မြန်မာ့ရေပိုင်နက်အတွင်း ကျူးကျော်ငါးမျှားသူ ထိုင်းနိုင်ငံသား ၂၀ ကို ချစ်ကြည်ရေးအတွက် ပြန်လွှတ်

0
146
Dawei Watch, Dawei News, Dawei News Media

မြန်မာ့ရေပိုင်နက်အတွင်း ကျူး ကျော်ငါးမျှားခဲ့သည့် ထိုင်းနိုင်ငံသား ၂၀ ဦးအား နှစ်နိုင်ငံချစ်ကြည်ရေးအတွက် ဒေသဆိုင်ရာအာဏာပိုင်များက ဒီဇင်ဘာ ၁၅ ရက်နေ့တွင် ပြန်လည်လွှဲပြောင်းခဲ့ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာကော့သောင်း မြို့နယ် ဦးစီးမှူးရုံး(လဝက)ထံမှ သိရသည်။

ကော့သောင်း အက်ဒမန်ပင်လယ် မြန်မာ့ရေပိုင်နက်အတွင်း ကျူးကျော် ဝင်ရောက်ကာ ငါးမျှားနေသည့် ထိုင်းအပျော်စီးလှေတစ်စီးကို တပ်မတော်ရေ က နိုဝင်ဘာ ၇ ရက်နေ့က ဖမ်းဆီးခဲ့ပြီး ဖမ်းမိသူများတွင် ထိုင်းနိုင်ငံသား ၂၁ ဦး၊ တရုတ်နိုင်ငံသား တစ်ဦးနှင့် မြန်မာနိုင်ငံသား နှစ်ဦးတို့ ပါဝင်သည်ဟု ကော့ သောင်းငါးလုပ်ငန်းဦးစီးဌာနနှင့် ကော့သောင်းမြို့နယ် လဝကထံမှ သိရသည်။

ဖမ်းမိခဲ့သူများကို တပ်မတော် (ရေ)က ကော့သောင်း လဝကသို့ လွှဲပြောင်းအပ်နှံခဲ့သည်ဟု အထက်ပါဌာန မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

တပ်မတော်(ရေ)က လွဲပြောင်းခဲ့သူများကို ကော့သောင်းမြို့၊ အောင်သု ခရပ်ကွက်ရှိ အထက(၁)ကျောင်း ကွာရန်တင်းစင်တာတွင် အသွားအလာကန့် သတ်စောင့်ကြည့်ခဲ့ပြီး ၎င်းတို့အားလုံးတွင် ကိုဗစ်-၁၉ ရောဂါပိုးမတွေ့ရဟု တာဝန်ရှိသူက ပြောသည်။

ဖမ်းဆီးရမိသည့် ၂၄ ဦးအနက် ထိုင်းနိုင်ငံသားပဲ့နင်းတစ်ဦး၊ လက်ထောက် ပဲ့နင်းတစ်ဦးနှင့် မြန်မာနိုင်ငံသား လှေလုပ်သားနှစ်ဦးကို မြန်မာနိုင်ငံ လူဝင်မှု ကြီးကြပ်ရေး အက်ဥပဒေပုဒ်မ ၁၃(၁) ဖြင့် တရားစွဲဆိုထားသည်ဟု သိရသည်။

“ကျန်တဲ့ ၂၀ ကတော့ နှစ်နိုင်ငံ ချစ်ကြည်ရေးအရ လွှဲပြောင်းပေးလိုက် တာပေါ့” ဟု တာဝန်ရှိသူက ဆိုသည်။

မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေ ပုဒ်မ ၁၃(၁) အရ တရားစီရင်ခြင်းခံရပါက ထောင်ဒဏ် ၆ လမှ ၅ နှစ်အထိ ချမှတ်နိုင်ပြီး ငွေဒဏ်မှာ တရားသူကြီး၏ ဆင်ခြင်တုံတရား အပေါ်မူတည်သည်ဟု ၎င်းက ပြောသည်။

မိုးမြင့်