၂၀၂၀ ရွေးကောက်ပွဲ တနင်္သာရီတိုင်းအတွက် ထူးခြားချက်များ

0
1338

တနင်္သာရီတိုင်းတွင် ဝင်ပြိုင်ကြမည့် ပါတီအသီးသီးက ကိုယ်စားလှယ်များ စာရင်း ထွက်ပေါ်လာလေပြီ။

ပါတီအသီးသီးနှင့် တစ်သီးပုဂ္ဂလများ၏ တင်သွင်းထားမှုအရ လာမည့် ရွေးကောက်ပွဲတွင် ဝင်ပြိုင်မည့် ကိုယ်စားလှယ် လောင်းဦးရေသည် ပြီးခဲ့သည့်ငါးနှစ်ကထက် တစ်ရာဝန်းကျင် တိုးလာသည်ကို တွေ့ ရှိရသည်။

တိုင်းအတွင်း မဲစာရင်းအချက်အလက်မှားယွင်းသူ နှစ်သောင်းကျော်၊ ဝန်ကြီးချုပ် မဲစာရင်းမပါ

ယင်းအချက်မှာ ပြိုင်ဆိုင်မှုပြင်း ထန်မည့်အသွင်ကို ဆောင်နေသည်။

တနင်္သာရီတိုင်း ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ ရရှိသည့် စာရင်းနှင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားသော အချက်အလက်များကို ကိုးကား၍ ၂၀၁၅ နှင့် ၂၀၂၀ ရွေးကောက်ပွဲနှစ်ခုတို့ကို နှိုင်းယှဉ်ကာ ထူးခြားချက်အချို့ကို ထုတ်နုတ် ဖော်ပြပါမည်။

၁။ ကိုယ်စာလှယ်လောင်းဦးရေတိုးလာ
၂၀၂၀ ရွေးကောက်ပွဲအတွက် ပါတီအသီးသီးမှ ရွေးချယ်ခံရန် တိုင်းရွေး ကောက်ပွဲကော်မရှင်ထံ လျှောက်လွှာ တင်သွင်းထားသူ စုစုပေါင်း ၂၇၃ ဦးရှိကြောင်း တိုင်းရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲစာရင်းအရ သိရသည်။
၂၀၁၅ ရွေးကောက်ပွဲတွင်မူ စုစုပေါင်း ၁၈၁ ဦးဝင်ပြိုင်ခဲ့ခြင်း ဖြစ်သည်။

၂၀၂၀ တွင် တနင်္သာရီတိုင်းသားများ ရွေးချယ်ရမည့် ကိုယ်စားလှယ်လောင်း ၉၂ ဦး ထပ်တိုးလာခြင်းဖြစ်သည်။ ယင်းမှာ ပထမထူးခြားချက်ဖြစ်သည်။

၂။ ပါတီအခြေအနေ
ကိုယ်စားလှယ်လောင်းအရေအတွက် တိုးလာသလို ပါတီအရေအတွက်လည်း ပိုများလာသည်။ ၂၀၁၅ ရွေးကောက်ပွဲ ကာလက ၁၂ ပါတီ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ ပြီး ယခုအခါ ၁၄ ပါတီ ဖြစ်သည်။ သို့သော် တနင်္သာရီတိုင်းတွင် လာရောက်အရွေး ချယ်မခံဘူးဘဲ ၂၀၂၀ ရောက်မှ ဝင်ရောက် ရွေးချယ်ခံလာသည့် မျက်နှာသစ်ပါတီ ခြောက်ပါတီရှိနေသည်။ အချို့ပါတီများက ယခုအကြိမ်တွင် ဝင်မပါတော့။

၂၀၁၅ ခုနှစ်က သုံးပါတီကွဲနေသော (မွန်အမျိုးသမီးပါတီ၊ မွန်အမျိုးသားပါတီ၊ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီ ပါတီ) တို့က မွန်ညီညွတ်ရေးပါတီအဖြစ်‌ ပေါင်းစည်းလိုက်သည်။

ယင်းကဲ့သို့ မွန်သုံးပါတီမှာ ပေါင်းစည်းလိုက်သဖြင့် ၂၀၂၀ တွင် တနင်္သာရီတိုင်းအတွင်း ဝင်ရောက်ယှဉ်ပြိုင်မည့် တိုင်းရင်းသားပါတီမှာ သုံးပါတီသာ ကျန်တော့သည်။ ၎င်းတို့မှာ ကရင်ပြည်သူ့ပါတီ၊ မွန်ညီညွတ်ရေးပါတီနှင့် ထားဝယ် တိုင်းရင်းသားများပါတီတို့ဖြစ်သည်။

မဲဆန္ဒနယ်အပြည့် တိုင်းလုံးကျွတ် ဝင်ပြိုင်မည့် ပါတီအရေအတွက်လည်း တိုးလာခဲ့သည်။ ၂၀၁၅ ခုနှစ်က NLDနှင့် USDP ပါတီကြီးနှစ်ခုသာ တိုင်းလုံးကျွတ်ဝင်ပြိုင်သော်လည်း ၂၀၂၀ တွင် လေးပါတီအထိ ရှိလာခဲ့သည်။

၎င်းတို့မှာ ပြီးခဲ့သည့်တစ်နှစ်ဝန်းကျင်ကမှ ပါတီတည်ထောင်ခဲ့ကြသည့် ပါတီသစ်များဖြစ်ပြီး သူရဦးရွှေမန်း၏ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ(UBP)နှင့် ဦးကျော်မြင့်၏ ညီညွတ်သောဒီမိုကရက် တစ်ပါတီ (UDP) တို့ ဖြစ်သည်။

၃။ ကရင်ဝန်ကြီး မဲဆန္ဒနယ်
တတိယ ထူးခြားချက်အနေဖြင့် တိုင်းအစိုးရအဖွဲ့တွင် ပါဝင်လာမည့် ကရင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာ အတွက် တိုင်းအတွင်းက ကရင်တိုင်း ရင်းသားများ ရွေးချယ်ရမည့်သူဦးရေ တိုးလာခဲ့သည်။

၂၀၁၅ ခုနှစ်က ကရင်တိုင်းရင်းသား ရေးရာဝန်ကြီးနေရာအတွက် ကရင် ပြည်သူ့ပါတီ၊ NLD နှင့် USDP စသည့် ပါတီသုံးခုသာ ယှဉ်ပြိုင်ခဲ့သော်လည်း ယခုတွင် ခုနစ်ဦးအထိ ရှိလာသည်။

ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီးဟောင်းဖြစ်သူ စောဟာဘီသည် ကရင်ပြည့်သူ့ ပါတီကိုယ်စားပြု ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ပြီး NLDမှ လက်ရှိ ကရင်ဝန်ကြီးဖြစ်သူ စောလုကာလည်း ထပ်ပြိုင်မည်ဖြစ်သည်။

၎င်းတို့အပြင် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ (UNDP)၊ ညီညွတ်သော ဒီမိုကရက်တစ်ပါတီ(UDP)၊ ပြည်ထောင်စုကောင်း ကျိုးဆောင်ပါတီ (UBP)၊ ကြံ့ခိုင်ရေးပါတီ(USDP)နှင့် ပြည်သူ့ရှေ့ဆောင်ပါတီ(PPP) တို့ ဖြစ်သည်။

၄။ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း
ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ဟောင်းတစ်ဦးဖြစ်သူ ဒေါက်တာညိုညိုသင်းသည် တနင်္သာရီ မြို့နယ် မဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရန် စာရင်းပေးထားသည်။

ယင်းသို့ တနင်္သာရီတိုင်းကို ရွေးချယ်လိုက်သည်ကလည်း စိတ်ဝင်းစားစရာ ဖြစ်သည်။

သူနှင့် အဓိက ပြိုင်ရမည့်သူဟုဆို နိုင်သူက NLDက ဦးရဲမြင့်ဆွေ (လက်ရှိ တနင်္သာရီတိုင်းလွှတ်တော်ကိုယ်စားလှယ်) ဖြစ်သည်။

ယင်းအပြင် ၂၀၁၅ ကတစ်သီးပုဂ္ဂလ ပြိုင်ခဲ့သူ ငါးဦးရှိပြီး ၂၀၂၀ တွင်လည်း ငါးဦးရှိသည်။

၅။ ဝန်ကြီးချုပ်၏ မဲဆန္ဒနယ်
လက်ရှိတိုင်းဝန်ကြီးချုပ်၏ မဲဆန္ဒနယ်ဖြစ်သော ကော့သောင်းမြို့နယ်၊ တိုင်းလွှတ်တော် အမှတ်(၂) တွင် ဝင်ပြိုင်ရန် စာရင်းသွင်းထားသူ ခြောက်ဦးရှိနေသည်။

ဝန်ကြီးချုပ်ဟောင်းဖြစ်သူ ဦးမြတ်ကိုကလည်း ထားဝယ်မဲဆန္ဒနယ် အမှတ်(၂) မှ တိုင်းလွှတ်တော်အတွက် ဝင်ပြိုင်မည် ဖြစ်သည်။ သူနှင့်အတူ NLDမှ ဒေါ်မိုးမိုးသူ အပါအဝင် စုစုပေါင်း ကိုးဦးမှာ ယင်းမဲဆန္ဒနယ်မှ ဝင်ပြိုင်ရန် စာရင်းသွင်း ထားကြသည်။

၆။ အခြား
လက်ရှိ လွှတ်တော်သုံးရပ်အတွက် ရွေးကောက်ပွဲဝင်ရန် စာရင်းသွင်းထားသူ စုစုပေါင်း ၂၇၃ ဦးတွင် အမျိုးသမီး ၁၆ ရာနှုန်းပါဝင်နေသည်။

၂၀၁၅ ခုနှစ်က ကိုယ်စားလှယ် ၁၃ ဦးဖြင့် လွှတ်တော်သုံးရပ်စလုံးကို ဝင်ရောက်ရွေးချယ်ခံခဲ့သော ထားဝယ် တိုင်းရင်းသားများပါတီသည် ၂၀၂၀ တွင် ကိုယ်စားလှယ် ၈ ဦးဖြင့် တိုင်းလွှတ်တော်တစ်ခုတည်းကိုသာ ဝင်ပြိုင်ရန် ပြင်ဆင်နေသည်။

၂၀၂၀ ရွေးကောက်ပွဲကို နိုဝင်ဘာ လ ၈ ရက်တွင် ကျင်းပမည်ဖြစ်ပြီး တိုင်းအတွင်း စုစုပေါင်းမဲပေးသူ ၁၁ သိန်း ကျော်ရှိကြောင်း တိုင်းရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။