ကိုယ်စားလှယ်လောင်းရွေးပွဲ NLD ပါတီတွင်း ပြင်းထန်နိုင်

0
357

လာမည့်ရွေးကောက်ပွဲအတွက် ပါတီအသီးသီးက ကိုယ်စားလှယ်လောင်းများကို ကြိုတင်ခေါ်ယူပြီး လျာထားနေ ကြပြီဖြစ်သည်။

လက်ရှိ အာဏာရပါတီဖြစ်သည့် NLD လည်း လွှတ်တော်အသီးသီးအတွက် ကိုယ်စားလှယ်လောင်း လျှောက်လွှာခေါ်ယူနေပြီ ဖြစ်သည်။

ကိုယ်စားလှယ်လောင်းလျှောက်လွှာ နောက်ဆုံးတင်သွင်းရမည့်ရက်ကိုမူ မြို့နယ်အလိုက် ကွဲပြားမှု အနည်းငယ်ရှိသည်။

မြို့နယ်အသီးသီး၏ ကိုယ်စားလှယ် လောင်းလျှောက်လွှာများကို ဇွန်လ ၁၅ ရက်နေ့တွင် တိုင်းအလုပ်အမှုဆောင်အဖွဲ့ ထံတင်ပြရန် ညွှန်ကြားထားကြောင်း တိုင်းအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူး ဦးမြင့်မောင်က ဆိုသည်။

လာမည့်ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းလျှောက်ထားခွင့်ကို ရပ်ကျေးအထိ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေထားသည့်အတွက် လျှောက်ထားသူများပြီး ပါတီအတွင်း ပြိုင်ဆိုင်မှုပြင်းထန်နိုင်သည်ဟု ၎င်းက ပြောသည်။

ကိုယ်စားလှယ်လောင်းလျှောက်ထားမှုကို မည်ကဲ့သို့ရွေးချယ်မည်၊ မည်ကဲ့သို့ ဆက်လုပ်မည်ကို တနင်္သာရီအပတ်စဉ်က တိုင်းအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူးကို မေးမြန်းထားသည်။

ယင်းအပြင် တိုင်းအလုပ်အမှုဆောင်အဖွဲ့အတွင်း လစ်လပ်နေသည့် တိုင်း ဥက္ကဋ္ဌ၊ တွဲဖက်အတွင်းရေး၊ ဘဏ္ဍာရေးမှူးနှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်တစ်ဦးကို အစားထိုးခန့်အပ်ရန် လုပ်ဆောင် နေမှုအခြေအနေများကိုလည်း ဇွန် ၁၁ ရက်နေ့က မေးမြန်းထားသည်။ ယင်းမေး မြန်းချက်များကို တင်ဆက်လိုက်သည်။

တနင်္သာရီအပတ်စဉ်– လက်ရှိတိုင်း အလုပ်အမှုဆောင်အဖွဲ့ထဲမှာ လစ်လပ်နေတဲ့ လစ်လပ်အစားထိုးကိစ္စတွေကို ဘယ်လိုဆောင်ရွက်ထားလဲဆိုတာလေး မေးချင်လို့ပါခင်ဗျား။

အတွင်းရေးမှူး – လစ်လပ်အစားထိုး ကိစ္စနဲ့ ပတ်သက်ပြီးတော့ အခုကျွန်တော်တို့ မှာဆိုရင်တော့ တိုင်းအလုပ်အမှုဆောင် အဖွဲ့အနေနဲ့ လစ်လပ်နေတာကတော့ ဥက္ကဋ္ဌ၊ ဘဏ္ဍာရေးမှူး၊ တွဲဖက်အတွင်း ရေးမှူး၊ အဖွဲ့ဝင်တစ်ဦးပေါ့။ ယခင် ဝန်ကြီးချုပ်နေရာမှာ လစ်လပ်နေတာပေါ့။ အကုန်လုံး ၄ ဦးပေါ့။ သာမန်အားဖြင့် လစ်လပ်တဲ့နေရာတွေမှာ အစားထိုးရမယ့် ကိစ္စတွေကတော့ ရှိတာကိုး။

သို့သော်လည်းပဲ မကြာသေးခင်က ဗဟိုသုတေသနအဖွဲ့က လာသွားတာ ရှိတယ်ပေါ့နော်။ ၂၁ ရက်နေ့ကနေ ၂၈ ရက်နေ့အထိ လာသွားတဲ့မြို့နယ် အလိုက်တွေ့သွားတယ်ပေါ့နော်။
တွေ့သွားတဲ့ဟာအပေါ်မှာ မူတည် ပြီးတော့ မြို့နယ်အလုပ်အမှုဆောင်အဖွဲ့ အသီးသီး လွှတ်တော်ကိုယ်စားလှယ်တွေကလည်း အကြံပြုတာတို့ ဆွေးနွေးတာတို့။ ဒီနေရာမှာ တိုင်းအလုပ်အမှု ဆောင်အဖွဲ့နဲ့ ပတ်သက်ပြီးတော့ အကြံ ပြုတဲ့ဟာတွေရှိမယ်။ အစိုးရအဖွဲ့နဲ့ ပတ်သက်တဲ့ အကြံပြုတဲ့ဟာတွေရှိမယ်။

ဒီအကြံပြုချက်တွေအပေါ်မူတည် ပြီးတော့ သုတေသနကတော့ သူ့လုပ်ငန်း ဖြစ်တဲ့အတိုင်းပေါ့နော် CEC တင်တာတို့ ဘာတို့လုပ်မယ်။

အဲဒီအပေါ်မှာမူတည်ပြီးတော့ တိုင်းအလုပ်အမှုဆောင်အဖွဲ့ဥက္ကဋ္ဌရွေးတဲ့ကိစ္စတို့ ဖြည့်စွက်အစားထိုးတဲ့ကိစ္စ တို့ပေါ့။ လူကြီးတွေက သုတေသနတွေ့ရှိချက်အပေါ်မှာ မူတည်ပြီးတော့ သုံးသပ်ပြီးတော့ ဆက်ပြီးတော့ ညွှန်ကြားလာတဲ့အခါမှာ ကျွန်တော်တို့ကတော့ ညွှန်ကြား ချက်များနဲ့အညီပေါ့။ ပြီးတော့ ပါတီရဲ့ လုပ်ထုံလုပ်နည်းများနဲ့အညီ ဆောင်ရွက်သွားဖို့ရှိပါတယ်။

တနင်္သာရီအပတ်စဉ် – လစ်လပ် အစားထိုးတဲ့ကိစ္စက ရွေးကောက်ပွဲမတိုင်ခင်မှာ ဖြစ်နိုင်မယ်လို့ထင်ပါလား၊ ရွေးကောက်ပွဲလွန်မှ ဖြစ်မယ်လို့ထင်ပါသလား ခင်ဗျား။

အတွင်းရေးမှူး – လစ်လပ်အစားထိုးတာ မူကတော့ ရှိပြီးသားပေါ့။ လစ်လပ် အစားထိုးတာ မူချပေးပြီးသား။ သို့သော်လည်းပဲ ကျွန်တော်တို့ လက်ရှိဖြစ်နေတဲ့ ကျွန်တော်တို့တိုင်းရဲ့ အခြေအနေကတော့ ကျန်တဲ့တိုင်းနဲ့ပြည်နယ်နဲ့ မတူဘူး။ သာမန်မဟုတ်တဲ့ ထူးခြားတဲ့ အခြေအနေ မျိုးလည်းဖြစ်သွားတယ်။

တိုင်းအလုပ်အမှုဆောင်အဖွဲ့မှာရော၊ တိုင်းအစိုးရအဖွဲ့ကိစ္စတွေမှာရော။ ဖြစ်သွားတော့ တချို့ဟာတွေမှာ တိုင်းအလုပ် အမှုဆောင်အဖွဲ့တစ်ခုတည်း အစည်းအဝေးဆုံးဖြတ်ချက်နဲ့ လုပ်လို့မရတဲ့ ဟာတွေရှိတယ်။

သက်ဆိုင်ရာ CEC ကို တင်ပြပြီးတော့ CEC ရဲ့ ညွှန်ကြားချက်နဲ့အညီ လုပ်လို့ရပြီ လုပ်တော့ဆိုရင်တော့ ရွေးကောက်ပွဲမတိုင်ခင်လည်းဖြစ်ရင် ဖြစ်သွားမယ်လေ။ ရွေးကောက်ပွဲပြီးမှလည်း ဖြစ်ရင်ဖြစ်သွားမှာပေါ့။ ဒါကတော့ ညွှန်ကြားချက်အပေါ်မှာ မူတည်ပါတယ်။

တနင်္သာရီအပတ်စဉ် – အလုပ်အမှု ဆောင်အဖွဲ့မှာ လစ်လပ်နေတဲ့အတွက်ကြောင့်မို့လို့ ရွေးကောက်ပွဲအပေါ်မှာရော သက်ရောက်မှုရှိနိုင်မလားခင်ဗျား။

အတွင်းရေးမှူး – အဲဒါကတော့ အထူးတလည်တော့ သက်ရောက်မှုရှိမယ် လို့တော့ ကျွန်တော်အနေနဲ့ကတော့ မမြင်ဘူး။

အဓိကတော့ မကြာခင်မှာအောင်နိုင်ရေး အဖွဲ့တွေလည်းဖွဲ့မယ်။ အခုဘယ်လို ပဲဖြစ်ဖြစ် ကိုယ်စားလှယ်ရွေးတဲ့ကိစ္စတွေမှာလည်း မြို့မိမြို့ဖ အပါအဝင်ပေါ့နော် သက်ဆိုင်ရာမြို့နယ် အလုပ်အမှုဆောင်တွေကနေပြီးတော့ သတိထားမိသလောက်ဆိုရင် ၂၀၁၅ တုန်းကထက်တောင်ပိုပြီးတော့ ကျယ်ကျယ်ပြန့်ပြန့်နဲ့ ပွင့်ပွင့်လင်းလင်းနဲ့လုပ်နေတဲ့ အနေအထားလေး တွေ့ရတယ်။ ကိုယ်စားလှယ်လျှောက်လွှာတွေဆိုရင်လည်း ကြိုကြိုတင်တင်ကိုပဲ ရွာတွေကိုပေါ့နော်။ သက်ဆိုင်ရာ ရပ်ကျေးတွေကနေတစ်ဆင့် လျှောက်ထားနိုင် အောင်ဆိုပြီးတော့ ဖြန့်ထားတဲ့ဟာလေးတွေလည်း တွေ့ရတယ်။

အဲဒီအပေါ်မှာ မူတည်ပြီးတော့ မြို့မိမြို့ဖနဲ့ မြို့နယ်အလုပ်အမှုဆောင် အဖွဲ့စိစစ်ရေးအဖွဲ့တွေကတော့ သူတို့ကို ညွှန်ကြားထားတဲ့အတိုင်းပေါ့နော်။ သူတို့ လုပ်ငန်းစဉ်အတိုင်း လုပ်ပြီးတော့ အဆင့်ဆင့်တင်မယ့်ဟာတွေလည်းရှိတာ ပေါ့နော်။

၂၀၁၅ တုန်းကထက်စာရင် ပိုပြီးတော့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ပါဝင်ခွင့်ကိုဘောင်ကိုချဲ့ပြီးတော့ လုပ်ကြတဲ့ အနေအထားမျိုးလေးတွေ မြို့နယ်တိုင်းမှာ တွေ့ရတယ်ပေါ့နော်။
ဒီဟာကို ပြန်ပြီးတော့ ချုပ်မယ်ဆိုရင်တော့ ၂၀၁၅ တုန်းကဆိုရင် နည်းတယ် လျှောက်တဲ့ဟာတွေ။ အခုဆိုရင် လွှတ်တော်ကိုယ်စားလှယ်(လျှောက်သူ)တွေ များလာနိုင်တယ်။ ပြီးရင် ပါတီတွင်း လွှတ်တော်ကိုယ်စားလှယ်ရွေးချယ်တဲ့ ပြိုင်ဆိုင်မှုပေါ့။ ပိုပြီးတော့ ပြင်းပြင်းထန် ထန်နဲ့ဖြစ်လာနိုင်တဲ့ အနေအထားမျိုးတွေတော့ ကျွန်တော်တို့ တွေ့ရပါတယ်။

တနင်္သာရီအပတ်စဉ် – လက်ရှိဆိုရင် မြို့နယ်အသီးသီးကနေ လွှတ်တော်ကိုယ် စားလှယ်လောင်းလျှောက်ထားမှုတွေကို တိုင်းကို တင်ပြသွားဖို့ဆိုပြီးတော့ ညွှန်ကြားထားတာရှိတာပေါ့ခင်ဗျား။ ဆိုတော့ ဘယ်ရက်ကို နောက်ဆုံးထားပြီး တိုင်းကို တင်ပြရမယ်လို့ ညွှန်ကြားထားလဲ။

အတွင်းရေးမှူး – ကျွန်တော်တို့ဆီကို တင်ခိုင်းထားတာကတော့ ဇွန်လ ၁၅ ရက်နေ့ကို တင်ခိုင်းထားပါတယ်။

တနင်္သာရီအပတ်စဉ်– ဗဟိုကိုကျတော့ ဘယ်အချိန်လောက် နောက်ဆုံးထားပြီး ပေးပို့သွားမှာလဲခင်ဗျား။

ပါတီအတွင်းရေးမှူး – ဗဟိုကတော့ ဇွန် ၁၅ ရက်နေ့ နောက်ပိုင်း။ ဒီမှာကတော့ သိပ်ပြီးမများဘူးပေါ့နော်။ ဇွန်လ ၁၅ ရက်နေ့ကို စိစစ်ဖို့ကို အမီပို့ခိုင်းထားတယ်။ ပြီးရင် စိစစ်ရေးလုပ်တဲ့လုပ်ငန်းတွေလုပ်မယ် ဒီမှာ။ လုပ်ပြီးတဲ့အခါကျရင်တော့ ဗဟိုကိုပြီးတာနဲ့ ချက်ချင်းပေးပို့မှာ ဖြစ်ပါတယ်။

ကိုယ်စားလှယ်လောင်းအဖြစ် လျှောက်/ မလျှောက် ဝန်ကြီးအချို့၏ ပြောစကား

(ကိုယ်စားလှယ်လောင်းလျှောက်/မလျှောက်) ဆုံးဖြတ်ထားတယ်ဆိုတာတော့ မဟုတ်ဘူးပေါ့လေ။ ကျွန်တော်တို့ လျှောက်ချင်တယ် လျှောက်မယ် လျှောက်လွှာကို ကျွန်တော် တို့အနေနဲ့ပေါ့လေ။ လျှောက်လွှာယူရင် မိမိနေထိုင်တဲ့ရပ်ကွက်မှာ ယူရမှာလား။ ဒါမှမဟုတ် မြို့နယ်ရုံးမှာပဲယူရမှာလားဆိုတာကို မမေးရသေးပါဘူး အဲဒါလေး မေးဖို့ရှိပါတယ်ခင်ဗျား။
ဘယ်မှာယူရမယ်ဆိုတာ သိပြီဆိုရင်တော့ လျှောက်ဖို့ဆုံးဖြတ်ပြီးတဲ့ အခါမှာလည်းပဲ ယူရမှာသွားယူပြီး လျှောက်လွှာတင် မှာပေါ့လေ။ ကျွန်တော်လျှောက်မယ်ဆိုတာကို အခုထိတော့ မဆုံးဖြတ်ရသေးပါဘူး။ ဘာခေါ် မလဲဆိုတော့ အခြေအနေကို ကျွန်တော်တို့ စောင့်ကြည့်ဆဲပါ။
လူမှုရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင် (ထားဝယ်မြို့နယ် NLD ဥက္ကဋ္ဌ)

ကျွန်တော်က အသက်ကလည်းကြီးပြီဆိုတော့ လူငယ်တွေကို ဦးစားပေးချင်တာပေါ့။ ဒါပေမယ့် တာဝန်ကို ကျွန်တော်တို့ လိုက်ပြီးတော့ လိုက်မယူဘူး။ ဒါပေမယ့် ပေးအပ်မယ့်တာဝန်ကိုတော့ လုပ်မယ်။ ကျွန်တော်က အဲဒီလိုမျိုး သဘောထားရှိတယ်။
ဝင်တယ်/ မဝင်တာက ကျွန်တော့်တာဝန်မဟုတ်ဘူး။ ပေးအပ်ရင် ကျွန်တော်လုပ်မယ်။ လျှောက်တော့ မလျှောက်ဘူး။ ဒါပေမယ့် တာဝန်ပေးအပ်မယ်ဆိုရင်တော့ မပြောတတ်သေးဘူး သဘောက။ ပါတီကနေပြီးတော့ တာဝန်ပေးအပ်တယ်ဆိုရင် တစ်မျိုးပေါ့နော်။
ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလုကာ

လျှောက်လွှာထုတ်ထားတယ်။ နောက်ဆုံးတင်ရမယ့်ရက်က ၁၄ ရက် နေ့ပေါ့။ ဒီကြားထဲမှာကတော့ စဉ်းစားတဲ့အပိုင်းလေးတွေ တော့ရှိတယ်ပေါ့နော်။ (လျှောက်လွှာ) တင်ဖြစ်ဖို့များပါတယ်။
လက်ရှိထိတွေ့နေတာက မဲဆန္ဒ နယ်အမှတ် ၁ ပေါ့။ အဓိက ပြည်သူလူထု နဲ့ ထိတွေ့မှုအပိုင်းက အမှတ် ၁ မှာ ထိတွေ့မှုရှိတယ်ပေါ့နော်။ အမှတ် ၂ မှာကတော့ ထိတွေ့မှု အနည်းငယ်တော့ရှိတယ်။ ဒါပေမယ့် အမှတ် ၁ လောက် မလွှမ်းခြုံနိုင်တော့ အမှတ် ၁ ကိုပဲ အားသန်တယ်ပေါ့။ တိုင်းဒေသကြီးလွှတ်တော်ပေါ့။
သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးလှထွေး

ကျွန်တော်အနေနဲ့တော့ စဉ်းစားတုန်းရှိသေးတယ်ပေါ့။ တစ်ရက်နှစ်ရက် ကျန်သေးတယ်ဆိုတော့လေ စဉ်းစားတုန်း ရှိသေးတယ် ဆုံးဖြတ်ချက် မချသေးဘူး။
အမျိုးသား(လွှတ်တော်)ကို တက်မလား၊ ပြည်ထောင်စုကို တက်မလား၊ တိုင်းမှာ နေမလားဆိုတာ အဲဒါကို စဉ်းစားတုန်းရှိသေးတယ်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမြင့်စန်း