တစ်ထောင်တန်တဲ့စကား တစ်ထောင်တန်ဖို့

0
552

တိုင်းပြည်ရဲ့ မဏ္ဍိုင်ကြီးလေးရပ်လို့ ပြောရင် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ မီဒီယာလို့ အားလုံး နားလည် လက်ခံထားကြပါတယ်။

တိုင်းပြည်တစ်ခုရဲ့ လေးခုမြောက် ထောက်တိုင် စတုတ္ထမဏ္ဍိုင်အဖြစ် သတင်း မီဒီယာကို အသိအမှတ်ပြုထားပါတယ်။ အသိအမှတ်ပြု တင်စားသလောက်လည်း တကယ့်သတင်းမီဒီယာတွေဟာ တိုင်းပြည်အတွက် အရေးပါလှပါတယ်။

အဲလိုပဲ နောက်ထပ် အရေးပါတဲ့ အစုအဖွဲ့တစ်ခု ရှိပါတယ် အဲဒါကတော့ လူထုအခြေပြု အဖွဲ့အစည်းတွေပါ။ တချို့ကဆို တိုင်းပြည်ရဲ့ ငါးခုမြောက် ထောက်တိုင် ပဉ္စမ မဏ္ဍိုင်အဖြစ်နဲ့တောင် တင်စားကြပါတယ်။

အမျိုးမျိုး အပြားပြားသော လူထု အခြေပြု အဖွဲ့အစည်းတွေထဲမှာ ပါဝင်လေ့ ရှိကြတာက တက်ကြွလှုပ်ရှားသူ တွေပါ။

တက်ကြွလှုပ်ရှားသူတွေဟာ စိတ်ပါ ဝင်စားမှု မျိုးစုံ၊ ယုံကြည်မှု မျိုးစုံနဲ့ ပါဝင် ပူးပေါင်းလေ့ ရှိကြပါတယ်။ ဒေသအတွက် လည်း အင်မတန် အားထားရပါတယ်။

ပြည်သူ့အရေးကိစ္စတွေကို တက်ကြွစွာဆောင်ရွက်ကြ၊ ကြိုးပမ်းကြနဲ့ ပြည်သူ ရှေ့ကနေ မားမားမတ်မတ် ရပ်တည်ကြတယ်။

ဒေသအရေးအရာ ကိစ္စတွေနဲ့ ပတ်သက်ပြီး အစဉ်တစိုက်လည်း ထောက် ပြ ပြောဆိုကြတယ်။

ထောက်ပြပြောဆိုတဲ့ အကြောင်း အရာတွေကို တရားဝင်စာပို့တာ၊ သတင်း သမားတွေနဲ့ချိတ်ဆက်ပြီး လုပ်တာ၊ လူမှု ကွန်ရက် ဖေ့စ်ဘုတ်ပေါ်ကနေ ဆော်သြတာ စတဲ့ လမ်းကြောင်းတွေကနေ အများအားဖြင့် လုပ်ကြပါတယ်။

အခုတလော ခပ်စိပ်စိပ်လေး တွေ့လာ ရတာက တချို့တက်ကြွလှုပ်ရှားသူတွေ ဟာ ကိုယ်ကောင်းကောင်းနားမလည်တဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး ထောက်ပြပြော ဆိုလာတာမျိုးပါ။ လူတစ်ယောက်ဟာ ကိုယ်နဲ့စိမ်းတဲ့ နယ်ပယ်တစ်ခုက အကြောင်း အရာတွေနဲ့ ပတ်သက်ပြီး ပိုင်နိုင်စွာမသိတာ အဆန်းတော့ မဟုတ်ပါဘူး။

ဒါပေမယ့် ကိုယ်က သေချာစွာ မသိဘဲ နဲ့ ထောက်ပြပြောဆိုရင်တော့ လူရယ်စရာ ဖြစ်သွားနိုင်ပါတယ်။

ဒီလို ကိုယ်မပိုင်နိုင်တဲ့ အကြောင်းအရာ မျိုးဆိုရင် ချက်ချင်းလက်ငင်း မတုံ့ပြန်ဘဲ ပြန်လေ့လာတာမျိုး၊ သိတဲ့သူတွေကို မေးတာမျိုးလုပ်ပြီးမှ ဝေဖန်ထောက်ပြတာ မျိုးက ပိုပြီး လူရိုသေ ရှင်ရိုသေဖြစ်ပြီး ပိုလည်း ထိရောက်မယ်လို့ ထင်ပါတယ်။

ဥပမာပြောရရင် MIC လို့ အတို ကောက်ခေါ်တဲ့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံ မှုကော်မရှင်က တိုင်းအစိုးရထက် ပါဝါပို ကြီးတာလား။ ဒီအဖွဲ့ထဲမှာပါတဲ့သူတွေက ဘယ်လိုလူတွေမို့လဲ အစသဖြင့် ပြောဆို ဝေဖန်တာမျိုး ကြားရမြင်ရဖူးပါတယ်။

ကိုယ်က တိတိကျကျမသိဘဲ စေတနာလွန် ထောက်ပြမိရင် တစ်ဘက်အဖွဲ့အစည်း ဒါမှမဟုတ် လုပ်ပိုင်ခွင့်ရှိတဲ့ အစိုးရက တက်ကြွလှုပ်ရှားသူတွေအပေါ်မှာ အလေးအနက်ထားမှု လျော့ကျလာနိုင် တယ်ဆိုတာ သတိချပ်သင့်လှပါတယ်။

ဒီလို အလေးအနက်ထားမှု လျော့ကျလာရင် အာဏာရှိ အစိုးရနဲ့ လုပ်ပိုင်ခွင့် ရသူတွေကို အပြန်အလှန်ထိန်းညှိနိုင်မှု ရေချိန်လည်း ကျလာနိုင်ပါတယ်။

တက်ကြွလှုပ်ရှားသူတွေ၊ အရပ်ဘက် အဖွဲ့အစည်းတွေ စမတ်ကျကျနဲ့ အား ကောင်းမောင်းသန်ဖြစ်ပါမှ ဒေသတွင်း၊ တိုင်းအတွင်း၊ နိုင်ငံအတွင်းမှာ အပြန်အလှန် ထိန်းညှိမှု ရေချိန်တိုးလာမှာဖြစ်ပြီး ဒီမိုကရေစီစနစ်လည်း အားကောင်းမောင်းသန် ရှင်သန်မယ်ဆိုတာ ယုံကြည်ပါတယ်။

အပြန်အလှန်ထိန်းညှိဖို့ဆိုတာကလည်း အကြောင်းအရာတစ်ခုအပေါ်မှာ စမတ်ကျကျ တုံ့ပြန်တတ်မှု၊ အသိပညာ ဝမ်းစာ ပြည့်ဝမှု၊ ဉာဏ်အမြော်အမြင်ရှိမှု စတဲ့အချက်တွေ ပြည့်ဝနေဖို့ လိုအပ်တဲ့ အတွက် စေတနာကောင်းနဲ့ ထောက်ပြလိုရင်း ဖြစ်ပါတယ်။

ဟိန်းနောင်