လောင်းရိပ်

0
1024

လောင်းရိပ် ဆိုတဲ့စကားကို ကျွန်တော် တို့ ငယ်စဉ်ဘဝမှာ အဖေပြောလို့ ပထမဆုံး ကြားခဲ့ရဖူးပါတယ်။

“သားတို့တွေ လောင်းရိပ် အမိမခံ ကြနဲ့” လို့ ဆိုဆုံးမတဲ့အထဲ သည်စကားစု လေး စပြီးကြားရတာပဲ ဖြစ်ပါတယ်။

အိမ်နောက်ဖေးက သီးပင်လေးအချို့ အုန်းပင်အရိပ်မှာ ကြီးထွားရှင်သန်မှု နှေးကွေးကြုံလှီတာ တွေ့ရတဲ့အခါ အမေ က ပြောပါတယ်။ “လောင်းရိပ်မိနေတော့ အပင်လေးတွေ မထွားကျိုင်းဘူးကွယ်” တဲ့။

မူလတန်း ကျောင်းသင်ခန်းစာက ဆက်စပ်တွေးတောမိရင်း အစိမ်းရောင် ရှိတဲ့ အပင်တွေဟာ နေရောင်ခြည်က တစ်ဆင့် စွမ်းအင်ရယူပြီး အစာအာဟာရ ချက်လုပ်ကြတာ ဖြစ်သတဲ့။ အပင်ကြီး တွေရဲ့ အရိပ်အာဝါသအောက်မှာ မိနေ လေတော့ နေရောင်ခြည်မရ အာဟာရ ကောင်းကောင်း မချက်လုပ်နိုင်ဘဲ ကြုံလှီ ကြတာ ဖြစ်မယ်လို့ ဆိုတော့ အဖေက ပြုံးတယ်။

“အေး၊ ငါ့သားရေ၊ မင်းတို့လည်း လောင်းရိပ် အမိမခံကြနဲ့”လို့ ထပ်ပြီး ဆိုဆုံးမ ပြန်တယ်။
အဖေက ပြောပြောဆိုဆိုပါပဲ။

“နွေရာသီကျောင်းပိတ်ရက်တွေမှာ မင်းတို့ ညီအစ်ကိုတွေ အိမ်မှာ မနေကြ ရဘူး။ အခြားအလုပ်တွေ လုပ်ကြရမယ်” လို့ ပြောရင်း ကျွန်တော်တို့ ညီအစ်ကို တွေကို ဆိုင်ကယ် ပြင်ဆိုင်၊ ဈေးဆိုင်၊ ကားဝပ်ရှော့ စတဲ့ အလုပ်တွေမှာ လိုက် အပ်ပေးပါတယ်။

ပထမတော့ မိဘ အလုပ်တွေရှိသား နဲ့ အဖေက သူများအလုပ် လုပ်ခိုင်းတာ ရက်စက်တယ်၊ မတရားဘူး စသဖြင့် တွေးရင်း စိတ်မကောင်း ဖြစ်မိကြပါတယ်။ ဒါပေမဲ့လို့ အဲသည် အဖေ့ရဲ့ စေတနာတွေ ကို ကျွန်တော်တို့တွေ ကြီးပြင်း လာချိန်မှာ သိလာကြရပါတယ်။

အဖေက သူတို့ရဲ့ လောင်းရိပ် မိမနေစေချင်လို့ ကျွန်တော်တို့တွေကို သူများ ဆီမယ် အလုပ်သမားအဖြစ် အလုပ်လုပ်ဖူးအောင် ငယ်စဉ်ကတည်းက လေ့ကျင့်ပျိုးထောင်ပေးတာပဲ ဖြစ်တယ်။ လောင်းရိပ်ဆိုတာ မိနေရင် အခက်အခဲ အကျပ်အတည်းမှာ သက်လုံ မကောင်းနိုင် သလို ဘဝမှာ မရှင်သန်နိုင်ဘူးဆိုတာ အဖေ သိပြီး သူ့ရဲ့သားတွေကို လေ့ကျင့် သင်ကြားပေးတဲ့ စေတနာတွေပဲ ဖြစ်တယ်။ ခု အဖေမရှိတော့ပါဘူး။ သူ့သားတွေဟာ ဘယ်အခြေအနေ ဘယ်နေရာမှာမဆို ရပ်တည်ရဲတဲ့ လူစွမ်းလူစနဲ့ သူတွေ ဖြစ်လာကြလို့ အဖေရဲ့ မေတ္တာတရားနဲ့ ကျေးဇူးကို မေ့မရပါဘူး။

“ဘဝ ဆိုတာ ခေါက်ရှာငှက်ပျံသလိုပဲ သားရဲ့။ နိမ့်တုံမြင့်တုံ လောကီဘုံမယ် လောကဓံတရားကို ကြံ့ကြံ့ခံနိုင်ကြရ မယ်။ အဲသည်အတွက် ဘဝပညာနဲ့ အသိပညာတွေ ပြည့်နေဖို့လိုအပ်တယ်။ သားတို့က ပညာထူးချွန်ကြသူတွေဖြစ်လို့ အသိသညာနဲ့ ပညာရေးအတွက် အဖေ မပူဘူး။ ဖြစ်မြဲပျက်ပြန် လောကဓံ တရားတွေကို ခံနိုင်ရည်မရှိမှာပဲ စိတ်ပူ တာ။ အဲသာကြောင့် သားတွေကို အောက် ခြေစေ့အောင် အလုပ်သင် ခိုင်းရတာကွယ့်”လို့ နောင်တစ်ချိန်မှာ အဖေက ပြောပြပါ တယ်။

ကြီးမားတဲ့ အဖေ့မေတ္တာတရားတွေ ကို အခက်အခဲ ကြုံရတိုင်း ပြန်ပြောင်းလို့ သတိရအောက်မေ့မိတတ်ပါတယ်။

ငယ်ငယ်က ရေကူးသင်တဲ့အခါ အဖေရဲ့ သြဝါဒစကားနဲ့ သင်ကြားပြသမှု လေးကလည်း အမှတ်ရစရာ။

“ကျားတွင်း”လို့ခေါ်တဲ့ အများသုံး ရေကူးကန်လေးရဲ့ ရေလယ်မှာ အဖေ ရပ်နေပြီး သူ့ဆီကူးခဲ့ဖို့ ခေါ်တယ်။ ရေလယ်ရောက်လုလုကျတော့ အဖေ့ကို မတွေ့ရတော့ပါဘူး။ ကိုယ့်ဘာသာ အားတင်းပြီး တစ်ဖက် ကန်ပေါင်အရောက် ကူးခတ်သွားပြီး အမောဖြေယူရတယ်။ အဲသည်အခါမှ ဘေးနားက ကျွန်တော် မမြင်အောင် ရေကူးရင်း လိုက်လာတဲ့ အဖေက ဆုံးမတယ်။

“ဘယ်သောအခါမှ သက်လုံကို ဦးတည်ရာ ပန်းတိုင်ရောက်ရုံ မထားရဘူး သားရဲ့။ လမ်းခုလတ်မှာ သက်လုံမကောင်း ရင် ဘေးတွေ့တတ်သလို ကိုယ့်အတွက် အမြဲ Plan B ( ဒုတိယအစီအစဉ် ) ရှိနေဖို့ သတိထားရမယ်သားရဲ့။ အဖေ့ဆီ သားကူးလာတယ်။ မမျှော်လင့်ဘဲ တစ်ဖက်ကမ်းအထိ ကူးခတ်သွားရတယ်။ ဆိုတော့ အဖေ့ကိုသာ အားကိုးပြီး အားကုန် ကူးခတ်လာပြီး ရေလယ်မှာ သားလက်လျှော့ချလိုက်တာနဲ့ မုချ ဘေး တွေ့ရမှာပဲ။ အဲသည်တော့ ကိုယ်ရည်မှန်း တဲ့အရာ မဖြစ်တဲ့အခါ ရင်ဆိုင်ဖြေရှင်းမယ့် နောက် အစီအစဉ်ကို အသင့် စဉ်းစားထား ဖို့နဲ့ ဘယ်သူ့ကိုမှ ယုံပြီး ပုံမအပ်မိဖို့ သင်ခန်းစာယူရမယ်၊ သားရဲ့”လို့ ဆုံးမ ပါတယ်။

ကြီးပြင်းလာတဲ့အချိန်မှာ အဖေက ကျွန်တော်တို့အပေါ် သဘောထား ပြောင်း သွားတယ်။ ဆုံးဖြတ်စရာတွေ ကြုံရတဲ့ အခါ၊ ရွေးချယ်စရာကြုံရတဲ့အခါ အဖေ ငယ်ငယ်ကလိုပဲ သတိထား စောင့်ကြည့် ပေမယ့် ကျွန်တော်တို့အပေါ် မလွှမ်းမိုး ထားတော့ပါဘူး။ စက်ဘီးစီးသင်ပေးတဲ့ အခါ လက်လွှတ်ပေးသလိုမျိုးပဲ သူ စောင့်ကြည့်တယ်။ သူ့အပြောက ရှင်းပါတယ်။

“ငါ့သားတွေကို ငါက ငယ်ကတည်း က အရိပ်တကြည့်ကြည့် ပျိုးထောင်လာခဲ့ တာရယ်။ ငါ့သားတွေက အကောင်းဆုံး ဆုံးဖြတ်ပြီး အဖြစ်သင့်ဆုံးအရာကို လုပ်နိုင်မယ်ဆိုတာ အဖေက ယုံပြီးသား သားရဲ့၊ သားအရာရာကို ကျော်လွှားနိုင် မှာလည်း ယုံကြည်ထားတယ်ကွဲ့”လို့ သူပြုံးရင်းဆိုတယ်။

အဖေ့ရဲ့ ယုံကြည်မှုက ခွန်အား တစ်မျိုးကို ဖြစ်စေပါတယ်။

“ပြီးတော့ သားတို့က အရွယ်ရောက် ကြပြီလေ။ ဈေးတောင်း ခေါင်းရွက်ခဲ့တဲ့ အဖေအမေ မုဆိုးမကြီး လက်ထက်ကနေ အဖေ တစ်ဆင့်မြင့်ဖို့ သားတွေကို ပုခုံး ထမ်းရင်း ပျိုးထောင်ပေးခဲ့ကြတယ်။ သားတွေ လက်ထက်မယ် အဖေတို့ထက် တိုးတက်အောင် ကြိုးစား သားတို့” လို့ အဖေ အမြဲပြောတတ်တယ်။

သည်လို လောင်းရိပ် မမိစေလိုတဲ့ သဘောထားနဲ့ အဖေ့ သွန်သင်ဆုံးမ ပျိုးထောင်မှုမျိုးတွေကို အကြောင်းတိုက် ဆိုင်တဲ့အခါ ကျွန်တော် မကြာမကြာ အမှတ်ရမိတတ်တယ်။ ဘယ်အချိန်တွေမှာ ပိုအမှတ်တရ ရှိတတ်လဲ ဆိုတဲ့အခါ လောင်းရိပ်အောက်မှာ မရုန်းသာအောင် မိနေတဲ့ ကလေးတွေ၊ မိဘတွေကို မြင်ကြရ တဲ့အခါမှာ ဖြစ်တယ်။

မိဘတွေက ကိုယ့်ကလေးတွေကို ဘာဖြစ်လာစေချင်တယ် ဆိုတာပဲ တွေး ပြီး နေ့ညကျူရှင်တွေ၊ ဂိုက်(Guide) တွေနဲ့ နေ့ညမပြတ် အတင်းအကျပ် မောင်းနှင်နေကြရင်း မိဘရော ကလေး တွေပါ အမောဆိုက်လို့ စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုတွေ မိဘရော၊ သားသမီးတွေပါ ခံစားကြရ၊ ကျွန်တော့်ဆေးခန်းကို ရောက် လာကြတဲ့အခါများမှာ အဖေ့ကို ပိုသတိ တရ ရှိမိတတ်ပါတယ်။ အဖေဟာ အထက်တန်းပညာလောက်ကိုသာ သင်ခဲ့ ရပေမဲ့လို့ ဘဝတက္ကသိုလ်မှာ ပါရဂူ တစ်ယောက်ဖြစ်သလို သူ့သား သမီးတွေ အပေါ် ပျိုးထောင်ပေးရာမှာလည်း စည်း စနစ်ကျရုံမက သူလွန်သည့် အချိန်အထိ အမြော်အမြင်ရှိရှိနဲ့ သင်ခန်းစာတွေ ပေးနိုင် ခဲ့သူလည်း ဖြစ်တယ်။

မိဘတွေအနေနဲ့ ကလည်း သားသမီး တွေကို လူတန်းစေ့ဆင်နိုင်၊ ကျောင်းအပ် ပေးနိုင်၊ ကျောင်းပို့ ပေးနိုင်ရင် မိဘ တာဝန်ကျေနေပြီလို့ ယူဆကြတယ်။ သားသမီးတွေအဖို့ကလည်း မိဘဆန္ဒ အတိုင်း ကျောင်းတက် သင်ညာတော်ရင် တာဝန်ကျေပြီလို့ ယူဆကြရင်းက မိဘ အရိပ်က လွန်လို့ လက်တွေ့ဘဝလောက ထဲ ရောက်တဲ့အခါမယ် အခက်ကြုံကြနဲ့။ မိဘကလည်း ကိုယ်က မသေတတ်တဲ့ အမျိုးလို သဘောထားပြီး ကိုယ့်ကလေးကို စာဆိုမှစာ အတင်းသွတ်သွင်းနိုင်ဖို့ ကြိုးစားကြရင်း လောင်းရိပ်အောက်မှာ နေစေဖို့ အတင်းကြိုးစားကြရင်း ကိုယ့် ဘာသာကိုယ် ဂုဏ်ယူနေကြ။ အချို့ သားသမီးတွေကလည်း မိဘရဲ့ အတင်း အကျပ် သင်ကြားပေး စေမှုကိုပဲ ကိုယ့် ဘဝလို့ မှတ်ယူကြရင်း ဘဝအတွက် နားနဲ့ မျက်စိတွေ ပိတ်နေကြ။

သားသမီးတွေရဲ့ လူစွမ်းလူစနဲ့ အတွေးအခေါ်ပိုင်းဆိုင်ရာတွေ ရင့်ကျက် လာဖို့ဆိုတာထက် ရုပ်ပိုင်းဘဝ တိုးတက်မှု တွေမှာ သာယာရင်းက လောင်းရိပ်မိကြ ရင်း ကျွန်တော်တို့ အနေအထားတွေက ခေတ်ရဲ့အဝေးမှာ ပြတ်ကျန်ရစ်ကြ။

လွှတ်တော်မှာရော အဲသည်လောင်း ရိပ် ဆိုတာတွေက ကင်းလို့ ကိုယ့်အတွေး အခေါ်တွေနဲ့ကိုယ် ကိုယ့်နိုင်ငံရဲ့ ရှေ့ရေးကို ညီညီညွတ်ညွတ် ရှေ့ဆက်ဖို့ ရာ ဖြစ်နိုင်ကြပါပြီလား။ လောင်းရိပ်တွေ ရဲ့ အဝေးမှာ လွတ်လပ်စွာတွေးတောကြံဆ ပြောဆို ဆွေးနွေးနိုင်ကြ၊ နိုင်ငံရဲ့ အနာဂတ် တွေဟာ လောင်းရိပ် အနှောင်အဖွဲ့ ချုပ်နှောင်ခြင်းမဲ့စွာ ဆွေးနွေးရင်း အနာဂတ် တွေ လွတ်လပ်ဖူးပွင့်ဝေဆာလာနိုင်မယ့်၁ တစ်နေ့ကိုတော့ ကျွန်တော်တို့တွေ မျှော်လင့်နေမိဆဲ ဖြစ်ပါတယ်။

ကိုရိုးဆေး