တစ်ပွဲတိုး နိုင်ငံရေး

0
579

ခုတစ်လော နိုင်ငံရေးအသံ အတော်ညံတယ်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လာမယ့်နိုဝင်ဘာလထဲ ရွေးကောက်ပွဲ ကျင်းပမယ်ကြေညာပြီးချိန်မှာ ပိုညံလာတယ်။ အဲဒီလို မကြေညာခင်က ကိုဗစ်ရဲ့ ရှုပ်ယှက်ခတ်နေတဲ့ နိုင်ငံရေးစိတ်ဝင်စားသူ လူထုအများဟာ ရွေးကောက်ပွဲကိစ္စဘက်ကို အာရုံနည်းနည်း ပိုပြောင်းလာတာကို သတိထားမိတယ်။ အလားတူပဲ လက်ရှိအစိုးရအဖွဲ့ဝင်ဝန်ကြီးတွေနဲ့ လွှတ်တော် အသီးသီးမှာရောက်နေကြတဲ့ အမတ်မင်းတွေလည်း နိုဝင်ဘာရွေးကောက် ပွဲကိစ္စ ရင်တထိတ်ထိတ်နဲ့ ဗျာများလာ ကြတယ်လို့ ကောက်ချက်ဆွဲမိတယ်။

ပြီးခဲ့တဲ့ အပတ်တွေအတွင်း ဆူဆူ ညံညံအဖြစ်ဆုံးနိုင်ငံရေးကိစ္စတွေထဲ လက်ရှိ အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ NLD ရဲ့ အမတ်လောင်း ရွေးချယ်ပွဲတွေက တစ်ပြေးခဲ့တယ်။ “မြို့မိမြို့ဖနဲ့ အမတ်လောင်း” ဆောင်းပါးမှာ ရေးခဲ့ပြီးသလို အများပြည်သူဆိုင်ရာ စကားလုံးဖြစ်တဲ့ “မြို့မိမြို့ဖ” ဆိုတဲ့ စကားအသုံးကို နိုင်ငံရေးပါတီတစ်ခုက အလွယ်တကူ ဆွဲယူအသုံးပြုလိုက်တာဟာ နိုင်ငံရေးပါးသိပ်မဝသေးတဲ့ လူထုအကြား ဝိဝါဒကွဲစရာတွေကို ဖန်တီးရာလည်း ရောက်နေပြန်ပါသေးတယ်။

တကယ်တမ်း အာဏာရပါတီရဲ့ မြို့မိမြို့ဖရွေးပွဲတွေကို နဖူးတွေ့ဒူးတွေ့ ကြုံတွေ့လိုက်ရပြီးချိန်မှာတော့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဝေဖန်စရာတွေ သောသောညံခဲ့တာကို လူမှုကွန်ရက်စား သုံးသူစာရှုသူအပေါင်း သိရှိပြီးဖြစ်ပေ လိမ့်မယ်။ ကျွန်တော်တို့ တနင်္သာရီတိုင်းအတွင်းက မြို့နယ်အတော်များများမှာလည်း ပြဿနာပေါင်းသောင်းခြောက်ထောင်တက်ခဲ့တဲ့ မြို့နယ်ပါတီရုံးတွေက မြိ့မိမြို့ဖ ရွေးပွဲတွေဟာ ရွေးကောက်ပွဲအသံတစ်နည်း နိုင်ငံရေးအသံ ညံစေခဲ့တဲ့အကြောင်းတရားရဲ့ အစပိုင်း နိဒါန်း လောက်သာ ရှိသေးတာပါ။

တကယ်တမ်း လက်ရှိအချိန်မှာ ပိုညံလာတာက ဘယ်သူတွေ အမတ်လောင်းအဖြစ် ရွေးချယ်ခံလိုက်ရသလဲ ဆိုတာပါ။ ဒီမှာ ပြောလိုတာက အာဏာရပါတီ NLDရဲ့အမတ်လောင်းတွေမျှသာမကဘဲ တိုင်းအတွင်းလွှတ်တော်အမတ်နေရာ အသီးသီးကို ဝင်ရောက်ယှဉ်ပြိုင် ရွေးကောက်ခံကြမယ့် နိုင်ငံရေးပါတီအားလုံးက ဘယ်လိုလူတွေကို ရွေးကောက်ပွဲဝင် အမတ်လောင်းအဖြစ် ရွေးကြသလဲဆိုတာပါ။

ကိုယ်စားလှယ်လောင်းရွေးပွဲ NLD ပါတီတွင်း ပြင်းထန်နိုင်

ကျွန်တော့်အမြင် အမတ်လောင်းစာရင်းဟာ နိုင်ငံရေးပါတီတွေအတွက် သာမက ပြည်သူတွေအတွက်လည်း နိုင်ငံရေးအရ အရေးပါတဲ့အစ ဖြစ်ပါမယ်။ ရွေးကောက်ပွဲအလွန် နိုင်ငံရေးအခင်းအကျင်းမှာ ကပြအသုံးတော်ခံကြမယ့် အစိုးရနဲ့လွှတ်တော်တွင်း နိုင်ငံရေးသမားတွေ ဘယ်သူဖြစ်လာကြမလဲဆိုတာကို အဆုံးအဖြတ်ပေးမယ့် စာရင်းတွေပဲ မဟုတ်ပါလား။

ကျွန်တော်တို့တိုင်းမှာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ခန့်အပ်တာဝန် ပေးတဲ့ဝန်ကြီးနဲ့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေကို ဖယ်လိုက်ရင် လက်ရှိအာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ တစ်ခုတည်းက ချုပ်ကိုင်ခွင့်ရရှိထားတဲ့ အစိုးရအဖွဲ့နဲ့ လွှတ်တော်အခင်းအကျင်းကို မဲဆန္ဒရှင်တိုင်းသူတိုင်းသားအားလုံး မြင်တွေ့ခဲ့ကြရပြီး ဖြစ်ပါတယ်။

လက်ရှိအစိုးရအဖွဲ့နဲ့ လွှတ်တော်ရဲ့ ဆောင်ရွက်ချက်တွေကို ခြောက်ပစ်ကင်း ကောင်းပါတယ်လို့ မဆိုသည့်တိုင် “အခုမှ ငါးနှစ်သာ ရှိသေးလို့ ဒီလောက်ပဲရမှာ ပေါ့။ နောက်ငါးနှစ်ဆိုကြည့်နေ ဘယ်လို ကောင်းအောင်လုပ်ပြမလဲဆိုတာ” ဆိုပြီး အားပေးထောက်ခံသူ အများကြီး ရှိပါတယ်။ ဒီလိုပဲ အစိုးရအဖွဲ့နဲ့လွှတ်တော်ရဲ့ဆောင်ရွက်ချက်တွေကို အစဉ်တစိုက် စောင့်ကြည့်လေ့လာနေပြီး မဖြစ်မနေပြုပြင်ရမယ့်အချက်တွေ သို့တည်းမဟုတ် ဆောင်ရွက်နိုင်တဲ့အခင်းအကျင်းရှိပါလျက် အားမစိုက်ခဲ့ဘူးလို့ သုံးသပ်ရတဲ့ အချက်တွေလည်း များစွာရှိနေပါတယ်။

ဒီမှာသတိထားမိတဲ့ကိစ္စတစ်ခုက ကျွန်တော်တို့အတော်များများဟာ နိုင်ငံရေးကို တစ်ပွဲတိုးလောက်သာ စိတ်ဝင်စားကြသလား ဆိုတာကိုပါ။ လက်ရှိအချိန်မှာ ရွေးကောက်ပွဲကာလ နီးလာလို့သာ နိုင်ငံရေးအကြောင်းကို စိတ်ဝင်စားသယောင်ထင်ရပေမယ့် မဲပေးလိုက်တဲ့ ပြည်သူအများစုဟာ ရွေးကောက်ပွဲပြီးသွားရင် နိုင်ငံရေးကို မေ့သွားကြတာက များပါတယ်။ ဒါကလည်း ကျွန်တော်တို့ တိုင်းပြည်လို ဒီမိုကရေစီ မူကြိုအဆင့်သာရှိသေးတဲ့ နိုင်ငံမျိုးမှာသိပ်ပြီးတော့လည်း မဆန်းလှပါ။ လူထုဟာ စားရေး၊ ဝတ်ရေး၊ နေရေး ကိစ္စတွေနဲ့သာ လုံးပမ်းနေရပြီး နိုင်ငံရေးကို လှည့်မကြည့်အားတာကတော့ သဘာဝလည်း ကျပါတယ်။

ဒါပေမယ့် လူထုရဲ့ စားဝတ်နေရေးနဲ့ လူမှုဘဝအထွေထွေကို ကောင်းသည်ထက်ကောင်းလာအောင် ဆောင်ရွက်ရမယ့် ရွေးကောက်ခံ နိုင်ငံရေးသမားတွေ အပါအဝင် အတိုက်အခံ နိုင်ငံရေးအင်အားစုတွေက နိုင်ငံရေးကို တစ်ပွဲတိုးသာ စိတ်ဝင်စားတယ်ဆိုရင်တော့ သဘာဝ မကျပါဘူး။ အဲဒီလိုမဖြစ်အောင် လူထုအနေနဲ့ ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်တွေ ရှိပါတယ်။ ဒီအကြောင်းကို နောင်များ အခွင့်ကြုံရင် အကျယ်ရေးပါဦးမယ်။

ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲအလွန်ကာလမှာ တက်လာတဲ့ အစိုးရအဖွဲ့နဲ့ လွှတ်တော်ကို နိုင်ငံရေးအရ တစိုက်မတ်မတ် ထောက်ပြဆွေးနွေး ပူးပေါင်းဆောင်ရွက်မှုအရှိဆုံး အစုအဖွဲ့ကို ပြပါဆိုရင် အရပ်ဘက် လူမှုအဖွဲ့အစည်းတွေပဲလို့ ဆိုရမှာပါ။ တနင်္သာရီတိုင်းရဲ့ ဥပမာ ကိုပြောရရင် တိုင်းအတွင်း သယံဇာတ ထုတ်ယူမှု၊ ရင်းနှီးမြှုပ်နှံမှု၊ သဘာဝ ဘေးဒဏ်ကာကွယ်မှု၊ တရားဥပဒေစိုးမိုးမှု အစရှိတဲ့ လူထုရဲ့အသက်အိုးအိမ်စည်းစိမ်နဲ့ စားဝတ်နေရေးဆိုင်ရာ ကိစ္စရပ်တွေ နဲ့အဓိက သက်ဆိုင်နေတဲ့ အကြောင်းအရာတွေမှာ အရပ်ဘက် လူမှုအဖွဲ့အစည်း တွေအနေနဲ့ ရွေးကောက်ခံအစိုးရနဲ့ နီးနီးကပ်ကပ် ဆောင်ရွက်ခဲ့တဲ့ သာဓကတွေ များစွာရှိနေပါတယ်။

အရပ်ဘက်လူမှုအဖွဲ့အစည်းတွေဟာ တိုင်းဒေသကြီးလွှတ်တော်အပါအဝင် သက်ဆိုင်ရာ လွှတ်တော်ကောက်မတီတွေ၊ အချို့မြို့နယ်တွေက လွှတ်တော်အမတ်တွေနဲ့ ပူးပေါင်းပြီး တိုင်းအတွင်း ဥပဒေ ရေးဆွဲရေး/ပြင်ဆင်ရေး၊ မြေယာ/သစ်တောအရေး၊ သယံဇာတတူးဖော်ထုတ်လုပ်ရေးနဲ့ သက်ဆိုင်တဲ့ ဥပေဒဆိုင်ရာ ကိစ္စရပ်တွေမှာ ပူးပေါင်းဆောင်ရွက်ခဲ့တာကို တွေ့ရတယ်။

ဒီမှာ ထူးခြားချက်အနေနဲ့ ထားဝယ်၊ မြိတ် စတဲ့ မြို့တွေက တက်ကြွလှုပ်ရှားသူ တွေရဲ့ နိုင်ငံရေးဆန်တဲ့ ဆောင်ရွက်ချက်တွေကို တွေ့ရတာပါ။ အများပြည်သူ ဝန်ဆောင်မှုနဲ့ပတ်သက်တဲ့ လျှပ်စစ်၊ စည်ပင် အစရှိတဲ့ ကိစ္စရပ်တွေမှအစ ကူးစက်ရောဂါ ထိန်းချုပ်ရေးကိစ္စတွေအထိ တက်ကြွလှုပ်ရှားသူတွေ ပါဝင်ခဲ့ကြတယ်။ ဒါဟာ ကျွန်တော်တို့တိုင်းမှာ နိုင်ငံရေးအရ အားတက်စရာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ နိုင်ငံရေးပါတီတွေဟာ ရွေးကောက်ပွဲမှာ ရွေးချယ်မှုမခံရရင် အတိုက်အခံ နိုင်ငံရေးအင်အားစုတွေအဖြစ် နိုင်ငံရေးလှုပ်ရှားမှုတွေမှာ ပါဝင်နေကြရမှာဖြစ်တာဟာ သဘာဝပဲ ဖြစ်ပါတယ်။ ရွေးကောက်ခံအမတ်တွေက လွှတ်တော်အတွင်း ဥပဒေကြမ်းတစ်ခု တင်လိုက်ရင် လွှတ်တော်ပြင်ပက အတိုက်အခံနိုင်ငံရေးပါတီတွေ အနေနဲ့ ဒီဥပဒေကြမ်းအပေါ် သုံးသပ်ချက်တွေ ထုတ်ပြန်တာ၊ အဆိုပါဥပဒေကို ပိုကောင်းအောင်ဘယ်လိုဖြင့် ပြဋ္ဌာန်းသင့်တယ်ဆိုပြီး ဝေဖန်ထောက်ပြတာ၊ လူထုနဲ့ တွေ့ဆုံဆွေးနွေးမှုတွေလုပ်ပြီး ကျွန်တော်တို့ပါတီသာဆိုရင် ဒီဥပဒေကို ဒီလိုလုပ်မှာစသည်ဖြင့် ချပြရှင်းလင်းတာတွေ လုပ်ကြရင် ရွေးကောက်ပွဲအလွန်နိုင်ငံရေး အခင်းအကျင်းဟာ လူထုအတွက် စိတ် လှုပ်ရှားစရာ ဖြစ်မှာပါ။ လူထုအတွက် နိုင်ငံရေးအရ ရွေးချယ်စရာအသစ်တွေကို ဖန်တီးပေးရာလည်း ရောက်မှာပါ။ သို့သော်လည်း ကျွန်တော်တို့တိုင်းရဲ့ ရွေးကောက်ပွဲအလွန် နိုင်ငံရေးအခင်း အကျင်းမှာ အဲသည်အလုပ်တွေကို ရွေးကောက်ပွဲဝင်ခဲ့တဲ့ နိုင်ငံရေးပါတီ တွေအစား အရပ်ဘက်လူမှုအဖွဲ့အစည်းတွေကပဲ နိုင်သလောက်အားနဲ့ လုပ်နေကြတာကို တွေ့ရပါတယ်။

နိုင်ငံရေးလှုပ်ရှားမှုဆိုတာ တစ်ဖက်ပါတီက တစ်ခုခုလုပ်ရင် မကောင်းတဲ့ အချက်/ အားနည်းတဲ့အချက်ကို ဝေဖန်ထောက်ပြတာ သဘာဝကျပါတယ်။ သို့သော်လည်း တစ်ပြိုင်နက်အနေနဲ့ ငါတို့ ပါတီဆိုရင် ဒီကိစ္စကို ဒီထက်ကောင်းအောင် ဘယ်လိုလုပ်မယ် ဆိုတာကိုလည်း ချပြရမှာဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီလိုချပြတဲ့နေရာမှာ လေလုံးထွားရုံ သက်သက် မဟုတ်ဘဲ အမှန်တကယ် အကောင်အထည်ဖော်နိုင်တဲ့ အခင်းအကျင်းကို ဆွေးနွေးတာ ပဲဖြစ်သင့်တယ်လို့ သုံးသပ်ပါတယ်။ နောက်ပြီး အဲဒီလို အလုပ်တွေကို တစ်ပွဲတိုးလုပ်တာမျိုးမဟုတ်ဘဲ ပါတီတွင်း စနစ်တကျတည် ဆောက်ပြီး အစဉ်တစိုက်လုပ်နေဖို့ ဖြစ်ပါ တယ်။ ဒါမှသာ နောက်ရွေးကောက်ပွဲ ကာလရောက်လာရင် လူထုကို စနစ်တကျရှင်းပြနိုင်မှာဖြစ်ပြီး လူထုရဲ့မဲကို အရယူနိုင်မှာ ဖြစ်ပါတယ်။

ပြီးတဲ့တဲ့အပတ်က လက်ရှိတိုင်းအစိုးရအဖွဲ့ရဲ့ဝန်ကြီးချုပ်က လာမယ့်နိုဝင်ဘာရွေးကောက်ပွဲမှာ ပြန်လည်ဝင်ရောက် ယှဉ်ပြိုင်မယ်လို့ မီဒီယာတွေကို ပြောဆိုခဲ့တယ်။ သူပြောတဲ့အထဲမှာ စိတ်ဝင်စားစရာကောင်းတာက သူအရင် သယံဇာတဝန်ကြီးအဖြစ် တာဝန်ယူစဉ်က အာဏာရပါတီရဲ့မူဖြစ်တဲ့ “သယံဇာတကို ထုတ်ယူတဲ့နေရာမှာ သဘာဝ ပတ်ဝန်းကျင်ထိခိုက်မှု နည်းတဲ့မူနဲ့ ဆောင်ရွက်နိုင်ခဲ့ပြီး အခုတော့ အသားကျသွားပါပြီ” လို့ ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

၀န်ကြီးချုပ်ဦးမြင့်မောင် လွှတ်တော်ကိုယ်စားလှယ်လောင်း လျှောက်မည်

ကျွန်တော့်အနေနဲ့ဆိုရင် တိုင်းအတွင်း သယံဇာတတူးဖော်ထုတ်ယူတဲ့ ကိစ္စရပ်တွေမှာ အရပ်ဘက် လူမှုအဖွဲ့ အစည်းကို ကိုယ်စားပြုပြီး တိုင်းအစိုးရ၊ တိုင်းဒေသကြီးလွှတ်တော်တို့နဲ့ ထဲထဲဝင်ဝင် ဆောင်ရွက်ခဲ့တဲ့ အတွေ့အကြုံတွေအရ ဝန်ကြီးချုပ်ရဲ့ အခုလို ပြောဆိုမှုအပေါ် စဉ်းစားစရာတွေများစွာ ဖြစ်ပေါ်စေပါ တယ်။ အနေအေးဆေးပြီး ပြည်ထောင်စု အစိုးရနဲ့ ဆက်ဆံရေး အဆင်ပြေတယ်လို့ ယူဆရတဲ့ လက်ရှိဝန်ကြီးချုပ်ဟာ ရွေးကောက်ပွဲမှာ ထပ်ပြီးအနိုင်ရရင် နောက်သက်တမ်းမှာ ဝန်ကြီးချုပ် ထပ်ဖြစ်လာဖို့ တစ်ပြေးနေတယ်လို့ပဲ ဆိုပါရစေ။ ဝန်ကြီးချုပ်နည်းတူပဲ အာဏာရပါတီက ဝင်ရောက်အရွေးခံကြဦးမယ့် လက်ရှိ အစိုးရအဖွဲ့ဝန်ကြီးတွေနဲ့ လွှတ်တော်အမတ်တွေဟာလည်း အနိုင်ရနိုင်ခြေ များပါတယ်။ အမတ်နေရာအချို့ အပြောင်းအလဲ လုပ်လိုက်တယ်လို့ ကြားရပေမယ့် အသစ်အစားထိုးမယ့် လူသစ်တွေဟာလည်း လက်ရှိအမတ်တွေထက် ပိုမို စွမ်းဆောင်နိုင်မယ်လို့ သိပ်ပြီးတော့လည်း မျှော်လင့်လို့မရ။

ကျွန်တော်တို့ တနင်္သာရီတိုင်းမှာ ဝင်ရောက်အရွေးခံမယ့် အခြားနိုင်ငံရေး ပါတီတွေရဲ့ အခြေအနေအရ လက်ရှိအာဏာရပါတီသာ အနိုင်ရနိုင်တဲ့ အခြေအနေတွေ တွေ့နေရပါတယ်။ ဒီလိုအခြေအနေမှာ တနင်္သာရီတိုင်းအတွင်းမှာရှိတဲ့ နိုင်ငံရေးပါတီတွေ အပါအဝင် နိုင်ငံရေး စိတ်ဝင်စားတဲ့ အင်အားစုတွေ အနေနဲ့ ရွေးကောက်ပွဲ အလွန်နိုင်ငံရေးကို ပိုမို အာရုံစိုက်သင့်ကြတယ်လို့ မြင်ပါတယ်။

ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်ကို အမှန်တကယ်သွားနိုင်ဖို့ဆိုရင် လူထုဟာ နိုင်ငံရေးအသိ နိုးကြားဖို့ လိုပါတယ်။ အကန့်အသတ်အချို့ရှိနေသေးသော်ငြားလည်း ပြီးခဲ့တဲ့ ဆယ်နှစ်တာကာလမှာ ကျွန်တော်တို့ဟာ စစ်အာဏာရှင်လက်ထဲကနေ နိုင်ငံရေးအာဏာသုံးရပ်ကို အတိုင်းအတာတစ်ခုအထိ ဆွဲနုတ်ယူထားနိုင်ခဲ့ ပြီလို့ဆိုလိုက ဆိုနိုင်ပါတယ်။ လာမယ့် ရွေးကောက်ပွဲအပါအဝင် ၂၀၂၀ အလွန် နိုင်ငံရေးအခင်းအကျင်းမှာ နိုင်ငံရေးပါတီတွေ အပါအဝင် လူထုဟာရွေးကောက်ပွဲနီးမှ နိုင်ငံရေးကို ထစိတ်ဝင်စားတဲ့ တစ်ပွဲတိုးနိုင်ငံရေးမဟုတ်ဘဲ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက် ရင့်ကျက်တည်ငြိမ်စွာ ပူးပေါင်းပါဝင်နိုင်တဲ့ နိုင်ငံရေး အခင်းအကျင်းကို ဖန်တီးနိုင်ဖို့အရေးကြီးပါကြောင်း။

အောင်လွင် (ကံပေါက်သား)