သဘင်၊ ဂီတ၊ မီဒီယာလုပ်ငန်းများ ကိုဗစ်ချေးငွေရမည်

0
219
Dawei Watch, Dawei News, Dawei News Media

ကိုဗစ်ကပ်ဘေးကြောင့် ထိခိုက်မှုရှိသည့် သဘင်၊ ဂီတ၊ ရုပ်ရှင်နှင့် မီဒီယာ လုပ်ငန်းများကို ကိုဗစ်ချေးငွေ ထုတ်ချေးရန် စီစဉ်နေကြောင်း တနင်္သာရီတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ် ငန်းရှင်များအသင်းထံမှ သိရသည်။

အဆိုပါလုပ်ငန်းများကို ချေးငွေ ထုတ်ချေးနိုင်ရေး အဆင်သင့်ပြင်ဆင်ထားရန် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) မှ အကြောင်းကြားထားကြောင်း တိုင်းကုန်သည်/စက်မှု အသင်း ဥက္ကဋ္ဌ ဦးကျော်ကျော်ဦးက ဆိုသည်။

“နောက်တစ်ပတ်လောက်ထဲမှာ ဒါကိုဆောင်ရွက်ပေးရမယ်ဆိုပြီးပြော တယ်” ဟု ဦးကျော်ကျော်ဦးက ပြောသည်။

ကိုဗစ်ကုစားရေး ချေးငွေထုတ်ချေးခြင်းကို ဒုတိယအကြိမ်အထိ ထုတ်ချေးခဲ့ ပြီးဖြစ်ကာ စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်း၊ ရေထွက် ပစ္စည်းထုတ်လုပ်သည့် လုပ်ငန်း၊ ပြည်ပပို့ကုန် ထုတ်လုပ်သည့် ကုန်ထုတ်လုပ်ငန်း၊ သွင်းကုန်အစားထိုး ပစ္စည်းထုတ်လုပ်သည့် လုပ်ငန်း၊ စားသောက်ကုန်ထုတ်လုပ်သည့်လုပ်ငန်း၊ ဟိုတယ်လုပ်ငန်း အစရှိသည့် လုပ်ငန်းများ ပါဝင်သည်။

အထက်ပါလုပ်ငန်းများကို ထုတ်ချေးစဉ်က အတိုးနှုန်းကို ၁ ရာခိုင်နှုန်းသတ် မှတ်ထားပြီး ချေးငွေကာလကို တစ်နှစ် ဆိုင်းငံ့ကာလ သတ်မှတ်ထားသည်။

လက်ရှိကိုဗစ်ချေးငွေထုတ်ချေးရန် ပြင်ဆင်နေသည့် လုပ်ငန်းများသည်လည်း ယခင်လုပ်ငန်းများနည်းတူ သက်ဆိုင်ရာ ဌာနမှ ထုတ်ပေးထားသည့် လုပ်ငန်းလိုင်စင်၊ အခွန်ကင်းရှင်းကြောင်း ထောက်ခံချက် အစရှိသည့် အထောက်အထားများ လိုအပ်မည်ဖြစ်ကြောင်း ဦးကျော်ကျော်ဦး က ဆိုသည်။

ထုတ်ချေးမည့်ငွေပမာဏမှာမူ လုပ်ငန်း၏ ရင်းနှီးမြှုပ်နှံမှုပမာဏအပေါ် မူတည်ကာ ထုတ်ချေးမည်ဟုထင်ကြောင်း ဦးကျော်ကျော်ဦးက ပြောသည်။

ယခုနှစ်တွင် ကိုဗစ်ကပ်ဘေးကြောင့် လူစုလူဝေးဖြစ်စေသည့် ဇာတ်ပွဲဖျော်ဖြေ ခွင့်များပါ ပိတ်ထားသည့်အတွက် ဇာတ်ပွဲပိုင်ရှင်များလည်း အခက်အခဲများစွာ ကြုံတွေ့နေကြရသည်။

ဇာတ်ပွဲကရန်အတွက် ဇာတ်အဖွဲ့ သားများနှင့် လိုအပ်သည့်ပစ္စည်းများဝယ် ယူဖြည့်ဆည်းပြီးချိန်မှ ကိုဗစ်ကပ်ဘေးကြောင့် ဇာတ်ကပွဲမရသဖြင့် ဇာတ်ပိုင်ရှင် များအပြင် ဇာတ်အဖွဲ့သားများလည်း အခက်ကြုံနေရကြောင်း ထားဝယ်မြို့နယ် သဘင်အစည်းအရုံးဥက္ကဋ္ဌ ဦးတင်မောင်ရွှေ က ဆိုသည်။

“ချေးငွေထုတ်ချေးပေးမယ်ဆိုရင်တော့ အတိုင်းမသိ ဝမ်းသာရမယ့် အခြေ အနေမျိုးပေါ့နော်” ဟု ဦးတင်မောင်ရွှေက ပြောသည်။

ဇာတ်အဖွဲ့တစ်ဖွဲ့လျှင် ရင်းနှီးမြှုပ်နှံမှုပမဏမှာ ပျမ်းမျှအားဖြင့် ကျပ်သိန်း ၅၀ဝ ခန့်ရှိပြီး တနင်္သာရီတိုင်းအတွင်း ဇာတ်သဘင် ၁၁ ဖွဲ့ရှိကြောင်း ဇာတ်သဘင် အသိုင်းအဝိုင်းထံမှ သိရသည်။

မီဒီယာလုပ်ငန်းအနေဖြင့် တနင်္သာရီတိုင်းအတွင်း အခြေစိုက်သည့်သတင်းဌာန လေးခုရှိသည့်အနက် အချို့သတင်းဌာနများမှာ လုပ်ငန်းယာယီရပ်နားထားသည်။