ရှေးဟောင်းစ္စည်းအပ်နှံပါက ဆုကြေးတိုးပေးရန်စီစဉ်

0
220
Dawei Watch, Dawei News, Dawei News Media

ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် ပစ္စည်းများ အပ်နှံလာပါက ပေးအပ်သည့် ဆုကြေးကို ခေတ်ကာလနှင့်အညီ တိုးမြှင့်ပေးရန် တွက်ချက်နေကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန ထားဝယ်ဌာနခွဲထံမှ သိရသည်။

ဆုချီးမြှင့်ရာတွင် လာရောက်အပ်နှံသည့် ပစ္စည်း၏ ကာလတန်းဖို၊ ခေတ်ဆုကြေး၊ လက်ရာကြေး တို့ကိုပေါင်းကာ ဆုချီးမြှင့်ခြင်းဖြစ်သည်၊။

ဥပမာ ပုဂံခေတ်သုံး တစ်ကျပ်သား ရွှေထည်ပစ္စည်းတစ်ခုခုကို လာရောက် အပ်နှံပါက ရွှေတစ်ကျပ်သားကာလ ပေါက်ဈေး၊ ပုဂံခေတ်ဖြစ်သောကြောင့် ခေတ်ကြေးအဖြစ် ရွှေတန်ဖိုး၏ ၇၀ ရာခိုင်နှုန်း၊ လက်ရာပစ္စည်းမပျက်စီးသေးဘဲ ကောင်းမွန်နေလျှင် ရွှေတန်ဖိုး၏ ၇၀ ရာခိုင်နူန်း၊ အသင့်အတင့်ဆိုလျှင် ၆၀ ရာခိုင်နှုန်း စသည်ဖြင့် ပေါင်းကာ ဆုကြေးအဖြစ် ချီးမြှင့်ခြင်းဖြစ်သည်။

“ဒီလိုဆုကြေးကိုထိုက်ထိုက်တန်တန်ပေးအပ်မှာသာ ဒေသအတွင်းက ရှေးဟောင်းအမွေအနှစ်တွေ အခြားနိုင်ငံ ရောက်သွားမှာကို ကာကွယ်နိုင်တာပေါ့” ဟု ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ထားဝယ်ဌာနခွဲမှ လက်ထောက်ညွန်ကြားရေးမှူး ဦးခင်မောင်စိုးကဆိုသည်။

ဆုကြေးပြင်ဆင်သတ်မှတ်ခြင်းကို ၂၀၁၄-၁၅ ခုနှစ်တွင်တစ်ကြိမ် ပြုလုပ် ခဲ့ဖူးပြီး ယခု ၂၀၂၀ ပြည့်နှစ်တွင် နောက်တစ်ကြိမ် ခေတ်နှင့်လျော်ညီသည့် ဆုကြေးဖြစ်ရန် ပြင်ဆင်နေကြောင်း ဦးခင်မောင်စိုးက ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၁ ရက်က ရေဖြူမြို့နယ် ကံပေါက်ဒေသ ပယ (အနောက်) ရွာသား ဦးတင်လှက အေဒီ ၁၅၊ ၁၆ ရာစု ခန့်က စဥ့်ထည်ပစ္စည်း ၁၆ မျိုးလာရောက်အပ်နှံခဲ့ပြီး ဆုကြေးအဖြစ် ကျပ်လေးသိန်းကျော်ကို ချီးမြှင့် ပေးခဲ့သည်။

ယင်းအပြင် ဒီဇင်ဘာလ ၁၀ ရက် က ထားဝယ်မြို့ကြက်စားပြင်ရပ်ကွက်နေ ဦးအောင်မျိုးသက်မှ ပျူခေတ်ကျောက် ပုတီးစေ့များ၊ မြေပုတီးစေ့များ၊ ရခိုင်၊ မွန် ဒင်္ဂါးများလာရောက်အပ်နှံခဲ့သဖြင့် ဆုကြေး ခြောက်သိန်းကျော်ပေးအပ်ချီး မြှင့်ခဲ့သည်။

တင်ဌေး