ငါးစည်သွပ်စက်ရုံအား လုပ်ငန်းအတည်ပြု

0
187
Dawei Watch, Dawei News, Dawei News Media

မြိတ်မြို့ရှိ အသားငါးစည်သွပ် စက်ရုံလုပ်ငန်းတစ်ခုကို လုပ်ငန်းလုပ်ခွင့် ပြုခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီထံမှ သိရသည်။

မြိတ်တောင်ကျေးရွာရှိ Ready အသားငါးစည်သွပ်ဘူး ထုတ်လုပ်ဖြန့်ဖြူးသည့်လုပ်ငန်းကို နိုဝင်ဘာလ ၂၄ ရက်နေ့က အတည်ပြုမိန့်ထုတ်ပေးခဲ့ခြင်း ဖြစ်သည်။

အဆိုပါစက်ရုံလည်ပတ်နေသည်မှာ လေးနှစ်ခန့်ရှိပြီဖြစ်ပြီး နိုင်ငံခြားတင် ပို့နေသည့်အတွက် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ အတည်ပြုမိန့်ကို ရယူခြင်းဖြစ်ကြောင်း ယင်းကော်မတီအတွင်းရေးမှူး ဒေါက်တာထွန်းထွန်းက ရှင်းပြသည်။

“Export (နိုင်ငံခြားသို့တင်ပို့)အဓိကလုပ်တဲ့အတွက်ကြောင့်မို့လို့ ကျွန်တော်တို့ ခွင့်ပြုချက်ယူရတော့မယ့် အခြေအနေပေါ့၊ International (အပြည်ပြည်ဆိုင်ရာ) ကို ဖောက်တဲ့အတွက်ကြောင့်မို့လို့” ဟု ၎င်းက ပြောသည်။

အဆိုပါ စက်ရုံကို ထိုင်းကုမ္ပဏီနှင့် မြန်မာကုမ္ပဏီတို့ ဖက်စပ်လုပ်ကိုင်နေ ဖြင်းဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုပမာဏမှာ ငွေကျပ်သန်းပေါင်း ၂၇၇၈ သန်းကျော်ရှိကြောင်း တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီထံမှ သိရသည်။

အမေရိကန်ဒေါ်လာ ငါးသန်း (သို့မဟုတ်) ငွေကျပ် သန်းပေါင်း ၆၀ဝ၀ အထိ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ လုပ်ကိုင်ခွင့်ပြုနိုင် (အတည်ပြုမိန့်ထုတ်ပေးနိုင်) သည့် တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှု ကော်မတီ(TRIC)ကို ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် ဇူလိုင်လက ဖွဲ့စည်းထားသည်။

အဆိုပါကော်မတီတွင် တိုင်းဒေသ ကြီးဝန်ကြီးချုပ်က ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ပြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးက အတွင်းရေးမှူးအဖြစ်ဆောင်ရွက်သည်။

TRIC တွင် ရင်းနှီးမြှုပ်ခွင့် အတည်ပြုမိန့် ရရှိပါက တိုင်းဒေသကြီးအတွင်း သတ်မှတ်ထားသည့် ဇုန်အလိုက် ဝင်ငွေ ခွန် ကင်းလွတ်ခွင့်၊ သက်သာခွင့်များ ရှိသည်။

တိုင်းအတွင်းရှိ ဖွံ့ဖြိုးမှုနည်းပါးသော ဇုန်အဖြစ်သတ်မှတ်ထားသည့် သရက်ချောင်း၊ ပုလော၊ တနင်္သာရီနှင့် ခမောက်ကြီးမြို့နယ်တို့တွင် ရင်းနှီးမြှုပ်နှံပါက ဝင်ငွေခွန်ကင်းလွတ်ခွင့်ကို ခုနစ်နှစ်သတ်မှတ်ထားသည်။

ဖွံ့ဖြိုးမှု အသင့်အတင့်ရှိသော ဒေသအဖြစ် သတ်မှတ်ထားသည့် ထားဝယ်မြို့နယ်၊ ရေဖြူ၊ လောင်းလုံး၊ ကျွန်းစု၊ မြိတ်၊ ကော့သောင်းနှင့် ဘုတ်ပြင်းမြို့ နယ်များတွင် ရင်းနှီးမြှုပ်နှံပါက ဝင်ငွေခွန် ကင်းလွတ်ခွင့်ကို ငါးနှစ် သတ်မှတ်ထားသည်။