၀န်ကြီးချုပ်ဦးမြင့်မောင် လွှတ်တော်ကိုယ်စားလှယ်လောင်း လျှောက်မည်

0
295

တနင်္သာရီတိုင်းဝန်ကြီးချုပ် ဦးမြင့်မောင်က လာမည့်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် ကိုယ်စားလှယ်လောင်း လျှောက်မည်ဖြစ်ကြောင်း ပြောသည်။

၎င်းအနေဖြင့် ၂၀၁၅ ရွေးကောက်ပွဲ ကာလက ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မဲဆန္ဒနယ်တွင် လျှောက်မည်ဖြစ်ကြောင်း ဝန်ကြီးချုပ်ဦးမြင့်မောင်က ပြောသည်။

ဦးမြင့်မောင်သည် ပြီးခဲ့သည့် ရွေးကောက်ပွဲက တိုင်းဒေသကြီးလွှတ်တော် ကော့သောင်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၂)တွင် ဝင်ရောက်ယှဉ်ပြိုင်ပြီး အနိုင်ရခဲ့သူ ဖြစ်သည်။

၎င်းသည် တိုင်းအစိုးရတွင် သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ဝန်ကြီးချုပ်ဒေါက်တာလဲ့လဲ့မော် အဂတိလိုက်စားမှုဖြင့် အဖမ်းခံရချိန်တွင်မှ ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့သည်။

ဦးမြင့်မောင် လက်ရှိတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ တိုင်းဒေသကြီး အလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူးလည်းဖြစ်သည်။

၎င်းအနေဖြင့် ကိုယ်စားလှယ်လောင်းအဖြစ် ပြန်လျှောက်ရသည့် အကြောင်းကို တနင်္သာရီအပတ်စဉ်က ဇွန်လ ၁၁ ရက်နေ့က တွေ့ဆုံမေးမြန်းခဲ့သည်။ ထိုမေးမြန်းချက်များကို ဖော်ပြလိုက်သည်။

တနင်္သာရီအပတ်စဉ် – လက်ရှိမှာ ကိုယ်စားလှယ်လောင်းလျှောက်လွှာတွေ ခေါ်နေပြီဆိုတော့ ဝန်ကြီးချုပ်အနေနဲ့ ကိုယ်စားလှယ်လောင်းလျှောက်ဖို့ အစီအစဉ်က ဘယ်လိုရှိလဲခင်ဗျား။

ဝန်ကြီးချုပ် – ကိုယ်စားလှယ်လောင်း လျှောက်ဖို့ရှိပါတယ်။ နေရာကတော့ ၂၀၁၅ တုန်းကလျှောက်ခဲ့တဲ့ ကျွန်တော်ရဲ့ မဲန္ဒနယ်မြေကပဲ ပြန်ပြီးတော့လျှောက်မှာ ဖြစ်ပါတယ်။

တနင်္သာရီအပတ်စဉ်– ဘာကြောင့် ထပ်ပြီးတော့ ရွေးကောက်ပွဲဝင်ဖို့အတွက် ဆုံးဖြတ်ဖြစ်တာလဲ မသိဘူးခင်ဗျား။

ဝန်ကြီးချုပ်– နိုင်ငံရေးအရလည်း ကျွန်တော်ကိုယ့်ကိုကိုယ် အာသီသပေါ့နော်။ ဒါကလည်းတစ်ခုပေါ့။ နောက်တစ်ခုကတော့ အခုသက်တမ်းမှာပေါ့ ဆောင်ရွက်ထားတဲ့လုပ်ငန်းတွေရှိတာပေါ့။ ဒီဟာလေးတွေလည်း ဘယ်လိုပဲဖြစ်ဖြစ် လုပ်ကိုင်ခွင့် ရခဲ့တယ်ဆိုရင် ပြီးပြတ်အောင် လုပ်စေချင်တာလည်း တစ်ခုပေါ့။

နိုင်ငံရေးအရကတော့ ကျွန်တော်တို့က လက်ရှိအစိုးရပေါ့။ NLD အစိုးရ အနေနဲ့သွားနေတဲ့ ပြည်ထောင်စုကသွားနေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရည်ရွယ်ချက်တွေ ရည်မှန်းချက်တွေ၊ ဦးတည်ချက်တွေကို ဆက်ပြီးတော့ သွားဖို့လိုသေးတာပေါ့ လုပ်ဖို့လိုသေးတယ်။ နိုင်ငံတော်အတိုင်ပင်ခံအပါအဝင် နိုင်ငံတော်သမ္မတကြီးတို့ရဲ့ ဦးဆောင်မှုနဲ့အတူ ဆက်ပြီးတော့ ဒီပန်းတိုင်ကိုသွားဖို့ လိုအပ်တယ်ဆိုတဲ့ နိုင်ငံရေးအာသီသနဲ့ ဆောင်ရွက်ခြင်းဖြစ်ပါတယ်။

တနင်္သာရီအပတ်စဉ် – လက်ရှိ တာဝန်ထမ်းဆောင်နေတဲ့ အချိန်အတောအတွင်းမှာပေါ့။ မိမိကိုယ် မိမိ အားသာချက်အနေနဲ့ ယူဆတဲ့ အားသာချက်ဆိုရင် ဘယ်အချက်တွေများ ဖြစ်နိုင်မလဲခင်ဗျား။

ဝန်ကြီးချုပ် – အားသာချက်ဆိုတဲ့ နေရာမှာကတော့ ကျွန်တော်ကတော့ သုံးချိုးတစ်ချိုးမှ ဝင်လာတဲ့ ဝန်ကြီးချုပ်ဖြစ်တာပေါ့။ အရင်ကတော့ ကျွန်တော်က သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးပေါ့။ ဝန်ကြီးတုန်းကတော့ သယံဇာတနဲ့ ပတ်သက်ပြီးတော့ အစိုးရရဲ့မူပေါ့နော်။ ပါတီရဲ့မူလို့လည်း ပြောလို့ရပါတယ်။

သယံဇာတကို ထုတ်ယူမယ်။ ထုတ်ယူမယ့်အခါမှာ ပတ်ဝန်းကျင်ထိခိုက်မှုနည်းတဲ့ မူနဲ့ထုတ်မယ်ဆိုပြီးတော့ ချထားတဲ့အတွက်ကြောင့် ဒီမူဝါဒအတိုင်းပဲ ဆောင်ရွက်နိုင်ခဲ့တဲ့ အနေအထားလေးတွေတော့ တော်တော်များများတော့ ရှိပါတယ်။ အခုကတော့ အသားကျပြီပေါ့လေ။

ဝန်ကြီးချုပ်တစ်ယောက်အနေနဲ့တော့ တချို့ဟာလေးတွေကျတော့လည်း လုပ်ရတဲ့ဟာတွေက တော်တော်ကို ကျယ်ပြန့်ပါတယ်။ ကန့်သတ်ချက်တွေလည်း များပါတယ်။
ဒီကန့်သတ်ချက်တွေ ကျယ်ပြန့်တဲ့ ဘောင်တွေထဲကနေပြီးတော့ ဆောင်ရွက်ရတဲ့အပိုင်းတွေမှာ ကိုယ့်ကိုကိုယ်လည်း တစ်ခါတစ်ရံမှာ အားမရဘူး။ ပွဲကြည့်ပရိသတ်ဆိုတော့ ပိုပြီးတော့ ဆိုးတာပေါ့လေ။

လာမည့်ရွေးကောက်ပွဲ နှင့် တနင်္သာရီ ဝန်ကြီးချုပ်

ဒီအခြေအနေလေးတွေတော့ ရှိပါတယ်။ ကျွန်တော်တို့အနေနဲ့ကတော့ ဘယ်လိုပဲဖြစ်ဖြစ် အတတ်နိုင်ဆုံးတော့ မိမိတာဝန်ယူနေတဲ့ ကာလမှာကတော့ တိုင်းပြည်ကို အလုပ်အကျွေးပြုခွင့်ရတဲ့ ကာလအဖြစ် သတ်မှတ်ပြီးတော့ပေါ့လေ။ တစ်နည်းအားဖြင့် မဲဆန္ဒရှင်တွေရဲ့ အကြွေးပေါ့ ဆပ်ခွင့်ရတဲ့ကာလအဖြစ် ခံယူပြီးတော့ အရိုးသားဆုံး ကိုယ်စွမ်း ဉာဏ်စွမ်းရှိသမျှ ဆောင်ရွက်သွားမယ်ဆိုတဲ့ ခံယူချက်နဲ့ ဆောင်ရွက်နေခြင်းဖြစ် တယ်လို့တော့ ကျွန်တော့်အနေနဲ့ ရိုးရိုးသားသား ပြောလိုပါတယ်။

တနင်္သာရီအပတ်စဉ်– တာဝန်ထမ်း ဆောင်နေတဲ့အချိန်အတောအတွင်းမှာပေါ့ ခင်ဗျား။ လုပ်တော့လုပ်နေတာပေါ့ ခင်ဗျား။ ကိုယ့်ကိုကိုယ် အားမလိုအား မရအဖြစ်ဆုံးအချက်တွေက ဘယ်အချက် တွေများဖြစ်နေမလဲ။

ဝန်ကြီးချုပ်– ကျွန်တော်တို့က အစိုးရအဖွဲ့ဖြစ်တဲ့အတွက် ညွှန်ကြားချက်တွေရှိတယ်။ အမိန့်တွေရှိတယ်။ ဥပဒေတွေရှိတယ်ပေါ့နော်။ အထူးသဖြင့် ကျွန်တော်တို့က ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဆောင်ရွက်ရတယ်။ ဒီဟာကို ကျော်လွန်ပြီးတော့ ကျွန်တော်တို့ ဆောင်ရွက် လို့မရဘူး။

လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေကလည်း အများသိကြတဲ့ အတိုင်းပေါ့နော်။ ဗဟိုချုပ်ကိုင်မှုလုပ်ထားတဲ့ဟာတွေကတော့ များတယ်။ ဗဟိုချုပ်ကိုင်မှုတွေကို လျော့ချလာပြီဆိုရင်တော့ တိုင်းဒေသကြီးအလိုက် ဆောင်ရွက်ရတဲ့အပိုင်းတွေမှာလည်း ပိုပြီးတော့ ကိုယ့်ဒေသနဲ့ကိုယ် ပို ပြီးလုပ်နိုင်ကိုင်နိုင်လာနိုင်မယ့် အနေအထားမျိုးတော့ မျှော်လင့်တာပေါ့နော်။

အခုကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဆောင်ရွက်ရတဲ့အပိုင်းတွေမှာ ပြည်သူတွေအနေနဲ့လည်း ဒီအပေါ်မှာ အားမလိုအားမရလည်း ရှိကောင်းရှိမှာဖြစ်ပါတယ်။ ကျွန်တော်တို့လည်း ဆောင်ရွက်ရတဲ့အပိုင်းတွေမှာ ကန့်သတ်ချက်တွေ၊ ဒီဖွဲ့စည်းပုံအခြေခံဥပဒေကန့် သတ်ချက်တွေအရ ဆောင်ရွက်ရတဲ့အခါ ဖြစ်တဲ့အတွက်ကြောင့် လုပ်ရကိုင်ရတဲ့ ဟာတွေကတော့ အခက်အခဲရှိတဲ့ဟာတွေကတော့ အများကြီးရှိပါတယ်။ ဒီအပေါ်မှာလည်း အားမလိုအားမရဖြစ်တဲ့ဟာတွေလည်း ရှိပါတယ်။

တနင်္သာရီအပတ်စဉ် – နောက်ရွေး ကောက်ပွဲမှာ ကိုယ်စားလှယ်အဖြစ်နဲ့ အရွေးခံရပြီး ဝန်ကြီးချုပ်အဖြစ်နဲ့ တာဝန်ပေးအပ်မယ်ဆိုရင် ထပ်ပြီးတော့များထမ်းဆောင်ဖို့ ရှိသေးလားခင်ဗျား။

ဝန်ကြီးချုပ် – တာဝန်ပေးအပ်ရင်တော့ တာဝန်ကိုကျေပွန်အောင် ထမ်းဆောင်မယ်ဆိုတဲ့ ခံယူချက်ပေါ့နော်။ စိတ်ဓာတ်နဲ့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ သို့သော်လည်းပဲ အခုဝန်ကြီးချုပ်ဖြစ်လို့ အမြဲတမ်းဝန်ကြီးချုပ်ဖြစ်ရမယ်ဆိုတာကတော့ ဘယ်တော့မှ မမျှော်လင့်ပါဘူး။

ကိုယ့်ကိုကိုယ်တော့ သိပ်အမှားရယ်လို့မမြင်ကြဘူးပေါ့။ ကျွန်တော်တို့လည်း ထိုနည်းလည်းကောင်းပဲ။ ပုထုဇဉ်ဖြစ်တဲ့အတွက် ကိုယ့်ကိုကိုယ်တော့ သိပ်မဖြစ်ဘူးပေါ့။ သို့သော်လည်းပဲ ပွဲကြည့်ပရိသတ်နဲ့ တာဝန်ပေးတဲ့ ကျွန်တော်တို့ ခေါင်းဆောင်တွေရဲ့ အမြင်လည်းရှိမှာ ဖြစ်ပါတယ်။ လူကြီးတွေက ဒီအပေါ်မှာဆက်ပြီးတော့ တာဝန်ပေးသင့်/ မပေးသင့် ဆိုတဲ့ဟာကတော့ လူကြီးတွေက ဆုံးဖြတ်မှာဖြစ်ပါတယ်။

တနင်္သာရီအပတ်စဉ် – ဒီကိစ္စနဲ့ ပတ်သက်ပြီး အခြားဖြည့်စွက်ပြောချင်တာများရှိသေးလား ခင်ဗျား။

ဝန်ကြီးချုပ် – ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ပြောရရင် စပြီးတော့ရွေးစဉ် ကာလကတည်းက ကျွန်တော်တို့ကလည်း ဝန်ကြီးချုပ်ကြီးဖြစ်ရပါစေရဲ့၊ ဝန်ကြီး ဖြစ်ရပါစေရဲ့ဆိုတဲ့ ခံယူချက်နဲ့ ရွေးကောက်ပွဲဝင်ခဲ့တာ မဟုတ်ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ရွေးကောက်ပွဲဝင်ခြင်းအားဖြင့် ကျွန်တော် တို့ဒေသရဲ့အကျိုး၊ ဒေသနေ ပြည်သူပြည်သားတွေရဲ့ အကျိုးကို ကိုယ်စွမ်းဉာဏ်စွမ်း ရှိသမျှပေါ့ ဆောင်ရွက်မယ်ဆိုတဲ့ ခံယူချက်နဲ့ ဝင်ခြင်းဖြစ်တယ်ပေါ့။ တာဝန်ပေးခြင်း/ မပေးခြင်းကတော့ လူကြီးတွေက သင့်တော်ရင် သင့်တော်သလို ဆုံးဖြတ်မှာပေါ့။