မွန်တွင် HIV ဝေဒနာရှင် နှစ်စဉ် ၅၀ဝ မှ ၁၀ဝ၀ အကြား တိုးလာဟုဆို

0
222
Dawei Watch, Dawei News, Dawei News Media

မွန်ပြည်နယ်အတွင်း HIV ဝေဒနာ ရှင်ဦးရေမှာ နှစ်စဉ် ၅၀ဝ မှ ၁၀ဝ၀ အကြား တိုးလာနေသည်ဟု မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဌာန ခုခံအားကျ ဆင်းမှုကူးစက်ရောဂါနှင့် ကာလသားရောဂါတိုက်ဖျက်ရေးအဖွဲ့တို့ထံမှ သိရ သည်။

မွန်ပြည်နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ဒုတိယအပတ်အထိ စာရင်း အရ HIV ဝေဒနာရှင် ၇၀ဝ၀ ခန့်ရှိသည် ဟု ပြည်နယ် ပြည်သူ့ကျန်းမာရေးဌာန ခုခံအားကျဆင်းမှုကူးစက်ရောဂါနှင့် ကာလသားရောဂါတိုက်ဖျက်ရေးအဖွဲ့ ခေါင်းဆောင် ဒေါက်တာမင်းသူက ပြောသည်။

“တစ်နှစ်နဲ့တစ်နှစ်က များလာတယ်။ ၅၀ဝ ကနေ ၁၀ဝ၀ ကြားကနေ တက်လာတယ်။ ဆိုလိုတာက ဒီနှစ် ၇၀ဝ၀ ဆိုလို့ရှိရင် နောင်နှစ် ၇၅၀ဝ နဲ့ ၈၀ဝ၀ ကြား တက်သွားတယ်။ အဲလိုဖြစ် နေတယ် လျော့သွားတာမရှိဘူး” ဟု ၎င်း က ပြောသည်။

ပြည်နယ်အတွင်း HIV ဝေဒနာရှင် နှစ်စဉ် များလာရသည့်အကြောင်းအရင်း မှာ ပြည်တွင်း၊ ပြည်ပရွှေ့ပြောင်းလုပ်သား များလာခြင်းနှင့် လိင်တူချစ်သူများများ လာခြင်းတို့ကြောင့်ဖြစ်သည်ဟု ဒေါက်တာ မင်းသူက ပြောသည်။

ပြည်နယ်အတွင်းရှိ HIV ဝေဒနာ ရှင် ၇၀ဝ၀ ထဲတွင်လည်း ရွှေ့ပြောင်းလုပ် သားနှင့် လိင်တူချစ်သူအုပ်စုတို့က အများဆုံးဖြစ်နေသည်ဟုလည်း ပြည်နယ် ပြည်သူ့ကျန်းမာရေးဌာန ခုခံအား ကျဆင်းမှုကူးစက်ရောဂါနှင့် ကာလသား ရောဂါတိုက်ဖျက်ရေးအဖွဲ့မှ သိရသည်။

၎င်းပြင် HIV ဝေဒနာရှင် လိင်တူ ချစ်သူများထဲတွင် ယခုနောက်ပိုင်း အသက် ၁၆-၁၇ နှစ် လူငယ်များလည်း တွေ့လာရသည်ဟု ဒေါက်တာမင်းသူက ဆက် ပြောသည်။

မွန်ပြည်နယ်တွင် HIV/AIDS နှင့် ပတ်သက်ပြီး အစိုးရဆေးရုံ၊ ဆေးပေးခန်းများအပြင် IOM၊ Marie Stopes Myanmar၊ မေတ္တာရှင်၊ မေတ္တာစေတမာန်နှင့် MAM (Medical Action Myanmar) အစရှိသည့် NGO၊ INGO အဖွဲ့အစည်းတို့က လုပ်ဆောင်နေသည်ဟု သိရသည်။