အစာ အလဟဿဖြစ်ခြင်း

0
927

အလှူအတန်းအတော်များများတွင် ကျွေးမွေးသော အစားအသောက် အတော်များများမှာ ပိုလျှံလေ့ရှိသည်ကို တွေ့ရသည်။ ကျွန်တော်တို့မြန်မာများ၏ စိတ်ခံကလည်း အလှူအတန်း ဆိုလျှင် ထမင်းရေချောင်းစီး လှူတတ်သည်။ အလှူတွင် အကျွေးအမွေးမလောက်ငဟု မကြားလို။ ငွေမလောက်လျှင်ပင် ချေးငှား လှူတတ်သည်။

ပိုပိုသာသာ လှူသည်။ ထို့ကြောင့်ပင်ဖြစ်မည်ထင်သည်။ အလှူတွင် အစားအသောက်များပိုလေ့ရှိ သည်။ နောက်ဆုံးတော့ ထိုအပိုများစုမှာ အမှိုက်ပုံးသို့ရောက်သွားတော့သည်။

ကျွန်တော်တို့ငယ်ငယ်က ထမင်းစားလျှင် ဖြစ်စေ မုန့်ပဲသွားရေစာ ကျွေးလျှင်ဖြစ်စေ လူကြီးများက ထမင်းလုံးမဖိတ်ဖို့၊ လိုသ လောက်သာထည့်စားဖို့၊ အစားအစာကို တန်ဖိုးထားဖို့ ထမင်းစားတိုင်း အစာစား တိုင်းတဖွဖွမှာလေ့ရှိသည်။ ထို့ကြောင့် ပင် အစားအသောက်ကို လွယ်လွယ် မလွှင့်ပစ်ရဲ။

မိမိနှင့်တန်သလောက် ချင့်ချိန်ကာ စားဖြစ်သည်။ ယနေ့ခေတ် ကလေးများ၊ ဆယ်ကျော်သက် အများစု နှင့် လူကြီးအချို့သည်ပင် ယခုအခါ အစားအသောက်၊ မုန့်ပဲသွားရေစာများကို အများအပြားဝယ်ကာ တစ်ဝက်လောက်ကို မစား။ ဟိုမြည်း သည်မြည်းနှင့် ခံတွင်း မတွေ့လျှင် ထိုအစားအသောက်ကို လွယ် လွယ် လွှင့်ပစ်သည်။ လွယ်လွယ်ထပ် ဝယ်သည်။

ငွေရှိလျှင် မည်သည့်အစား အသောက်ကိုမဆို လွယ်လွယ်ရနိုင်သော ခေတ်မို့ ငွေပေါ၍ ဝယ်ချင်တိုင်းဝယ်၊ စားလိုစား မစားလိုက ပစ်ကြသည်ကို ကျွန်တော့်တို့ တား၍မရ။ ထိုသို့ ပိုလျှံကာ ပစ်လိုက်ရသည့် အစားအသောက်များကို ကျွန်တော်ကတော့ နှမြောနေမိသည်။

အစားအသောက်အတွက် ကုန်ရသည့် ငွေကို နှမြော၍မဟုတ်။ ထိုအစားအစာ တစ်ခုဖြစ်ဖို့ သုံးစွဲထားရသော အရင်းအမြစ်များကိုသာနှမြောမိသည်။

ကမ္ဘာတစ်လွှားတွင် ဤကဲ့သို့ အစားအစာကို အလဟဿဖြစ်စေမှုမှာ ငွေကြေးအရလည်းကောင်း၊ အလေ့အထ အားဖြင့်လည်းကောင်း၊ သဘာ၀ပတ်ဝန်း ကျင်ကိုလည်းကောင်း ထိခိုက်စေသော လူအများကြားတွင်ကျယ်လာနေသည့် ပြဿနာတစ်ရပ်ဖြစ်သည်။ အနှီပြဿနာ ကို ကိုင်တွယ်ရန် ကမ္ဘာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (Food and Agricu-lture Organization- FAO) ကလည်း ကြိုးပမ်းနေသည်။ FAO၏ ကိန်းဂဏန်း များအရ ကမ္ဘာတစ်ဝန်းတွင် ခန့်မှန်းခြေ အစားအစာတန်ချိန်ပေါင်း ၁.၃ ဘီလျံ သည် နှစ်စဉ် အလဟဿဖြစ်နေသည်။

လေလွင့်ပျက်စီးသွားရသည်။ ထိုပမာဏ သည် ကမ္ဘာတလွှား လူအများစားရန် ထုတ်လုပ်နေသော အစားအစာ စုစုပေါင်း ၏ သုံးပုံတစ်ပုံရှိသည်ဟုဆိုသည်။ ထိုသို့ အလဟဿ ဆုံးရှုံးရသည့် အစားအစာ များနှင့် ထိုအလေအလွင့်အစားအစာများ ကြောင့် ဖြစ်ရသော သဘာ၀ပတ်ဝန်းကျင် ထိခိုက်မှု ကုန်ကျစရိတ် အခြားလူမှု ရေးရာ အကျိုးဆက်များအတွက် ကုန်ကျ စရိတ်များကို FAO ကတွက်ချက်ထားရာ အစားအစာများ အလဟဿဖြစ်မှုကြောင့် ကုန်ကျစရိတ်စုစုပေါင်းမှာ နှစ်စဉ် ကန် ဒေါ်လာ ၂.၆ ထရီလျံခန့်ရှိနေသည်။ ထို ပမာဏမှာ ကမ္ဘာတဝန်း အစာအာဟာရ ချို့ငဲ့နေရှာသောလူ ၈၁၅ သန်းကို အစား အစာကျွေးမွေးရန် လုံလောက်သည့် ပမာဏထက် လေးဆပင် ပိုနေသေးသည် ဟု ဆိုသည်။

အစားအစာ အလေအလွင့် အလဟဿ ဖြစ်ရသည်ကလည်း ကမ္ဘာခြုံစနစ် (Globalization) နှင့် ဆက်နွယ်နေ သည်။ ကမ္ဘာရွာကြီးသဖွယ်ဖြစ်လာသည့် နောက် နိုင်ငံအချင်းချင်း လူတွေ၊ ယဉ်ကျေးမှု၊ အစားအစာတွေ အချင်းချင်း နီးကပ်သွားကြသည်။

မည့်သည့်အရာ ကိုမဆို နေရာမရွေးရနိုင်လာသည်။ ဥပမာ အိန္ဒိယ ပန်သီးကို ဂျာမနီလို နိုင်ငံ မျိုး၊ အမေရိကက ပန်းသီးကို အင်ဒိုနီးရှား နိုင်ငံလိုမျိုးမှာ တစ်နှစ်ပတ်လုံး လွယ်လွယ် ဝယ်၍ရလာသည်။ သည်လိုအလွယ် ဝယ်နိုင်အောင် ယာခင်းစိုက်ခင်း၊ မွေးမြူ ရေးခြံတွေကနေ စားသုံးသူတွေ၏ စားပွဲ ပေါ်ရောက်သည်အထိ ခူးဆွတ်၊ ထုပ်ပိုး၊ တင်ပို့၊ ဖြန့်ဖြူး ရောင်းချ သည့်စနစ်၏ အဆင့်တိုင်းနီးပါးတွင်လည်း အစားအစာ တွေ ပျက်စီးမှုရှိသည်။

အလေအလွင့် ရှိသည်။ သစ်သီး၀လံ၊ ဟင်းသီးဟင်းရွက် နှင့် အသားငါးတို့သည် ယေဘုယျအား ဖြင့် အထားမခံ၊ ပုပ်သိုးပျက်စီးလွယ်၏။ ဆိုတော့ လူတွေ ဖြုန်းပစ်လို့ချည်း အစား အစာတွေ အလဟဿဖြစ်သည်မဟုတ်။ စနစ်ကြောင့်လည်းပါသည်။ ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာချည်းမဟုတ်၊ ဖွံ့ဖြိုးဆဲနိုင်ငံ တွေမှာလည်း အစားအစာ ပျက်စီးဆုံး ရှုံးမှု၊ အလဟဿဖြစ်မှုတွေက ဖွံ့ဖြိုးပြီး နိုင်ငံတွေနှင့် မတိမ်းမယိမ်း။ အချက် အလက်တွေအရ စက်မှုထွန်းကားသည့် သူဌေးနိုင်ငံများတွင် အစားအစာ အလဟဿဖြစ်သည့်ပမာဏက တန်ချိန် ပေါင်း သန်း ၆၇၀ခန့်ရှိပြီး ဖွံ့ဖြိုးဆဲနိုင်ငံ များတွင်တော့ စုစုပေါင်း တန်ချိန် သန်း ၆၃၀ ခန့် ရှိသည်ဟု သိရသည်။

အစားအစာပျက်စီးဆုံးရှုံးခြင်းနှင့် အစားအစာအလဟဿဖြစ်ခြင်းကို ခွဲပြော ကြသည်။ ထုတ်လုပ်၊ ထုပ်ပိုး၊ ဆင့်တက် ပြုပြင်သည့်အဆင့်များတွင် နည်းပညာ ကြောင့် ရာသီဥတုကြောင့် သို့မဟုတ် အဝယ်ဒိုင်များက မဝယ်ဘဲ ပယ်ခဲ့ခြင်း ကြောင့် အစားအစာများ ဆုံးရှုံးရလျှင် အစားအစာ ပျက်စီးဆုံးရှုံးခြင်းဟုခေါ်ပြီး စားသုံးသူများက ဝယ်ယူပြီး ဖြုန်းတီးလျှင် အစားအစာအလဟဿ ဖြစ်ခြင်း ဟုယူဆသည်။ အစားအစာအလဟဿ ဖြစ်ရခြင်းတွင် စားသောက်ဆိုင်များ၊ (စား၍ရသော်လည်း) မျက်နှာပန်းမလှ သည့် အစားအစာများကို ပစ်ပယ်သော၊ တစ်ခုဝယ် တစ်ခုလက်ဆောင် ပေးသော ကုန်တိုက်ကြီးများ၏ ပယောဂလည်း မကင်းပေ။ သို့သော်မည်သို့ပင် အမည် တပ်ခေါ်သည်ဖြစ်စေ ရလဒ်မှာ အစားအစာ များ ဆုံးပါးရသည်သာဖြစ်သည်။

ဖွံ့ဖြိုးဆဲ ဆင်းရဲသော နိုင်ငံများတွင် အစာအစာများသည် ထုတ်လုပ်၊ ထုပ်ပိုး၊ ဆင့်တက်ပြုပြင်သည့် အဆင့်တွင် နည်းပညာအားနည်းမှုကြောင့် ပျက်စီး ဆုံးရှုံးမှု များသည်။

သာဓကအားဖြင့် အာဖရိကတွင် အစားအစာများ၏ ၈၃ ရာခိုင်နှုန်းမှာ အထက်ပါအဆင့်များတွင် အလေအလွင့်ဖြစ်ရသည်။ သို့သော် ပြည်သူများ၏ အစာစားမှု အလေ့အထကြောင့် အလဟဿဖြစ်ရမှုမှာ ၅ ရာခိုင် နှုန်းလောက်သာရှိသည်ဟု ကမ္ဘာ့အရင်းအမြစ်အင်စတီကျု ၏လေ့လာမှုအရသိရ သည်။ ဆန့်ကျင်ဘက်အနေနှင့် မြောက်အမေရိကလို နေရာမျိုးတွင် အစားအစာ ထုတ်လုပ်သည့်အဆင့်တွင် အလေအလွင့် ဖြစ်မှုမှာ ၃၂ ရာခိုင်နှုန်းလောက်သာရှိ သည်။ စားသုံးသူများက အလဟဿ ဖြုန်းသည့်ပမာဏမှာတော့ ၆၁ ရာခိုင်နှုန်း အထိရှိနေသည်။

အစားအစာထုတ်လုပ်ရန်အတွက် မြေ၊ ရေ၊ လူအင်အား၊ စက်၊ လျှပ်စစ်၊ လောင်စာဆီ စသည့်အရင်းအမြစ်တို့ သုံးရသည်။ ကမ္ဘာ၏ ၂၈ ရာခိုင်နှုန်းသော စိုက်ပျိုးမြေများကို အစားအစာထုတ်လုပ် ရန် သုံးနေပြီး နှစ်စဉ်ထိုစိုက်ပျိုးမြေမှထွက်သော အစာပမာဏလောက်မှာ နှစ်စဉ် အလေအလွင့်ဖြစ်နေသည်။ ရေချို အရင်းအမြစ်၏ ၇၀ ရာနှုန်းလောက်ကို စိုက်ပျိုး မွေးမြူရေးအတွက် သုံးနေရသည်။

အလွယ်ပြောရလျှင် ပန်းသီး တစ်လုံးရဖို့ ရေ ပျမ်းမျှ ၁၂၅ လီတာကုန် သည်။ ပန်းသီးတစ်လုံးကို လွှင့်ပစ်လိုက် လျှင် ရေ၁၂၅လီတာကို မြောင်းထဲသို့ သွန်ပစ်လိုက်သလိုပင်။ ထို့အတူ အမဲသား တစ်ကီလိုဂရမ်အတွက် ရေ ၁၅၄၀၀ လီတာ လောက်သုံးရသည်။

FAO ၏ အစာ အလေအလွင့်ခြေရာခံခြင်း အစီရင်ခံစာ တွင် နှစ်စဉ် ရေ ကုဗကီလိုမီတာ ၂၃၀ (အမေရိကားမှ ဂျီနီဗာရေကန်ရှိရေပမာဏ ၏သုံးဆ) ခန့်ကို နှစ်စဉ် အစားအစာ ထုတ်လုပ်ရာတွင် သုံးနေပြီး နောက်ဆုံး တွင် အလဟဿ ဆုံးရှုံးသွားရသည်ဟု ဖော်ပြထားသည်။ နောက်ထပ်လိုအပ် သော စက်၊ နည်းပညာတွေအတွက် လောင်စာ၊ လျှပ်စစ်သုံးရသည့်အတွက် ဖန်လုံအိမ်အာနိသင်ကို ဖြစ်စေသော ကာဗွန်များထွက်သည်။

အလေအလွင့် အစားအစာများကလည်း မီသိန်းကဲ့သို့ သော အငွေ့များထွက်သည်။ ခြုံ၍ဆိုရ လျှင် အစားအစာထုတ်ဖို့ သုံးရသည့် အရင်းအမြစ်များမှာ အကန့်အသတ် နှင့်ဖြစ်သည်။ တန်ဖိုးရှိလှသည်။ အစား အစာကို ဖြုန်းတီး၍လည်း ဆိုးကျိုးများ ရှိသည်။

နောင်လာမည့် ၂၀၅၀ ခုနှစ်တွင် ကမ္ဘာလူဦးရေ ၇.၆ ဘီလျံမှ ၉.၈ ဘီလျံ ရှိလာမည်ဟုခန့်မှန်း ထားသည်။ ထိုတိုး တက်လာသော လူဦးရေအတွက် အစာ အာဟာရလိုပေမည်။ ထိုလိုအပ်သော အစားအစာထုတ်လုပ်ရန် အတွက် ရုန်း ကန်ကြရမည်။ သို့ရာတွင် အစားအစာ အလဟဿဖြစ်လာ နေမှုက ဆက်တိုးလာဖွယ်ရှိနေသည်ဟုခန့်မှန်းထားသည်။

ကမ္ဘာကြီး၏ အကန့်အသတ်ရှိသော အရင်းအမြစ်ကား တိုး၍မလာ။ လူတို့၏ အဖြုန်းကြောင့် နောင်မျိုးဆက်တို့ကို အငတ်ဘေးဆိုက်စေမည်လား။ တွေးဆဆင်ခြင်ဖွယ်ကောင်းပါသည်။ အစားအစာ အလေအလွင့်မဖြစ်ရအောင်၊ အာဟာရတန်ဖိုး ကျန်းမာရေးတို့ကို ရှေးရှုတွေး ဆ၍ လိုသလောက်ကိုသာ သတိဖြင့် စားသင့်ပါပေသည်။

Ref:

https://en.reset.org/knowledge/global-food-waste-and-its-environmental-impact-09122018

http://www.fao.org/news/story/en/item/196402/icode

http://www.fao.org/save-food/resources/keyfindings/en//