မှတ်ပုံတင်တွင် မြိတ်လူမျိုးအဖြစ် ထည့်သွင်းရေး ကြိုးပမ်း

0
996

နိုင်ငံသားစိစစ်ရေးကတ်ပြား (မှတ်ပုံ တင်) ပါလူမျိုးနေရာတွင်ဗမာအစားမြိတ် လူမျိုးအဖြစ်ထည့်သွင်းပေးရေး မြိတ် အခြေစိုက် အဖွဲ့အချို့က ကြိုးပမ်းလာသည်။

မြိတ်အခြေစိုက်မေတ္တာလက်ကမ်းအဖွဲ့နှင့်အရပ်ဘက်အဖွဲ့အစည်းအချို့မှတာဝန်ရှိသူတို့သည်ဇန်နဝါရီလ၁၅ရက် ကတိုင်းလွှတ်တော်ဒုဥက္ကဋ္ဌနှင့် လွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ် ဝန်ကြီး ဦးကျော်မင်း၊ တိုင်းဒေသကြီး လ၀က ဦးစီးမှူးတို့ တွေ့ဆုံခဲ့ကြသည်။

ယင်းတွေ့ဆုံရာတွင် မှတ်ပုံတင်၌ ဗမာလူမျိုးအစားမြိတ်လူမျိုးအဖြစ် ထည့်သွင်းပေးရေးကိစ္စအား ထည့်သွင်း မေးမြန်းခဲ့ခြင်းဖြစ်သည်။

တိုင်းရင်းသားလူမျိုး၁၃၅မျိုးအနက် ဗမာလူမျိုးအုပ်စုတွင် ဗမာ၊ မြိတ်၊ ထားဝယ်၊ ယော၊ ဆလုံစသဖြင့်လူမျိုး၉ မျိုးပါဝင် သည်။

“လူမျိုးရေးပေးတဲ့နေရာမှာဗမာ မထည့်ဘဲ မြိတ်ထည့်လို့မရဘူးလားပေါ့”ဟုမေတ္တာ လက်ကမ်းအဖွဲ့ဥက္ကဋ္ဌ ဦးအာ ကာဦးက ပြောသည်။

မေတ္တာလက်ကမ်းအဖွဲ့မှမေးမြန်း သည့် မေးခွန်းအားတိုင်းလ၀ကတာဝန်ရှိသူ တစ်ဦးက ဖြေဆိုခဲ့ကြောင်း ၎င်းက ဆိုသည်။

“အချို့စကားတွေမှာရုပ်ရေသွင်ပြင် ကိုကြည့်ပြီး လူမျိုးကို သူတို့ဘက်က သတ်မှတ်တာပါလို့ဖြေလာတယ်” ဟု ဦးအာကာဦးက ပြောသည်။

ကာယကံရှင်ဘက်မှ ပြောဆိုသည့် အတိုင်း လ၀ကက ဖြည့်ပေးသည်ဆိုသော် လည်း ကာယကံရှင်က ရွေးပေးသည့် တိုင်အောင် လ၀ကဘက်မှ လူမျိုးအား စိစစ်သည့် သဘောရှိကြောင်း၎င်းက ဆိုသည်။

“စကားကို ဝှေ့တဲ့သဘောပါတယ်။ တည့်တော့မပြောဘူး” ဟုဦးအာကာဦးက ပြောသည်။

အဆိုပါမြိတ်လူမျိုးမေးခွန်းနဲ့ ပတ် သက်ပြီးယင်းကိစ္စများမှာ ပြည်ထောင်စု နှင့်သာ သက်ဆိုင်သည့်ကိစ္စ ဖြစ်သဖြင့် ပြည်ထောင်စုကိုသာ တင်ပြရန် ဝန်ကြီး ဦးကျော်မင်းက ပြန်လည်ပြောဆိုခဲ့ကြောင်း ဦးအာကာဦးက ပြောသည်။

“ဝန်ကြီးကလည်းဖြေနိုင်တဲ့မေးခွန်း ကိုသာ မေးဖို့မေတ္တာရပ်ခံတာပေါ့”ဟု ဦးအာကာဦးက ပြောသည်။

မှတ်ပုံတင် ရရှိရေးကြန့်ကြာနေ သည့်ကိစ္စ၊ လူမျိုးအမည်မှားယွင်းထည့် သွင်းနေသည့်ကိစ္စများကို မေးခွန်းများ မေးမြန်းခြင်း၊ လိုအပ်ပါကအဆိုတင်သွင်း ခြင်း၊ ညှိနှိုင်းပေါင်းစပ်နည်းများဖြင့် ဖြေရှင်းပေးမည်ဖြစ်ကြောင်း တနင်္သာရီ တိုင်းလွှတ်တော်ဒုဥက္ကဋ္ဌ ဦးကြည်စိုးက ပြောသည်။

၂၀၁၄ခုနှစ်က သန်းခေါင်စာရင်း များကောက်ယူရာတွင်လူမျိုးနေရာတွင် မြိတ်လူမျိုး ထည့်သွင်းရေးသားမည်ကို သန်းခေါင်စာရင်းကောက်သူများက ဗမာလူမျိုးအဖြစ် မှားယွင်းထည့်သွင်းမှုများ ရှိခဲ့ဖူးသည်။

“တိုင်းရင်းသားလူမျိုး၁၃၅မျိုးမှာ မြိတ်လူမျိုး ပါတယ်။ ဒါပေမယ့်အခုချိန်ထိ မှတ်ပုံတင်မှာမြိတ်လူမျိုးဆိုတာ တစ်ခါမှမတွေ့ဖူးသေးဘူး”ဟု မြိတ်မြို့၊ မြို့သစ်ရပ်နေ ကိုအောင်မိုးသန့်က ပြောသည်။

Dawei Watch