တရားမဝင် မြေကွက်ရိုက်ရောင်းချမှု တိုင်းအစိုးရ မထိန်းချုပ်နိုင်သေး

0
219
လောင်းလုံးမြို့နယ် သောကြာပြင်ကျေးရွာတွင် မြေကွက်ရိုက်ရောင်းချပြီးဖြစ်သည့် နေရာတစ်ခုကို ဒီဇင်ဘာလ ၁၇ ရက်နေ့က တွေ့ရစဉ်။

တရားမဝင် မြေကွက်ရိုက်ရောင်း ချပါက ကျောသားရင်သားမခွဲခြားဘဲ ထိထိရောက်ရောက်ရောက် အရေးယူမည် ဟု တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီး ချုပ်ဦးမြင့်မောင်က ပြောကြားထားသည်။

ယခုနှစ် ဇူလိုင်လ ၂၁ ရက်နေ့က ပြုလုပ်သည့် တိုင်းအစိုးရအဖွဲ့၏ သတင်းစာရှင်းလင်းပွဲတွင် ယင်းကဲ့သို့ ပြောဆိုထားခြင်း ဖြစ်ပြီး ယခင်ကလည်း ယင်းကဲ့သို့ ပြောဆိုခဲ့ဖူးသည်။

သို့သော် လက်ရှိအချိန်ထိ သစ်ပင် အပြောင်ရှင်းပြီး မြေအကွက်ရိုက်ရောင်းချမှုများ ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်နေကြဆဲ ဖြစ်သည်။

အချို့နေရာများတွင် ရော်ဘာခြံ ကိုဝယ်ယူပြီးနောက် ရော်ဘာပင်များကို အပြောင်ရှင်းကာ အကွက်ရိုက်ရောင်း ချနေကြသည်။

တန်ဖိုးအသင့်အတင့်ရှိသည့် အဆိုပါမြေကွက်များကို နေထိုင်ရန် အခက်အခဲရှိသည့် အခြေခံလူတန်းစားများ ဝယ်ယူကြသကဲ့သို့ အမြတ်အစွန်း ရရှိရေးအတွက်ရည်ရွယ်ပြီး တစ်ဆင့်ခံ ဝယ်ရောင်းလုပ်သူများလည်း ဝယ်ယူထား ကြသည်။

လက်ရှိတွင်လည်း လောင်းလုံးမြို့ နယ်အတွင်းရှိ တောရှည်ကျေးရွာအဝင် မောင်းမကန်ကမ်းခြေသို့သွားသည့် လမ်းမကြီးဘေးတွင် ၂ ဧကကျော် အကျယ်အဝန်းရှိသည့် ဥယျာဉ်ခြံမြေကို စက်ယန္တရားကြီးများဖြင့် ရှင်းလင်းနေပြီး အကွက်ရိုက်ရောင်းချနေသည်။

သစ်ပင်များရှင်းလင်းထားသည့် ယင်းမြေနေရာတွင် ပေ ၂၀၊ ပေ ၆၀ အကျယ်ရှိသည့် မြေတစ်ကွက်လျှင် လမ်းမကြီးနှင့် အနီးအဝေးအပေါ်မူတည်ကာ ကျပ် ၁၅ သိန်းဝန်းကျင်မှ သိန်းရာချီဖြင့် ရောင်းချနေကြောင်း သိရသည်။

ယင်းကဲ့သို့ သစ်ပင်များအား အပြောင်ရှင်းနေခြင်းကိုသိရှိသော်လည်း မတားမြစ်ဘဲ အခြားနည်းလုပ်ကိုင်ခွင့် လျှောက်ထားရန် တိုက်တွန်းထားပြီး ဥယျာဉ်ခြံမြေဖြစ်သည့်အတွက် ကွမ်းပင်ပြန်စိုက်ရန် ပြောဆိုထားကြောင်း တောရှည်ကျေးရွာတာဝန်ခံ(ရာအိမ်မှူး) ဦးနေမြင့်အောင်က ဆိုသည်။

မြေအကွက်ရိုက်ရောင်းသည့် လုပ်ငန်းရှင်မှာ ရပ်ရွာအတွင်း ကျေးရွာ ဆေးပေးခန်း တည်ဆောက်ရန်အတွက် မြေလှူဒါန်းပေးခြင်း၊ လမ်းတံတားများ ဆောက်လုပ်လှူဒါန်းထားကြောင်း ၎င်းက ပြောသည်။

“အဓိကကတော့ ရွာကို ပိုပြီးစည် စေချင်တယ်။ ဘောင်ထဲကတော့ သွားချင် တာပေါ့ခင်ဗျား။ တရားဥပဒေဘောင်ထဲကတော့ ဖြစ်စေချင်တယ်” ဟု ဦးနေမြင့် အောင်က ဆိုသည်။

အဆိုပါနေရာမှာ မောင်းမကန်ကြိုး ပြင်ကာကွယ်တောအဖြစ် သတ်မှတ်ထား သည့် ဧရိယာနှင့် လွတ်ကင်းခြင်း ရှိ/ မရှိကိုမူ ရှင်းရှင်းလင်းလင်း မသိရသေး ပေ။

ကျေးရွာတာဝန်ခံကမူ အဆိုပါ မြေကွက်တွင် လယ်ယာမြေလုပ်ပိုင်ခွင့် လက်မှတ်(ပုံစံ- ၇) ရှိသည်ဟု ဆိုသည်။

သစ်ပင်အပြောင်ရှင်းပြီး မြေကွက် ရိုက်ရောင်းချနေခြင်းကို တောရှည်ကျေး ရွာအပြင် ထားဝယ်ခရိုင်အနှံ့အပြားတွင် ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်နေကြဆဲ ဖြစ်သည်။

သက်ဆိုင်ရာ ဌာနမှလည်း မြေကွက် ရိုက်ရောင်းချသူအချို့ကို တရားစွဲဆို အရေးယူများ လုပ်ဆောင်ထားသော် လည်း ရပ်တန့်သွားခြင်း မရှိပေ။

ပုဂေါဇွန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးရီစွမ်ကမူ လက်ရှိတွင် ရေဖြူမြို့နယ်ရှိ ကျေးရွာအချို့၌ တရားမဝင် မြေကွက် ရိုက်ရောင်းချမှု များပြားလာပြီး ရပ်ကျေး လယ်ယာမြေစီမံ ခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ ကိုယ်တိုင် မတားဆီးနိုင်ဘဲ လက်လျှော့ ထားရသည်ဟု ပြောသည်။

တနင်္သာရီတိုင်းအတွင်း လက်ရှိ အစိုးရ စတင်တာဝန်ယူချိန်မှ ၂၀၂၀ ခုနှစ်၊ ဇွန်လကုန်အထိ စာရင်းအရ လယ်ယာမြေပေါ်တွင် ခွင့်ပြုချက်မရှိဘဲ အခြားနည်း အသုံးပြုထားသည့်အတွက် တရားစွဲဆိုထားမှု ၁၁ မှုနှင့် တားမြစ်စာ ၅၈ စောင် ထုတ်ထားပြီး ဖြစ်ကြောင်း တိုင်းမြေစာရင်းဦးစီးဌာနထံမှ သိရသည်။

“ကျွန်တော်တို့အနေနဲ့ မေတ္တာရပ်ခံ ချင်တာကတော့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ မလုပ်ပါနဲ့။ လုပ်ရင် နောက်ထပ်ပြင်ဆင်ထားတဲ့ လယ်ယာမြေဥပဒေနဲ့အညီ ထိထိရောက်ရောက် အရေးယူသွားဖို့ရှိပါတယ်” ဟု ဝန်ကြီးချုပ် ဦးမြင့်မောင်က ပြောဆိုထားသည်။

တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေးကမူ ယင်းကဲ့သို့ဖြစ်နေသည့် အခင်းအကျင်းမှာ မဖြစ်သင့်သည့် အနေအထားဖြစ်နေသည်ဟုဆိုသည်။

“ဒါကြီးက သိပ်မကောင်းဘူးပေါ့နော်။ ပြောတဲ့အတိုင်း မလုပ်ဘူးဆိုတဲ့ သဘော သွားဖြစ်နေတယ်။ ဒါဆိုရင် အာဏာမတည်မြဲဘူး ဆိုတဲ့သဘော သက်ရောက်တတ်တယ်” ဟု ဦးခင်မောင်အေးက ပြောသည်။

လက်ရှိ လူဦးရေတိုးပွားမှုအနေ အထားအရ ရပ်ရွာအတွင်း မြေလိုအပ် ချက်ရှိနေသည့်အပေါ် တိုင်းအစိုးရအနေဖြင့် အိမ်ယာမြေကွက်များ စီမံဖော်ထုတ် ပေးသင့်ကြောင်း ၎င်းက ဆိုသည်။

မြို့ပြအကွက်များဖြင့် စနစ်တကျ ဖော်ဆောင်နိုင်ရေးအတွက် ဘတ်ဂျက်ငွေကြေးသုံးစွဲသင့်ကြောင်း ဦးခင်မောင်အေး က ပြောသည်။

၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ တနင်္သာရီတိုင်းအတွင်း အိမ်ထောင်စုပေါင်း သုံးသိန်းနီးပါးရှိပြီး ၎င်းအနက်မှ အိမ်ထောင်စုပေါင်း ခြောက်သောင်းခွဲကျော်တွင် ကိုယ်ပိုင်အိမ်မရှိကြပေ။