ဒီရေတောထဲက တိုက်ပွဲ

0
1091

မြန်မာက္ကရာဇ် ၁၃၈၂ ခုနှစ်၊ ဒုတိယ ဝါဆိုလဆန်း ၁၄ ရက်၊ ခရစ်နှစ် ၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လ ၂ ရက်နေ့။ တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ နိဗ္ဗာန်ရွာ၊ ဒီရေတော လတာပြင်။

ဒီရေတောအတွင်း ပေါက်ဖွားရှင်သန် မှီတင်းနေထိုင်ကြကုန်သော ကဏန်း၊ ခရု၊ ရှပ်၊ ဝပ်နား၊ သဲပလုပ်၊ ဂျင်းကောင်၊ ဥ၊ ပတ်ကလိ၊ ပုအဲ၊ ခက်ရင်း၊ သင်္ဘောထွင်း၊ ပုစွန်၊ ဗျစ်ရှူး အစရှိသည့် ကွဲပြား စုံလင်လှစွာသော ရေသတ္တဝါအပေါင်းတို့ စုပေါင်းပြုလုပ်သည့် ဒီရေတောအတွင်းမှ “ရှင်သန်ခြင်းအတွက်တိုက်ပွဲ” ညီလာခံ။

ပင်လယ်ရေချို ရေငန်စပ်ချောင်း မြောင်းများတွင် ပေါက်ရောက်ရှင်သန်သည့် အမျိုးအစားစုံလင်လှစွာသော ဒီရေတောများအတွင်း ပေါက်ဖွားရှင်သန်ကုန်သော ရေသတ္တဝါအမျိုးမျိုးတို့မှာ ၎င်းတို့၏ မှီတင်းနေထိုင်ရှင်သန်ရာ ဒီရေတောများ အကြောင်းအမျိုးမျိုးကြောင့် ပျက်စီးလာပြီး အသက်ရှင်သန်မှုကို ခြိမ်းခြောက်မှုများ တစ်နေ့တခြား ဒီရေအလား တိုးပွားလာသဖြင့် ဆက်လက် အသက် ရှင်သန်ရပ်တည်နိုင်ရေး တိုက်ပွဲဝင်နိုင်ရန်အတွက် ညီလာခံသဘင်ကြီး ဆင်ယင် ကျင်းပကြရန် အကြံဖြစ်ပေါ်လာကြလေသည်။

ယနေ့ညီလာခံသဘင်အခမ်းအနားသို့ တနင်္သာရီတိုင်းတစ်နံတစ်လျားမှ ဒီရေတောနေရာများရှိ ရေသတ္တဝါ အစုအဖွဲ့တို့ စုံလင်စွာတက်ရောက်လာကြ လေသည်။

ထိုင်း-မြန်မာနယ်စပ် ပါချန်မြစ်အတွင်းရှိ မြန်မာဘက်ကမ်း ဒီရေတောများတွင် ရှင်သန်နေထိုင်ပြီး အသက်အိုးအိမ်စည်းစိမ်ကို ခြိမ်းခြောက်ခံနေရသဖြင့် အသက်ရှင်သန်ရေးအတွက် ထိုင်းနိုင်ငံဘက်ခြမ်းရှိ ဒီနေတောများအတွင်းသို့ ရွှေ့ပြောင်းနေထိုင်ရရန် အလားအလာများနေသည့် ဒီရေတောနေ ရေသတ္တဝါများကိုယ်စား ကဏန်းတို့က “ပါချန် ကဏန်းစစ်ကြောင်း” အမည်ဖြင့် ညီလာခံသို့ ချီလာကြသည်။

ကျွန်းစုမြို့နယ်အတွင်းရှိ ပုစွန်မွေးမြူရေးနှင့် ငါးမွေးကန်များ ဖော်ဆောင်မှုကြောင့် အပြောင်ရှင်းခံနေရသော ဒီရေ တောများအတွင်း ဘိုးဘေးအစဉ်အဆက် ရှင်သန်နေထိုင်ကြပြီး မျိုးဆက်ပြန့်ပွားရန်အတွက် အလွန်စိုးရိမ်ရသည့် အနေအထားတွင် ရောက်ရှိနေကြကုန်သော ဒီရေ တောနေ ရေသတ္တဝါများကိုယ်စား “ကျွန်းစု ခရုအာနီ” စစ်ကြောင်းအမည်ဖြင့် တက်ရောက်လာကြသည်။

ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်နှင့် သရက်ချောင်းမြို့နယ်များအတွင်း မြစ်ဖျားခံပြီး မြောက်မှ တောင်သို့ စီးဆင်းကာ မြိတ်မြို့တွင် အက်ဒမန်ပင်လယ်အတွင်းသို့ စီးဝင်သည့် တနင်္သာရီမြစ်မကြီးအဝရှိ သစ်ခုတ်ခြင်းနှင့် မီးသွေးဖုတ်လုပ်ငန်းများကြောင့် ပြုတ်ပြုတ်ပြုန်းရတော့မည့် ဒီရေတောများအတွင်း မှီခိုနေထိုင်ကြကုန်သော ရေသတ္တဝါများကိုယ်စား “တနင်္သာရီ ပုစွန်ဗိုက်ကြီးသည်များ” စစ်ကြောင်းမှ ချီတက်လာကြသည်။

ထားဝယ်မြစ်ရိုးတစ်လျှောက်ရှိ ကညုံကျွန်းကဲ့သို့သော ကျွန်းကြီးကျွန်း ငယ်များပတ်ပတ်လည်တွင် ရှင်သန် ပေါက်ရောက်သည့် ဒီရေတောများနှင့် မြစ်ဝမှ ကနက်သီရိ (နတ်ဆိ) ကဲ့သို့သော မြစ်ကမ်းဘေးရွာများမှ ဒီရေတောများမှ ရေသတ္တဝါများကိုယ်စားကား “ထားဝယ် မြစ်ကြောင်းဆိုင်ရာ ဂျင်းကောင်များ” စစ်ကြောင်းအမည်ဖြင့် ညီလာခံသို့တက် ရောက်ကြသည်။

ရေဖြူမြို့နယ် နဘုလယ်ဒေသရှိ ပန်းတင်အင်းချောင်းဝ၊ ကံပေါက်ဒေသရှိ ဇာဒီ(ပရဝ)ချောင်းဝနှင့် ဟိန္ဇဲချောင်းဝ ကဲ့သို့သောနေရာများမှ ဝိသမ လောဘသားတို့ အကွက်ရိုက်ရောင်းချမှုများ၊ ပတ်ဝန်းကျင်ပျက်စီးမှုကို ထည့်သွင်း စဉ်းစားခြင်းမရှိသည့် ဖွံ့ဖြိုးရေးအမည်ခံ အုပ်စုကောင်းစားရေး စီမံကိန်းကြီးများ အစရှိသည်တို့ကြောင့် ပျက်စီးတော့မည့် ဒီရေတောများမှ ရေသတ္တဝါများကိုယ်စား ကားရှပ်၊ ဝပ်နား၊ သင်္ဘောထွင်း၊ ဂျင်းကောင်၊ သစ်ပလုပ်၊ သဲပလုပ်ကောင်တို့၏ ရွေးချယ်တင်မြှောက်မှုအရ “ရေဖြူမြို့ နယ်လုံးဆိုင်ရာ ရှပ်မများ ကွန်ရက်စစ် ကြောင်း” အမည်ဖြင့် ညီလာခံသို့ချီလာ ကြလေသည်။

သို့ကလို တနင်္သာရီတိုင်းတစ်နံတစ်လျားရှိ အမျိုးအစားပေါင်း ၄၀ ကျော်သော ဒီရေတောများအတွင်း ပဋိသန္ဓေ တည်ကြကုန်သော ရေသတ္တဝါအပေါင်းသူတော်ကောင်းတို့ကား နိဗ္ဗာန်ရွာ ဒီရေတော လတာပြင်တွင် စုဝေးရောက်ရှိ လတ်ကြလေပြီ။

ဝါဆိုလဆန်း ၁၄ ရက်ဖြစ်သည့် အားလျော်စွာ နိဗ္ဗာန်ရွာနှင့် ရွာနီးချုပ်စပ်မှ ရပ်သူရွာသားအပေါင်းကား လူကြီးသူမတို့အား ဝါဆိုကန်တော့ရန်နှင့် ဘုရားကျောင်းကန်သွားရန် တာစူနေကြသဖြင့် ရာပေါင်းများစွာသော ရေသတ္တဝါတို့၏ ညီလာခံသဘင်အား အလေးဂရု မပြုမိကြပေ။

စစ်ကြောင်းအသီးသီး၏ အကြီးအမှူးတို့၏ မဲပေးရွေးချယ်မှုဖြင့် “ပါချန် ကဏန်းစစ်ကြောင်း” မှ ကဏန်းမည်းက ညီလာခံ၏ သဘာပတိအဖြစ် ဆောင်ရွက်လေသည်။

အခမ်အနားမှူးများအဖြစ် ဆောင်ရွက်ကြသည့် “တနင်္သာရီ ပုဇွန်ဗိုက်ကြီး သည်များ” စစ်ကြောင်း၏ စစ်ကြောင်း မှူးက အခမ်းအနားစတင်ကြောင်း ကြေညာလိုက်ချိန်တွင်ကား ရှူသံ၊ ရှပ်သံ၊ သဲပလုပ်သံ၊ ဂျင်းကောင်များ၏ အသံတို့ စီစီညံလျက်ရှိသော နိဗ္ဗာန်ရွာ လတာပြင်သည်ကား မီးကိုရေဖြင့် ငြိမ်းလိုက်ဘိသကဲ့သို့ တိတ်ဆိတ်သွားလေသည်။ ရေသတ္တဝါ အားလုံးတို့၏ မျက်နှာများသည်လည်း လေးနက်သည့် အသွင်သို့ ရုတ်ချည်း ပြောင်းလဲသွားကြလေပြီ။

သဘာပတိအဖြစ်ဆောင်ရွက်မည့် “ပါချန်ကဏန်းစစ်ကြောင်း” မှ အကြီးအမှူး ကဏန်းမည်းသည်ကား အသက် ၈၀ ကျော် ပညာရှိ ကဝိအကျော်တို့၏ ထုံးနှလုံးမူလျက် တည်ကြည်သော ကိုယ်ဟန်ဣန္ဒြေ၊ မစိပ်လှ မကျဲလှသော ခြေလှမ်း များဖြင့် နီးရာဒီရေတောပင် တစ်ပင်ပေါ် သို့ တက်လှမ်းလာကာ ပြူးထွက်နေသော မျက်စိနှစ်လုံးဖြင့် ရှေ့တူရူရှိ ရေသတ္တဝါ အပေါင်းသူတော်ကောင်းတို့အား စူးရှ စွာစိုက်ကြည့်လေသည်။

ထို့နောက် ၎င်းသည် ဇမ္ဗူဒီပါ လက်ယာတစ်ကျွန်းလုံးကို အောင်နိုင်သည့် စစ်သူကြီးအသံမျိုးဖြင့် သဘာပတိ၏ မိန့်ခွန်းကို မြွက်ဟလေသည်။

“မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ ရဲဘော်တို့။ ကျွန်ုပ်တို့ရဲ့ မင်္ဂလာရှိလှတဲ့ ဒီကနေ့စုဝေးမှုညီလာခံသဘင်ကို ဝေးလံ ခေါင်ဖျားဒေသတွေကနေ ကိုယ်ကျိုး စီးပွားမငဲ့ဘဲ မိမိတို့ ရေသတ္တဝါ အစုအဖွဲ့ အသီးသီးရဲ့ မျိုးဆက်တွေ ရှင်သန်ရပ်တည် နိုင်ရေး အိုးပစ်အိမ်ပစ်ကာ ရေကူးပြီး အသက်စွန့် လာရောက်စုဝေးပေးမှုအတွက် ကျွန်ုပ်အနေနဲ့ အသင်တို့ရဲ့ စွန့်စားဝံ့မှုကို အထူးအလေးဂရုပြုကြောင်း ဦးစွာ ပြောကြားလိုပါတယ်။ ကျွန်ုပ်တို့ ရေသတ္တဝါတွေဟာ ဘိုးဘေးအစဉ်အဆက် တင်္သာရီတိုင်း တစ်နံတစ်လျားက အမျိုး အစားပေါင်း ၄၀ ကျော်တဲ့ ဒီရေတော အသီးသီးမှာ ပေါက်ဖွားရှင်သန်နေထိုင်လာ ခဲ့ကြတာဟာ ကမ္ဘာဦးအစကတည်းက ဖြစ်တယ်ဆိုတာကို မမေ့ကြပါနဲ့။

သို့သော်လည်းပဲ ယနေ့အချိန်အခါမှာ လူသားတွေဟာ မတော်လောဘကို ရှေ့တန်းတင်မှုကြောင့် ကျွန်ုပ်တို့ နေထိုင်ရှင်သန်ရာ ဒီရေတောတွေကို နည်းမျိုးစုံနဲ့ အသုံးချ ခုတ်ထွင် ရှင်းလင်းလာနေကြတာ ရဲဘော်တို့အားလုံး သိရှိ ကြပြီး ဖြစ်ပါလိမ့်မယ်။ မတူညီတဲ့ နေရာအသီးသီးက ဒီရေတောတွေဟာ နည်းအမျိုးမျိုးနဲ့ ဖျက်ဆီးခံနေရတာကို အချို့လူသားအစုအဖွဲ့တွေ ပြုလုပ်ထားတဲ့ သုတေသနစာတမ်းတွေကနေ ကျွန်ုပ် ဖတ်ရှုလေ့လာခဲ့ဖူးတယ်။ ဒါ့အပြင် တစ်နေ့တခြား များပြားလာတဲ့ ဖျက်ဆီး ခံဒီရေတောတွေအကြောင်းကို အရပ်ဒေသအသီးသီးက ပတ်ဝန်းကျင်ထိန်း သိမ်းကာကွယ်လိုသူတွေရဲ့ လူမှုကွန်ရက် စာမျက်နှာတွေမှာ မျှဝေထားတာတွေကိုလည်း ကျွန်ုပ်အနေနဲ့ အင်တာနက်က တစ်ဆင့် သိရှိနေရတယ်။


ကျွန်ုပ်တို့အတွက် သတင်းကောင်းဟာ သိပ်နည်းပါးနေပါတယ်။ ထင်းနဲ့ မီးသွေးကို အဓိကလောင်စာအဖြစ် အားထားနေရသေးတဲ့ ကျေးလက်က လူထုဟာ ကျွန်ုပ်တို့ရဲ့ အသက်အိမ်ဖြစ်တဲ့ ဒီရေတောအပင်တွကို မီးသွေးဖုတ်ပြီး အသုံးပြုကြတယ်။ သို့ပေမဲ့ သူတို့အသုံး ပြုတဲ့ ပမာဏဟာ ဥပဒေကြောင်းအရ ကာကွယ်ပေးထားတဲ့ ဒီရေတောတွေကို အကွက်ရိုက်ရောင်းချမှုတွေ၊ မွေးမြူရေး ကန်တွေ ဆောက်ဖို့ရည်ရွယ်ချက်နဲ့ အပြောင်ရှင်းမှုတွေနဲ့ ယှဉ်လိုက်ရင် ဘာမှ မပြောပလောက်သေးဘူး။

ရေသတ္တဝါအပေါင်းသူတော်ကောင်း တို့ … ဒီကနေ့ ကမ္ဘာကြီးဟာ ဥတုရာသီ ဖောက်ပြန်နေပြီး ပူနွေးလာမှုဟာ ဆိုးရွာ လှတဲ့အဆင့်ကို ရောက်နေတယ်ဆိုတာ ရဲဘော်တို့ သိရှိကြပြီး ဖြစ်ပါလိမ့်မယ်။ လူဦးရေတိုးတက်လာမှု၊ စနစ်မကျတဲ့ စိုက်ပျိုးမြေချဲ့ထွင်မှု၊ ရုပ်ကြွင်းလောင်စာတွေ အဆင်အခြင်မဲ့ အသုံးပြုမှု၊ ရုပ်ဝတ္ထု ဖွံ့ဖြိုးရေးနောက်ကို အာသာငမ်းငမ်း လိုက်နေမှု၊ လိုအပ်ချက်ကို သေချာကျနစွာ မလေ့လာဘဲ စီမံကိန်းကြီးတွေ တိုးချဲ့ဆောင် ရွက်မှု၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးမှာ ညစ်ညမ်းတဲ့ကျောက်မီးသွေးလို လောင်စာတွေ အများအပြားအသုံးပြုမှု၊ တရားမဝင် သစ်ထုတ်လုပ်မှု၊ ပလတ်စတစ် ကဲ့သို့သော ပတ်ဝန်းကျင်ညစ်ညမ်းစေတဲ့ ပစ္စည်းတွေကို အလွယ်တကူအသုံးပြုမှုအစရှိတဲ့ များမြောင်လှတဲ့ လူသားတွေရဲ့ အသိဉာဏ်နည်းပါးမှုတွေကြောင့် လူတွေသာမက ငါတို့ ရေသတ္တဝါတွေပါ ကိုယ်ကျိုးနည်းရမယ့် အဖြစ်နဲ့ ရင်ဆိုင်နေ ရတယ်ဆိုတာကို ရဲဘော်တို့ သတိချပ်စေ လိုတယ်။

ရေသတ္တဝါအပေါင်းသူတော်ကောင်း တို့… ကျွန်ုပ်တို့ရဲ့ ရှင်သန်ရေးဟာ ကမ်းရိုးတန်းဒေသတွေမှာ နေထိုင်ကြတဲ့ လူသားတွေရဲ့ အသက်မွေးဝမ်းကြောင်းရပ် တည်ရေးနဲ့လည်း တိုက်ရိုက်အချိုးကျတယ်ဆိုတာ လူသားတွေဟာ မေ့လျော့နေကြ ဟန်တူတယ်။ ဒီရေတောတွေဟာ ရာသီ ဥတုမျှတရေးကို အထောက်အကူပေးရုံ မျှသာမက သဘာဝဘေးဒဏ်တွေ ဖြစ်ပေါ်လာရင်လည်း

လူတွေကို မထိခိုက် အောင်ကာကွယ်ပေးတယ်ဆိုတာကို လူတွေကို ကျွန်ုပ်တို့ သတိပေးရမယ်။ ဒီရေတော တွေမှာသာ ဥချ၊ မျိုးပွားပြီး ရှင်သန်ကြတဲ့ ကျွန်ုပ်တို့ကို ဖမ်းဆီးစားသောက်၊ ရောင်းဝယ်ဖောက်ကားပြီး အသက်ရှင်သန်ရပ် တည်ကြတဲ့ ကမ်းရိုးတန်းနဲ့ ချောင်းဝ နေရာတွေက တစ်နေ့လုပ် တစ်နေ့စား ရပ်သူရွာသားတွေရဲ့ ဘဝရပ်တည်ရေး အတွက်ကိုလည်း ကျွန်ုပ်တို့ ထည့်သွင်း ဆွေးနွေးကြရပါမယ်။

နိဂုံးချုပ်အနေနဲ့ပြောရရင် သဘာဝဝန်းကျင်ရေရှည်တည်တံ့ရေး၊ ဥတုကပ် ဘေးအပါအဝင် ရာသီဥတုပြောင်းလဲမှုကို ထိန်းညှိနိုင်ရေး၊ ဝိသမလောဘသားတွေရဲ့ ရန်က တွန်းလှန်နိုင်ပြီး တရားဥပဒေစိုးမိုး မှုရှိရေး၊ ရေသတ္တဝါတွေ ဆက်လက်မျိုးပွား နိုင်ပြီးကမ်းရိုးတန်းဒေသ အစာကွင်းဆက် စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေး၊ ဒီရေတောကို မှီခိုလုပ်ကိုင်စားသောက်နေကြတဲ့ ရေလုပ်သား မိသားစုတွေရဲ့ အသက်မွေးဝမ်းကျောင်း မထိခိုက်စေရေး အစရှိတဲ့ရည်ရွယ် ချက်ကောင်းတွေချမှတ်ပြီး ဆောင်ရွက် ကြရပါမယ်။ ဒီလိုဆောင်ရွက်ကြတဲ့ နေရာမှာ ကျွန်ုပ်တို့ဒီရေတောနေ ရေ သတ္တဝါတွေသာမက ဒီရေတောတွေကို ထိန်းသိမ်းကာကွယ်ဖို့ တာဝန်ရှိတဲ့ ဌာနဆိုင်ရာတွေ၊ ရပ်ကျေးအုပ်ချုပ်ရေးတွေ၊ ရပ်သူရွာသားတွေ၊ ပတ်ဝန်းကျင်ချစ် မြတ်နိုးသူတွေနဲ့ လူထုကိုယ်စားလှယ် အမတ်မင်းတွေ စုပေါင်းပြီး စွမ်းစွမ်းတမံဆောင်ရွက်သွားကြမယ်လို့ သန္နိဋ္ဌာန်ပြုတိုက်တွန်းလိုက်ရပါတယ်”

“ပါချန်ကဏန်းစစ်ကြောင်း” မှ အကြီးအမှူး ကဏန်းမည်း၏ မိန့်ခွန်း အပြီးတွင်ကား စစ်ကြောင်းအသီးသီးမှ ဒီရေတောနေ ရေသတ္တဝါအပေါင်းတို့က သောင်းသောင်းဖြဖြ သြဘာပေးကြလေသည်။
ထို့နောက် ၎င်းတို့သည် အရပ်ဒေသ မတူညီသော စစ်ကြောင်းများမှ ရေသတ္တဝါများဖြင့် အုပ်စုများဖွဲ့ကာ ဒေသအသီးသီးရှိ ဒီနေတောများတွင် ရင်ဆိုင်နေရသော ပြဿနာများကို ဆွေးနွေးတိုင်ပင်ကြတာ ရှေ့လုပ်ငန်းစဉ်များကို ချမှတ်ကြလေသည်။

ဝါဆိုလဆန်း ၁၄ ရက်ဖြစ်သည့်အားလျော်စွာ နိဗ္ဗာန်ရွာလတာပြင်သို့ ဒီရေများ တရိပ်ရိပ်တက်လေပြီ။

တနင်္သာရီတိုင်း အရပ်ဒေသအသီးသီးရှိ ဒီရေတောများတွင် ပေါက်ဖွားနေထိုင်ကြသည့် ရေသတ္တဝါများ၏ “ရှင်သန် ခြင်းအတွက်တိုက်ပွဲ” ညီလာခံလည်း ပြီးဆုံးခြင်းသို့ ရောက်လာလေပြီ။

ညီလာခံပြီးမြောက်အောင်မြင်ခြင်း အထိမ်းအမှတ်အနေဖြင့် “ထားဝယ်မြစ် ကြောင်းဆိုင်ရာ ဂျင်းကောင်များ” စစ်ကြောင်းမှ ကြွေးကြော်သံများကို တိုင်ပေးပြီး ကျန်စစ်ကြောင်းအသီးသီးမှ ဒီရေတော သတ္တဝါများက အားပါးတရ ဟစ်ကြွေးကာ ညီလာခံအားရုပ်သိမ်းပြီး ၎င်းတို့ နေရပ်အသီးသီးသို့ အပြန်ခရီးနှင်ကြ လေသည်။

နိဗ္ဗာန်ရွာလတာပြင်တွင်ကား ဒီရေ တောသတ္တဝါတို့၏ကြွေးကြော်သံများသည် ဝါဆိုလဆန်း ၁၄ ရက် ဒီရေလှိုင်းပုတ်သံတို့နှင့်အပြိုင် မြိုင်မြိုင်ဆိုင်ဆိုင် ထွက်ပေါ်လျက် ရှိလေတော့သည်။

“ဒီရေတောများ ထိန်းသိမ်းရေး … ဒို့အရေး၊ ဒို့အရေး”
“ဒီရေတောများ ဥပဒေမဲ့ ခုတ်ထွင်၊ ရောင်းချခြင်းမှ ကင်းဝေးရေး …ဒို့အရေး၊ ဒို့အရေး”
“တာဝန်ရှိဌာနဆိုင်ရာများ ဒီရေ တောများကာကွယ်ပေးရေး … ဒို့အရေး၊ ဒို့အရေး”
“လွှတ်တော်အမတ်များ အများဆိုင် ဒီရေတောများ ထိန်းသိမ်းရေးအကြောင်း အဆိုတင်ရေး …ဒို့အရေး၊ ဒို့အရေး”

အောင်လွင် (ကံပေါက်သား)