ပုံမှန် လူနေမှုစံ စနစ်သစ်တစ်ခုသို့ ပြောင်းလဲကြရခြင်း

0
423

Change to new normal ရယ်လို့ သည်ရက်ပိုင်း လူမှုမီဒီယာတွေမှာရော ကျန်းမာရေး ပညာပေးကြရာမှာပါ ပြောဖြစ်ကြသည်။

ပြောဆိုဆွေးနွေးကြသည့်အကြောင်းက ပုံမှန်ဖြစ်လာမည့် လူနေမှု စံစနစ်သစ်တစ်ခုသို့ မလွဲမသွေ ပြောင်းလဲလာကြရမည့် အနေအထား၊ အကြောင်းအချက် အလက်တွေနဲ့ ဘယ်လိုကူးပြောင်းဖို့ ကြိုးစားကြရမလဲဆိုတာပဲ ဖြစ်သည်။

ကိုဗစ်နိုင်တင်း (Covid 19) ကမ္ဘာ့ ကပ်ရောဂါ ကူးစက်ပျံ့နှံ့မှုကာလ ခြောက်လအလွန်မှာ ဘဝလူနေမှု ပုံစံသစ်သို့ရွှေ့ကြရမည့် အနေအထားတစ်ရပ် ဖြစ်လာသည်။ ရောဂါ အသစ်၊ တွေ့ရှိမှု အသစ်၊ ကူးစက်ပျံ့နှံ့မှု ပုံစံအဟောင်းနဲ့ ကမ္ဘာ့ကပ်ရောဂါဆိုး ကိုဗစ်ကို ရင်ဆိုင် ထိန်းချုပ်နှိမ်နင်းဖို့ ကြိုးစားကြရင်း လူသားမျိုးနွယ်နဲ့ ကူးစက်ကပ်ရောဂါပိုးနှင့် တိုက်ရမည့်စစ်ပွဲ သရုပ်သဏ္ဌာန်မှာ ရေရှည်စစ်ပွဲ ဖြစ်လို့လာသည်။

RNA (Ribonucleic Acid protein) ကို အခြေခံသည့် ဗိုင်းရပ်မျိုးစိတ်သစ်ဖြစ်သည့်အတွက် အခြား ဗိုင်းရပ်စ်တွေဖြစ်သည့် DNA (Deoxyribonucleic Acid protein) အခြေခံ ဗိုင်းရပ်စ်ပိုးတွေထက် ကုသမှုအတွက်ရော၊ ကာကွယ်ဆေးတွေ တီထွင်ထုတ်လုပ်ဖို့အတွက်ပါ အခက်အခဲရှိသည်။ ယင်း RNA အခြေခံ ဗိုင်းရပ်သည် မျိုးဗီဇကို မကြာခဏ ပြောင်းလဲဖြစ်တည်စေခြင်း (Mutation) ပြုလုပ်နိုင်သည့်အတွက် ဖြစ်သည်။ အခြားအကြောင်းတစ်ခုက တိရိစ္ဆာန်တွေမှာသာ ယေဘုယျ ကူးစက်ပျံ့နှံ့တတ်သည့် ဗိုင်းရပ်မျိုးစိတ်သည် လူသို့သာမက လူအချင်းချင်းပါ ကူးစက်ပြန့်ပွားသည့် အခြေဖြစ်သည်။

ယင်းပျံ့နှံ့မှုနှုန်းက မြန်ဆန်သလို သေပျောက်မှုနှုန်းက အတန်အသင့် များသည်။
ကာကွယ်ထိန်းချုပ်ဖို့အတွက် လိုအပ်သည့် ပြည်သူ့ကျန်းမာရေးရှုထောင့်မှ လုပ်ဆောင်သင့်သည့် အဆင့်ဆင့်ကို လုပ်ဆောင်ကြရင်း အိမ်တွင်းကနေ မထွက်ကြဖို့၊ နှာခေါင်းစည်းတွေ တပ်ဖို့၊ လက်မကြာမကြာဆေးဖို့မှစလို့ အသွားအလာ ကန့်သတ်တာ၊ ထိန်းချုပ်တာ၊ ပိတ်ပင်တာစသဖြင့် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် လုပ်ဆောင်ကြသည်။

ခြောက်လအလွန်မှာ ကပ်ရောဂါကူးစက်မှုကို အတန်သင့်ထိန်းချုပ်နိုင်သည်ဆိုရုံ အနေအထားအပြင် ယင်းရောဂါကြောင့် သေပျောက်တာထက် လူမှု၊ စီးပွားပြဿနာတွေကိုပါ ကမ္ဘာသည် မလွဲမသွေရင်ဆိုင်လာကြရသည့် အခြေ အနေဖြစ်လာသည်။

တစ်ဖက်မှလည်း ကူးစက်ကပ်ရောဂါသည် ရေရှည်တိုက်ပွဲသဏ္ဌာန် အမြစ်တွယ်ပြီး လူသားတို့ ဘဝလူနေမှုကို ခြိမ်းခြောက်မည့် အနေအထားတစ်ရပ်မှာ လူသားမျိုးနွယ်တစ်ရပ်လုံး တည်မြဲရေးအတွက် ပြောင်းလဲလာကြရမည့် လူနေမှု စံစနစ်အသစ်တွေကို ကျွန်တော်တို့ လက်သင့်ခံကာ ပြောင်းလဲလာကြရမည့် အနေအထားဖြစ်လာသည်မှာ ဧကန်။

လူနေမှု စံစနစ်သစ်မှာ ဘာတွေ လက်ခံကျင့်သုံးလာကြရမလဲဆိုသည့် အမေးအတွက် အဖြေက အောက်ပါအတိုင်း ဖြစ်သည်။

၁။ မလိုအပ်ပါဘဲ လူစုလူဝေးများဆီ မသွားဖို့နဲ့ တတ်နိုင်သမျှ အိမ်မှာပဲ နေထိုင်ဖို့၊

၂။ လိုအပ်လို့ လူစုလူအုပ်များအတွင်း သွားလာကြရမည်ဆိုပါလျှင် မျက်နှာအဖုံးအကာ တပ်ဆင်ကြဖို့။

၃။ လူတစ်ဦးနှင့်တစ်ဦး လူနေမှု ပုံစံသစ်မှာ ဖြစ်နိုင်လျှင် ခြောက်ပေအကွာမှ ပြောဆိုဆက်ဆံကြဖို့။

၄။ လက်ကို ဆပ်ပြာသို့မဟုတ် ပိုးသတ်ဆေးရည်ဖြင့် စနစ်တကျ အနည်းဆုံး စက္ကန့်နှစ်ဆယ်ကြာအောင် မကြာခဏ ဆေးကြောဖို့။ ဆိုသည့် အချက်လေးချက်ပဲ ဖြစ်သည်။

ထူးပြီးမဆန်းသည့်သည် လူနေမှုပုံစံသစ်ကို ကျွန်တော်တို့တွေ အားလုံးပြောင်းလဲ လက်ခံကျင့်သုံးနေထိုင်နိုင်ဖို့ ဆိုတာသည် သိပ်လွယ်သည့် ကိစ္စတော့ မဟုတ်။

လူ့စိတ်သည် မျောက်စိတ်လို့ ဆိုရလောက်အောင် ခြေမငြိမ်၊ လက်မငြိမ် တတ်တာ မျက်နှာအဖုံးအကာ Mask တပ်ဆင်တဲ့အခါ သေချာတွေ့လာခံစား လာရသည်။ အဆင်မပြေမှု၊ စိတ်အနှောင့်အယှက် ဖြစ်မှု၊ မျက်နှာရဲ့ ဟိုဘက်၊ သည်ဘက်တွေက ယားသလို ယံသလို ဖြစ်လာမှုတွေကြားမှာ ကျွန်တော်တို့တွေ အသားမကျသလို Social Distancing ဆိုသည့် ခြောက်ပေအကွာမှ ပြောဆိုဆက်ဆံကြဖို့ အတွက်ရော၊ အိမ်မှာပဲနေ ဖို့အတွက်ပါ ကျွန်တော်တို့အဖို့ နေသားမကျ။

လက်ကိုမကြာခဏ ဆေးဖို့ဆိုတာကိုလည်း လိုက်နာဖို့ဆိုတာက အလွယ် တော့မဟုတ်။ သည်တော့ သည်လူနေမှု စံအသစ်သည် ကျွန်တော်တို့အဖို့ ရုတ်တရက်အသားကျဖို့ အခက်အခဲက ရှိသည်။ ဘဝတစ်လျှောက်လုံး အသားကျနေပြီးဖြစ်သည့် လွတ်လပ်စွာနေလိုသော နေထိုင်မှုမှာ ကန့်သတ်မှုများသော စံအသစ်တစ်ခုသို့ အပြောင်းမှာ ရုတ်ချည်း မလွယ်ကူလှပါ။

အခြားတစ်ဖက်မှာ ကမ္ဘာ့ကပ်ရောဂါက အချိန်တွေ အများကြီးမပေး။ အနီးလေးမှာပဲနေပြီး ကျွန်တော်တို့တွေရဲ့ အသက်နှင့် ဘဝတွေကိုမပြတ် ခြိမ်းခြောက်လျက် ရှိသည်။ ပေါ့ဆသည်နှင့် ရင်းကြရမည်က အသက်နဲ့ ဘဝတွေ၊ ခံစားလိုက်ကြရသည့် နိုင်ငံတွေမှာ ကျန်းမာရေး စောင့်ရှောက်မှု အဆင့်မြင့်မားလှပါသည်ဆိုသည့် အီတလီ၊ အင်္ဂလန်၊ အမေရိကန်နိုင်ငံတွေအထိ ပါဝင်သည်။ ယခု ပိုဆိုးလာသည့် အနေအထားတစ်ရပ်က လူနေမှု မမြင့်မားသော၊ လူနေထူထပ်ကာ ကျန်းမာရေးစနစ် မမြင့်မားလှသော ကျွန်တော်တို့ရဲ့ အနောက်ဘက် အိမ်နီးချင်းနိုင်ငံတွေမှာ ကပ်ရောဂါဆိုးရဲ့ ပေါက်ကွဲလု ကူးစက်မှုတွေ လတ်တလော ခြိမ်းခြောက်နေသည်။ သည့်အတွက် ပေါ့ဆလို့က မရ။

Behaviour Change Communication (အမူအကျင့်များ ပြောင်းလဲစေရန် ဆက်သွယ်ဆောင်ရွက်ခြင်း)

A set of organized communication interventions and processes aimed at influencing social and community norms and promote individual behavioural change or positive behaviour maintenance for a better quality of life.

“လူထု၏ မူလယုံကြည်ထားမှု စံများနှင့် တစ်ဦးချင်း၏ မူလ အပြု အမူ၊ အကျင့်များကို တိုးမြှင့် ပြောင်းလဲခြင်း ဖြင့်သော်လည်းကောင်း၊ ကောင်းမွန်မှန်ကန်သော အပြုအမူကို ထိန်းသိမ်းခြင်းဖြင့်သော်လည်းကောင်း ပိုမိုကောင်းမွန်သော ဘဝလူနေမှုစနစ်တစ်ခုကို ရည်ရွယ်၍ ဆက်သွယ်ဆောင်ရွက်ခြင်း နည်းလမ်းအမျိုးမျိုးကို အသုံးချဆောင်ရွက်ကြဖို့” “Behaviour Change Communication (အမူအကျင့်များ ပြောင်းလဲစေရန် ဆက်သွယ် ဆောင်ရွက်ခြင်း)ကို လက်ခံကျင့်သုံးဖို့ လိုအပ်ပါသည်။

အပြုအမူပြောင်းလဲလာခြင်း သဘော သဘာဝ
ပုံမှန် အပြုအမူတစ်ခု ပြောင်းလဲလာလက်ခံ ကျင့်သုံးလာကြသည့်သဘော သဘာဝမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

H – (Hear about the new behavior) — ကြားရဖန် များလာရမည်။
I – Informed about it — ထိုသောအခါ သိမှု ဖြစ်လာသည်။
C – Convinced that it is worthwhile — ယုံမှတ် လာသည်။
D – Decision to do something about our opinion — လိုက်နာကျင့်ကြံ ပြုမူသင့်ကြောင်း ကိုယ်တိုင်က ခံယူ ဆုံးဖြတ်လာသည်။
A – Action on the new behaviour –ခံယူချက်အတိုင်း ပြုမူကျင့်သုံးစ ပြုလာသည်။
R – Re-confirmation that our action was a good one — ကောင်းမွန်မှုအတွက် လက်ခံသင့်ကြောင်း ဆင်ခြင် မိလာကာ
M – Maintain the behaviour — ယင်းအမူအကျင့်ကို လက်ခံထိန်းသိမ်း ကျင့်သုံးလာသည်။

ထိုအဆင့်တွေ ရောက်ဖို့ဆိုတာက အလွယ်မဟုတ်။ လူတစ်ဦးချင်းစီမှာ သည်ပုံမှန် အပြုအမူ စံစနစ်တစ်ခု ပြောင်းလဲလာလက်ခံ ကျင့်သုံးလာကြသည့်နောက်ပိုင်းမှာ လူထုအတွင်း လိုက်နာကျင့်ကြံ အပ်သည့်အပြုအမူအဖြစ် (Community mobilization) ရလာဖို့ ပြောင်းလဲ တိုးတက်လာဖို့ ရွယ်ရည်ပြီး နောက်ဆုံး သည်အပြုအမူ စံစနစ်သစ်သည် လူနေမှု စံ စနစ်သစ်တစ်ခု (Social Mobilizatio) အဖြစ်ပါ ထိန်းသိမ်းလာနိုင်ဖို့အထိ ရည်ရွယ်ပါ မှသာ သည်လူနေမှုစံစနစ်သစ်နှင့် ကျွန်တော်တို့ပြည်သူတွေ အသားတကျ ဖြစ်လာမည်။

ကြားရုံ၊ သိရုံ၊ မြင်ရုံ၊ လိုက်နာရုံ မဟုတ်ပါဘဲ စွဲစွဲမြဲမြဲ လိုက်နာကျင့်သုံးသည့် အကျိုးဆက်တစ်ခု (COMBI – Communication for Behavioural Impact) ရလာဖို့ အသိပညာပေးခြင်း (Advocacy)၊ ဆက်သွယ်စည်းရုံး ဟောပြောခြင်း၊ ပညာပေး ထောက်ကူပစ္စည်းများ အသုံးပြုခြင်း၊ သင်တန်းများပေးခြင်း၊ အမိန့်အာဏာနှင့် ဥပဒေများဖြင့် ကြပ်မတ်ဆောင်ရွက်ခြင်း၊ အရေးယူခြင်းစသည့် နည်းလမ်းပေါင်းစုံကို အသုံးပြုလျက် လုပ်ဆောင်ရမည့်အဆင့်တွေ မနည်းလှပါ။

လူနေမှု စံ စနစ်သစ်တစ်ခု(Social Mobilization) အဖြစ်ပါ ထိန်းသိမ်းလာနိုင်ဖို့ မလွဲမသွေ လိုအပ်လာသည့် သည်ကိုဗစ်ကပ်ရောဂါ နှင့်အတူ ယှဉ်တွဲနေထိုင်ကြရမည့် ပုံမှန် လူနေမှု၊ ယဉ်ကျေးမှု ဘဝနေထိုင်နည်း စံစနစ်သစ်တစ်ခုသို့ ပြောင်းလဲကြရခြင်း (Change to New Normal Culture and Life) အတွက် ကျွန်တော်တို့ အားလုံးကြိုးပမ်းကြရမည့် လုပ်ငန်းတစ်ရပ်လည်း ဖြစ်သည်ဆိုပါက ငြင်းဆန်၍ မရတန် ကောင်းပါချေ။

အဘယ်ကြောင့်ဆိုသော် ကိုဗစ်သည် မည်သည့်အချိန်အထိလျှင် ကျွန်တော်တို့ အနီးမှာ နေလျက် လူသားတို့ ဖြစ်တည်မှုကို အနီးကပ်ခြိမ်းခြောက်နေမည်ဆို သည်ကို မည်သူကမျှ တိတိပပ မပြောနိုင်သောကြောင့်ပင်တည်း။

ကိုရိုးဆေး