တက္ကသိုလ်ဝင်အောင်ချက်ရာခိုင်နှုန်း ခွင့်ပြုချက်မရှိဘဲ မထုတ်ပြန်ရ

0
803

တက္ကသိုလ်ဝင်အောင်ချက် ရာခိုင်နှုန်းများကို အခြေခံပညာဦးစီးဌာန၏ ခွင့်ပြုချက်မရှိဘဲ ထုတ်ပြန်ခွင့် မပြုတော့ကြောင်း တနင်္သာရီတိုင်းပညာရေးမှူး ရုံးထံမှ သိရသည်။

တစ်နိုင်ငံလုံးမှ တက္ကသိုလ်ဝင် အောင်ချက်ရာနှုန်းများကို အခြေခံပညာ ဦးစီးဌာနက တွက်ချက်အတည်ပြုပြီး ထုတ်ပြန်ပေးမှာသာလျှင် သက်ဆိုင်ရာ ကျောင်းအသီးသီးက ထုတ်ပြန်ရမည်ဖြစ်ကြောင်း အထက်ပါရုံးမှ လက်ထောက် ညွန်ကြားရေးမှူး ဒေါ်မေစန္ဒာလွင်က ပြောသည်။

တက္ကသိုလ်ဝင်စာမေးပွဲ တနင်္သာရီတိုင်း ရှစ်နှစ်အတွင်း အောင်ချက်ရာနှုန်းအနည်းဆုံး

အဆိုပါတားမြစ်ချက်ထဲတွင် အစိုးရပိုင်ကျောင်း၊ ဘုန်တော်ကြီးသင် ကျောင်း၊ ကိုယ်ပိုင်ကျောင်း၊ ကိုယ်ပိုင် ဘာသာရပ်သင် သင်တန်း (ဘော်ဒါ) များအားလုံးအကျုံးဝင်မည်ဖြစ်သည်။

ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းထုတ်ပြန်နီးအချိန်တွင် ယင်းကဲ့သို့ သတ်မှတ်လိုက်ခြင်းဖြစ်ပြီး ယခင်ကမူ သက်ဆိုင်ရာကျောင်းများက ကိုယ့်ဘာသာတွက်ချက်ပြီး အောင်ချက်ရာနှုန်းကို ထုတ်ပြန်လေ့ရှိသည်။

ယင်းကဲ့သို့ ထုတ်ပြန်ရာတွင် အချို့သော ကိုယ်ပိုင်ကျောင်း၊ ဘော်ဒါ၊ အစိုးရကျောင်း စသည့်တို့သည် မိမိ ကျောင်းအောင်ချက်ရာနှုန်းမြင့်မားရေးအတွက် ကျောင်းသားစာရင်းကို မရိုးသားသည့်သဘောဖြင့် တွက်ချက်ထုတ်ပြန်သည်များ ရှိခဲ့သောကြောင့် ယခုကဲ့သို့ တားမြစ်ရခြင်းဖြစ်သည်ဟု သိရသည်။

ပညာရေးတက္ကသိုလ်တက်မယ်

ဥပမာ စာမေးပွဲကျသည့် ကျောင်းသားများကို အောင်ချက်ရာနှုန်းတွင် မထည့်သွင်းဘဲ တွက်ချက်ထုတ်ပြန်ခြင်းမျိုး ဖြစ်သည်။

“အချို့ကျောင်းတွေကျတော့ ရှုံးနိုင်တဲ့ ကျောင်းသားဦးရေကို ဖယ်ပြီးတော့မှ အောင်ချက်ရာနှုန်းကို တွက်လေ့ရှိတယ်။ သူတို့ အောင်ချက်မြင့်ဖို့အတွက်ပေါ့။ အခုက အခြေခံပညာဦးစီးဌာနက ဝင်ကိုင်ပြီးတော့ အားလုံးကိုမျှမျှတတဖြစ်အောင် လုပ်ပေးမှာ” ဟု ဒေါ်မေစန္ဒာလွင်က ပြောသည်။

ထားဝယ်မြို့မှ ကိုယ်ပိုင်ဘာသာရပ်သင် သင်တန်းတည်ထောင်သူ ဦးသန်ဇော်ဦးကလည်း အောင်ချက်ရာနှုန်းထုတ်ပြန်သည့်ကိစ္စအား အခြေခံပညာဦးစီးဌာနက ကိုင်တွယ်လိုက်သည်ကို ကြိုဆိုကြောင်း ပြောသည်။

သို့မှသာ အောင်ချက်ရာနှုန်းအမှန်ကို ရရှိပြီး ကိုယ်ပိုင်ကျောင်း၊ ဘော်ဒါတို့တွင် ကျောင်းအပ်မည့် ကျောင်းသားမိဘများအနေနှင့် သတင်းအချက်အလက် အမှန်ကိုရရှိပြီး မှန်ကန်သည့်ကျောင်းကို ရွေးချယ်ခွင့်ရမည် ဖြစ်ကြောင်း ဦးသန်းဇော်ဦးက ပြောသည်။

အခြေခံပညာဦးစီးဌာနက ယင်းကဲ့သို့ ညွန်ကြားထားသည်ကို တိုင်းအတွင်းရှိ ကျောင်းအသီးသီးသို့ ထပ်ဆင့်ညွန်ကြားထားပြီးဖြစ်ကြောင်း တိုင်းပညာရေးမှူးရုံးထံမှ သိရသည်။

ကျော်သူစိုး