုဟုလည်း ဆိုနိုင်၏။

လူဆိုသည့် သတ္တဝါမှာ အတော်ပင်ထူးဆန်လှသည်။ မသိနိုင်သည်ကို ပိုသိချင်လာသည်။

ဖယောင်းတိုင်လေးသုံးတိုင် မီးထွန်းကြတဲ့အကြောင်းကိုလည်း ပိုစိတ်ဝင်စားလာပြီး စပ်စုချင်စိတ် တဖွားဖွားဖြစ်နေမိသည်။

တစ်ညနေခင်း အချိန်တွင်ဖြစ်သည်။

အရပ်မြင့်မြင့်၊ ကိုယ်လုံးကိုယ်ပေါက်ကောင်းကောင်း အမျိုးသားတစ်ဦး အိမ်ရှေ့ခြံဝင်းအပြင်ဖက်တွင် တကုတ်ကုတ်ဖြင့် ဖယောင်းတိုင်းမီးထွန်းနေသည်ကို တွေ့ရသည်။

သဘောကောင်းမည့်အသွင်ရှိသဖြင့် အရဲစွန့် ချဉ်းကပ်သွားပြီး မေးစမ်းကြည့်ရာ ထိုးဖယောင်းတိုင်များမှတစ်ဆင့် ဒေသခံတို့၏ အကြောက်တရားများကို တွေ့မြင်ခွင့်ရခဲ့သည်။

“ရွာထဲ စစ်ကြောင်းဝင်လာရင် ဆိုးဆိုးရွားရွားမဖြစ်အောင်ဆိုပြီး ထွန်းကြတာ” ဟု ဦးထွန်းရှိန်(အမည်လွှဲ) က ‌ဆိုသည်။

ဦးထွန်းရှိန်တို့ရွာမှာ စစ်ကောင်စီတပ်က မကြာခဏစစ်ကြောင်းထိုးလာလေ့ရှိသည့် ထားဝယ်ခရိုင်ထဲက ရွားကြီးတစ်ရွာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ခြေချင်းလိမ် ဝင်ထွက်သွားလာနေသည့် ရွာတစ်ရွာလည်းဖြစ်သည်။

စစ်ကြောင်းထိုးလာသည့်အချိန်တိုင်း အိမ်မီးရှို့ခံရ၊ ထွက်ပြေးပုန်းရှောင်ရ၊ အဖမ်းခံရ၊ ပစ်သတ်ခံရမှုများလည်း မကြာခဏဖြစ်ပွားလေ့ရှိသည်။

ထိုသို့မဖြစ်သည့်တိုင် စစ်‌ကောင်စီတပ်သည်အနည်းဆုံး နေအိမ်တံခါးများကို ရိုက်ဖျက်ဝင်ရောက်ပြီး ရှိသမျှ အဖိုးတန်ပစ္စည်းများကို ယူဆောင်သွားလေ့ရှိသည်။

ထိုကြောင့် ဒေသခံတို့မှာ စစ်ကြောင်းထိုးမည်ကို ကြောက်ကြသည်။ တိုက်ပွဲဖြစ်မည်ကို စိုးရိမ်ကြသည်။

တိုက်ပွဲအတွင်းမှ ပစ်ခတ်သည့် လက်နက်ကြီးတို့သည် လူနေအိမ်များအကြား ကျရောက်ပေါက်ကွဲကြသဖြင့် လူနှင့် နေအိမ်များထိခိုက်ပျက်စီးကြရသည်။

ကလေးများ၏ အော်ငိုသံများကို လက်နက်ကြီးပစ်သံများနှင့်အပြိုင်ကြားရတတ်သည်။

ဒေသခံများအနေဖြင့် ထိုအရာများ မဖြစ်လာစေရန် ကိုယ်စွမ်း၊ဉာဏ်စွမ်းဖြင့် တားနိုင်စွမ်း မရှိကြပေ။

သူတို့မစွမ်းနိုင်သဖြင့် စွမ်းနိုင်မည်ထင်သော နတ်များကို အားကိုးလာကြသည်။

တောစောင့်နတ်၊ တောင်စောင့်နတ်၊ ရွာစောင့်နတ်ဆိုသည့် မမြင်ရသည့် နတ်အပေါင်းက ကာကွယ်‌ပေးနိုင်လိမ့်မည်ဟု ယူဆကြသည်။

ထိုကြောင့် ဖယောင်းတိုင်ထွန်းကာ နတ်အပေါင်းကို အားကိုးတကြီး ပူဇော်လာကြခြင်းဖြစ်သည်။

ဦးထွန်းရှိန်မှာ ညနေပိုင်း ဖယောင်းတိုင်ထွန်းရန် ပျက်ကွက်မည်ကို အလွန်စိုးရိမ်သူဖြစ်သည်။

“သုံးရက်၊ သုံးည ထွန်းရမှာ။ ညနေပိုင်း မထွန်းဖြစ်ရင် မိုးသာထ( မိုးသောက်ယံ) မှာ ထထွန်းတယ်” ဟု ဦးထွန်းရှိန်က ပြောသည်။

စစ်ပွဲကို ကြောက်ကြသည်မှာမဆန်းလှပေ။ မည်သူက မကြောက်ဘဲနေမည်နည်း။ မကြောက်ဟုဆိုသူသည် လိမ်နေသည်သာဖြစ်ပါလိမ့်မည်။

ကျောင်းသားမရှိသည့် စာသင်ကျောင်းများနှင့် စာသင်ကျောင်းမရှိသည့် ကျောင်းသားများ၊ ဆေးရုံမရှိသည့် လူနာများနှင့် လူနာမရှိသည့် ဆေးရုံများ၊ လူမရှိသည့်နေအိမ်များနှင့် နေအိမ်မရှိတော့သည့် လူများမှာ ပဋိပက္ခဒေသ၏ သင်္ကေတများပင် ဖြစ်နေသည် မဟုတ်ပါလား။

ထပ်တိုးလာသည့် နောက်သင်္ကေတတစ်ခုမှာ ဖယောင်းတိုင်းလေးများဖြစ်သည်။

ထိုဖယောင်းတိုင်များသည် ဒေသခံတို့၏ စိုးရိမ်းကြောင်းကြမှုများကို စာဖွဲ့ညွန်းဆိုလျက်ရှိသည်။

ရွာတိုင်း ဖယောင်တိုင်းထွန်းကြသည့်အချက်မှာ တူညီကြသော်လည်း မတူညီသည်မှာ ထွန်းရသည့် အကြာင်းပြချက်ဖြစ်သည်။

တောစောင့်နတ်၊ တောင်စောင့်နတ်တို့က ဝင်ပူးပြီး သတိပေးထားသည်ဟု ပြောသူလည်းရှိသည်။ တစ်ရွာနှင့်တစ်ရွာမတူကြချေ။

ဦးထွန်းရှိန်တို့ရွာတွင်မူ ရွာဦးကျောင်းဆရာတော်က ထွန်းခိုင်းသည်ဟုဆို၏။

ပါမောက္ခချုပ်ဆရာတော် ဒေါက်တာအရှင်နန္ဒာမာလာဘိဝံသ၏ တရားတစ်ပုဒ်တွင် ဗုဒ္ဓမြတ်စွာဘုရားသည် “အတ္တာဟိ အတ္တနော နာထော” ဟု ဟေားကြားခဲ့ကြောင်း နာယူမှတ်သားဖူးသည်။

“မိမိကိုယ်သာ ကိုးကွယ်ရာ” ဟု အဓိပ္ပါယ်ရ၏။

ဆရာတော်ဘုရားကြီးက “လူတွေသည် အားကိုးရာရှာကြ၏။ အားကိုးရာရှာကြရာတွင် ပုဂ္ဂိုလ်ကိုရှာကြသည်။ ပုဂ္ဂိုလ်သည် ထာဝရအားကိုးရာမဟုတ်၊ ထာဝရအားကိုးရာသည် မိမိကိုယ်သာဖြစ်သည်ဟု မြတ်စွာဘုရားက ဟောကြားခဲ့ကြောင်း ” ထိုတရားတွင် ဟောကြားထားသည်။

‌ဖယောင်းတိုင်မီးပူဇော်ခြင်းသည် အားကိုးရှာခြင်း တစ်မျိုးပင်မဟုတ်ပါလား။

တစ်ချို့ရွာများတွင်မူ ကန်တော့ပွဲများကို မြေကွက်လပ်တွင် စင်ထိုးပူးဇော်နေကြသည်ကိုလည်း တွေ့ရသည်။

ရွာရှင်နတ်ကို ကန်တော့ပွဲဖြင့် ပူဇော်သူလည်းရှိသည်။

တစ်ရွာလုံးကြားစေရန် အသံချဲ့စက်ဖြင့် ပဌာန်းရွတ်သည့်ရွာလည်း ရွတ်ကြသည်။

သို့သည့်တိုင် ကပ်ကြီးသုံးပါး(လက်နက်ဘေးဖြင့်သေကြေပျက်စီးသောကပ်၊ ရောဂါဘေးဖြင့် သေကြေပျက်စီးသောကပ်၊ ငတ်မွတ်ခေါင်းပါးခြင်းဘေးဖြင့် သေကြေပျက်စီးသောကပ် ဟူသည့်ကပ်ကြီးသုံးမျိုး)မှ လွတ်မြောက်နိုင်ရေး မစွမ်းနိုင်။

အထူးသဖြင့်တော့ လတ်တလောကြုံတွေ့နေရသည့် သတ္တန္တရကပ် (လက်နက်ဘေးဖြင့် သေကြေပျက်စီးသောကပ်) ကို တာဆီးနိုင်စွမ်းမရှိသည်ကတော့ သေချာလှသည်။

ဖယောင်းတိုင်းသုံးတိုင် ထွန်းယုံဖြင့် တားဆီးနိုင်မည်မဟုတ်ဟု သူတို့လည်း နားလည်လက်ခံ နိုင်မည်ထင်သည်။

သို့သော် ရှောင်လွှဲမရသည့် ပဋိပက္ခများအကြားတွင် နေထိုင်နိုင်ရေးအတွက် စိတ်သက်သာရာ သက်သာကြောင်း လုပ်ဆောင်နေကြခြင်းသာ ဖြစ်ဖွယ်ရှိပေသည်။

မီးလောင်သဖြင့် တိုသွားသော ဖယောင်းတိုင်လေးများနှင့်အတူ အကြောက်တရား အချို့လည်း လွင့်ပါးသွားမည်ဆိုပါက ယာယီစိတ်သက်သာမှုများ ရနိုင်ပေမည်။

စစ်အာဏာရှင်တစ်စု၏ အာဏာတပ်မက်စိတ်ဖြင့် တိုင်းပြည်အာဏာ သိမ်းလိုက်မှုကြောင့် မြန်မာနိုင်ငံအတွင်း အမှီပြုနေထိုင်ကြသည့် နိုင်ငံသားများမှာ ပဋိပက္ခနွံအတွင်း ကျရောက်သွားကြရသည်။

ပြည်သူများမှာလည်း ကြောက်ရွံ့စိတ်ဖြင့် ရှင်သန်နေကြရသလို အာဏာရှင်တစ်ခုမှာလည်း ကြောက်ရွံ့စိတ်ဖြင့် ရှင်သန်နေကြရပြီ။

တိုင်းပြည်လည်း ပျက်စီးစပြုနေသလို လူငယ်အများစု၏ အနာဂတ်များလည်း ပျောက်ကွယ်သွားပြီဖြစ်သည်။

ဒေသခံများ၏ ဖယောင်းတိုင်လေး ၃ တိုင် စွမ်းနိုင်လျှင်ဖြင့် မြန်မာနိုင်ငံ စစ်အာဏာရှင်အောက်က အမြန်ဆုံးလွတ်မြောက်ပြီး ပြည်သူများလည်း ကြောက်ရွံ့ခြင်းကင်းစွာ ရှင်သန်နိုင်ပါစေကြောင်း ဆုတောင်းလိုက်ချင်သည်။