နေ့တိုင်းရေချိုးဖို့လိုသလား

0
1382

နေ့တိုင်းရေချိုးဖြစ်ပါရဲ့လား။ ဘယ်နှကြိမ်လဲ။ တစ်ကြိမ် နှစ်ကြိမ် သုံးကြိမ်။
မြန်မာတွေအဖို့ အထူးသဖြင့် ပူနွေးစိုစွတ်တဲ့ ဒေသမှာနေတဲ့ မြန်မာတွေအဖို့ ရေချိုးခြင်းဟာ နေ့စဉ် မဖြစ်မနေ ပြုရမယ့် ပြုဖွယ်ကိစ္စတစ်ခုလိုမှတ်ယူကြပါတယ်။ အများအားဖြင့်တော့ ညနေပိုင်း ညဦးပိုင်း အချိန်တွေမှာ ရေချိုးတတ်ကြ ပါတယ်။ တချို့ကလည်း မနက်တစ်ခါ၊ ညနေတစ်ခါ။ သည်လို လူတိုင်း သိပြီးသား ကိစ္စတွေ ပြောနေရတာကတော့ ရေချိုးခြင်းနဲ့ ပတ်သက်လို့ သတိထားရမယ့် ကိစ္စလေးတွေကို အမှုမှတ်မဲ့ ဖြစ်နေမှာ စိုးလို့ပါပဲ။

ကမ္ဘာပေါ်မှာ မွေးကတည်းက ရေကို လုံးဝမချိုးဘူးဆိုတဲ့ လူမျိုးတော့လည်းအတော်ပဲနည်းမှာပါ။ ရေခဲတမျှ ရေခဲ ရုံမက အေးမြတဲ့ အရပ်တွေမှာနေတဲ့ သူများတောင်မှ ရေချိုးကြပါသေးတယ်။ ချိုးတဲ့ အကြိမ်ရေသာ ကွာပါလိမ့်မယ်။ ခန့်မှန်းချက်တွေအရတော့ ကမ္ဘာမှာ အမေရိကန်ကလူတွေရဲ့ သုံးပုံ နှစ်ပုံ လောက်က နေ့တိုင်းရေချိုးတယ်။ သြစတေးလျကလူတွေရဲ့ ၈၀ ရာခိုင်နှုန်း ကျော်ကလည်း နေ့တိုင်းရေချိုးပါတယ်တဲ့။ ဒါပေသိ တရုတ်ပြည်က ပြည်သူ များရဲ့ ထက်ဝက်လောက်ကတော့ သူတို့တွေက တစ်ပတ်မှ နှစ်ခါပဲ ရေချိုး ပါတယ်လို့ ဆိုပါရဲ့။ လူတွေအတော်များ များကတော့ အရွယ်ရောက်လာကတည်း ကနေ ဘဝတစ်လျှောက် ဖျားနာ၊ ရေပြတ် အစရှိတဲ့ ခြွင်းချက်အခြေအနေမျိုးက လွဲရင် ရေပုံမှန်ချိုးဖြစ်နေတာပဲ။ ဘာလို့များ ရေချိုးရသလဲလို့များတစ်ခါခါ ကိုယ့်ဘာသာ ပြန်မေးမိကြရဲ့လား မပြောတတ်ပါ။

ရာသီဥတု ပူလို့ ရေချိုးပါတယ်။ ပူတော့ ချွေးထွက်တယ်။ သည်တော့ သန့်ရှင်းအောင် ရေချိုးရပါတယ်။ ဒါက ယေဘုယျယူဆချက်သာပါ။ မူလ ရာသီ ဥတုအေးမြတဲ့ အရပ်မှာ ချွေးထွက်စရာ မရှိတဲ့ အလုပ်မျိုး လုပ်နေသူတွေလည်း နေ့တိုင်းရေချိုးတာရှိပါတယ်။ ဆိုတော့ ပူလို့ ချွေးထွက်လို့ဆိုတဲ့ အကြောင်းပြ ချက်ကတော့လည်း စဉ်းစားစရာပါပဲ။ တချို့ကလည်း ရေချိုးတာက ကျန်းမာရေးကောင်းတယ်လေလို့ဆိုပါတယ်။ တချို့ ကျတော့လည်း ရေချိုးတာက အရပ်ထဲမှာ သူများတွေ ပုံမှန် လုပ်နေကျ အလုပ် အကျင့်မို့လို့ ကိုယ်တွေကလည်း ဘာရယ်မဟုတ် လိုက်လုပ်နေမိတာ၊ မဟုတ်ရင်လည်း ရေပုံမှန်မချိုးဖြစ်တာ နဲ့ပဲ အိမ်ကမိသားစုဝင်တွေ ဒါမှမဟုတ် အရပ်ထဲက ကိုယ့်အနားကလူတွေက သည်လူ ရေပုံမှန်မချိုးဘူး ဘာညာဖြစ် တယ်လို့ အပြောခံရမှာစိုးလို့၊ အရှက်ခွဲ ခံရမှာစိုးလို့ ချိုးနေတာမျိုးဖြစ်မလားပဲ။ ဒါကြောင့်လည်း ရေချိုးတာက နိုင်ငံ၊ အရပ်ဒေသအလိုက် မတူတာမျိုးဖြစ်ဖို့ များပါတယ်။ အဓိက အချက်ကြီးကတော့ ရေ ရရှိမှုဖြစ်မယ် ထင်ပါတယ်။ ရေကို အလွယ်လက်လှမ်းမမီတဲ့ အရပ်မှာ ကတော့ ရေချိုးချင်ပေသိ ချွေတာရမှာကိုး။

ဆိုတော့ ရေချိုးနေတာက ခန္ဓာကိုယ်က အညစ်အကြေးအနံ့အသက်၊ လန်းဆန်းနေဖို့ရယ်နဲ့ မနက်တိုင်း (သို့) ညနေတိုင်း လုပ်နေကြအကျင့်မို့လို့ ဆိုတဲ့ အကြောင်းအရင်းတွေကြောင့်လို့ ယေဘုယျကောက်ချက်ချကြည့်ပါ့မယ်။

အထက်မှာဆိုခဲ့တဲ့ ရေချိုးရခြင်း အကြောင်းအရင်းတွေက ကောင်းကျိုး ကိုယ်စီ ရှိကြသည်ချည်းရယ်။ ကိုယ်ခန္ဓာ အနံ့အသက် အညစ်အကြေးဖယ်ရှားဖို့၊ ကျန်းမာလန်းဆန်းဖို့ ဆိုတဲ့ ရည်ရွယ်ရင်း ပါပဲ။ ဒါပေသိ ကနေ့ခေတ်မှာ အလှကုန် စီးပွားရေးလုပ်ငန်းတွေရဲ့ ဈေးကွက် ချဲ့တဲ့ ကြော်ငြာတွေကြောင့် ဆပ်ပြာမျိုးစုံ၊ ခေါင်းလျှော်ဆေးစုံ၊ ဘာညာ ဆေးအစုံအလင်နဲ့ လိုအပ်တာထက်ပိုလို့ တစ်ကြိမ်မက ရေချိုးခြင်း၊ ခေါင်းလျှော်ခြင်းမျိုးက ဘေးထွက်ဆိုးကျိုးရှိနိုင်တယ်။ မတော်ရင် ဘေးထွက်ဆိုးကျိုးတောင် ရှိနိုင်ပါတယ်။ ကျန်းမာရေးပညာရှင် အချို့ကတော့ နေ့တိုင်းရေချိုးရင်တောင် ကျန်းမာရေးအတွက် ဘေးထွက် ဆိုးကျိုးရှိနိုင်တယ်လို့ဆိုကြပါတယ်။

ပုံမှန်ကျန်းမာသူရဲ့ အရေပြားမှာ အဆီပြင်အလွှာကလေးရှိပါသတဲ့။ အဲဒီမှာ လူကို အကျိုးပြုတဲ့ ဘက်တီးရီးယားတွေနဲ့ အနုဇီဝသက်ရှိကလေးတွေကို ထိန်းပေးပါတယ်။ ဆိုတော့ အထူးသဖြင့် ရေပူပူက ခန္ဓာကိုယ်က အဲသည်အလွှာ ကလေးကို ပျက်စီးစေပြီး အကျိုးဆက် အနေနဲ့ အရေပြားခြောက်သွေ့တာ၊ ယားတာ၊ အက်တာဖြစ်ပြီး ဘက်တီးရီးယား တွေ၊ ဓာတ်မတည့်တဲ့အရာတွေကို အရေပြားထဲ ဝင်ခိုင်းသလိုဖြစ်နိုင်တယ်။ ဒီလိုဆိုရင် အရေပြားမှာ ရောဂါပိုးဝင် တာမျိုး ဆိုးဝါးတာတွေဖြစ်တတ်ပါတယ်။ ဘက်တီးရီးယားတွေကို သုတ်သင် နိုင်ပါတယ်ဆိုတဲ့ ဆပ်ပြာမျိုးက ခန္ဓာကိုယ်မှာ ပုံမှန်ရှိသင့်တဲ့အကျိုးပြု အနုဇီဝ တွေကိုလည်း သုတ်သင်လိုက်နိုင်တာကြောင့် ကြာရင် ခန္ဓာမှာ ဆိုးဝါးတဲ့ ဘက်တီးရီးယားက ခုနက ဆပ်ပြာလိုဟာ မျိုးကို ပိုလို့ခံနိုင်ရည်ရှိသွားနိုင်ပါတယ်။

ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်ဟာ ရောဂါကာကွယ်ဖို့ ပဋိပစ္စည်းထုတ်လုပ် ဖို့ရာ လုံလောက်တဲ့ ပုံမှန် အနုဇီဝတွေ၊ ဖုန်တွေနဲ့အခြား ပတ်ဝန်းကျင်ရဲ့အထိ အတွေ့ကို ရဖို့လိုပါတယ်။ ဒါကြောင့်လည်း ကျန်းမာရေးပညာရှင်အချို့က ကလေးတွေကို နေ့တိုင်းရေမချိုးပေးတာ ကို တားမြစ်ပြီး ကလေးတွေကို အညစ်အကြေး၊ ဖုန် စတာတွေနဲ့ ထိတွေ့စေခြင်းဖြင့် ကိုယ်ခန္ဓာက ခုခံအားရအောင် ဆောင်ရွက်စေတတ်ကြပါတယ်။ နောက်တစ်ချက်ကတော့ ရေချိုးနေတဲ့ ရေထဲမှာ ပါတတ်တဲ့ ဓာတ်သတ္တု ပစ္စည်းတွေကြောင့် လူ့ကိုယ်ခန္ဓာမှာ ထိခိုက်တတ်တာပါပဲ။ ရေဟာ ကြည်လင်နေရုံနဲ့ သန့်တယ် ဘေးကင်းတယ် လို့ တစ်ထစ်ချဆိုလို့မရပါဘူး။ ရေထဲ မှာပါတဲ့ ဆားဓာတ်၊ သတ္တု၊ ကလိုရင်း၊ ဖလိုရိုဒ်၊ ပိုးသတ်ဆေးနဲ့ အခြားသော ဓာတ်ပစ္စည်းတွေကလည်း အရေပြားကို ထိခိုက်စေတတ်ပါတယ်။

ဘာကြောင့် ရေလျှော့ချိုးမလဲ။
အလွန်အကျွံ ကိုယ်ခန္ဓာကို သန့်ရှင်း နေတာဟာ လက်ခံရမယ့် ကျန်းမာရေး ကိစ္စတော့ မဟုတ်ပါဘူး။ ရေခဏခဏ မချိုးပေမဲ့လည်း ကိုယ်ခန္ဓာအရေပြားကို ပိုခြောက်အောင်လုပ်လို့ရပါတယ်။ ဒါကြီးက ပြည်သူ ကျန်းမာရေအတွက် ခြိမ်းခြောက်မှုကြီးတော့လည်း မဟုတ် ပါဘူး။ ဒါပေသိ နေ့တိုင်း ပုံမှန် ရေချိုး နေရုံနဲ့လည်း ကျန်းမာရေးက ပိုပြီး ကောင်းမလာပါဘူး။ အရေပြား ပြဿနာနဲ့ ကျန်းမာရေးကိစ္စတွေတောင်ရှိလာနိုင် ပါတယ်။ ပိုဆိုးတာက ရေချိုးတိုင်း ခေါင်းလျှော်ဆေး၊ ဆံပင်ပျော့ဆေး၊ အဆီတွေ၊ ရေမွှေး နံ့သာနဲ့ ဆပ်ပြာမျိုးစုံကို စွဲစွဲလန်းလန်း အလွန်အကျွံဖြစ်နေတာ က ဓာတ်မတည့်မှုလို ကျန်းမာရေး ပြဿနာမျိုး ပိုကြုံလာနိုင်ပါတယ်။ ဒီနေရာမှာ ထပ်ပြောရရင် ရေချိုး ခေါင်း လျှော်ရာမှာသုံးရတဲ့ ပစ္စည်းတွေအတွက် ကုန်ကျစရိတ်ကိုလည်း ထည့်တွက်သင့် ပါတယ်။ များများသုံးတော့ များများကုန် မှာပါ။အလှအပရေးရာကို နားလည် လက်ခံလို့ရပေသိ ကျန်းမာရေးရှုထောင့် ကလည်း ထည့်တွက်ရမှာဖြစ်ပါတယ်။ တန်ဆေး လွန်ဘေးပါ။

ရေမကြာခဏနေ့တိုင်းချိုးတာကို ပတ်ဝန်းကျင်ထိန်းသိမ်းရေး ရှုထောင့်က ကြည့်တဲ့အခါမှာ မသင့်တော်တဲ့ အပြု အမူမျိုးလို့ ယူဆကြပါတယ်။ မြို့ပြကြီး တွေမှာဆိုရင် လူတွေဆီရေရောက်အောင် လောင်စာတွေအများကြီးသုံးပြီး စီမံ ထားရပါတယ်။ ဥပမာ မြို့ပေါ်အထပ် မြင့်တွေဆီရေရောက်ဖို့ ၊ ရေသန့်သောက် ရဖို့၊ ရေနွေးနဲ့ရေချိုးဖို့အတွက် လျှပ်စစ် ဓာတ်အားလိုပါတယ်။ ပြီးတော့ ရေချိုးပြီးလို့ ထွက်လာတဲ့ ရေတွေမှာ ဆပ်ပြာ၊ ခေါင်းလျှော်ဆေးတွေက ဓာတုဆေးတွေ ရောနေတာမို့ ပတ်ဝန်းကျင်အတွက် ဘေးဖြစ်စေပါတယ်။ ဒီရေကြောင့် အကောင်လေးတွေ၊ အပင်ကလေးတွေ ထိခိုက်နိုင် ပါတယ်။ ရေရှားတဲ့ အရပ်မှာဆိုရင် ရေက ငွေရှိလည်း လိုသလောက်မရတဲ့ အနေအထားမျိုး ရှိပါတယ်။ ရေကို လျှော့ချိုးတာက ရေချွေတာပြီးသား လည်းဖြစ်ပါတယ်။ အနောက်နိုင်ငံတချို့ မှာ လူအတော်များများက ရေချိုးဇလုံနဲ့ ရေစိမ်ချိုးတာကို ရှောင်လာကြပါတယ်။ အကြောင်းကတော့ အဲလိုချိုးတာက ရေအကုန်များလို့ဖြစ်ပါတယ်။ ရေပန်း နဲ့ချိုးတာ၊ ရေပတ်တိုက်တာ၊ ပုံမှန်ရေ အေးကိုပဲချိုးတာမျိုးတွေပိုလို့ခေတ်စားလာပါတယ်။ ပြီးတော့ ဓာတုဆေးများ မပါတဲ့ သဘာဝအလှကုန် ပစ္စည်းတွေကို ပိုလို့သုံးလာပါတယ်။ လူအများစုဟာ နေ့စဉ်ပုံမှန်ရေချိုး နေတတ်ကြပါတယ်။ ရေမချိုးတာကို လည်း တစ်ခါခါမှာ အပြစ်တစ်ခုလိုလည်း ခံစားနေမိပြီး စိတ်မလုံသလိုတွေဖြစ်တတ်ကြပါသေးတယ်။

ဘာကြောင့် ရေချိုး သလဲဆိုတာကို စေ့စေ့မတွေးမိ၊ ရေချိုးခြင်းနဲ့ ပတ်သက်တဲ့ ကျန်းမာရေး၊ ပတ်ဝန်းကျင်အရေး၊ လူမှုစီးပွားအရေး တွေမှာ ဘယ်လိုအကျိုးသက်ရောက်မှု ရှိနေလဲဆိုတာကို ဆက်စပ်မစဉ်းစားမိဘဲ ရေချိုး နေတတ်ကြပါတယ်။ ရေချိုးမှား လို့ အပူရှပ်ဘာညာနဲ့ အနိစ္စရောက်တဲ့ အကြောင်းတွေလည်း မကြာခင် အပူ ပြင်းတော့မယ် ကာလတွေမှာလည်း ကြားရနိုင်ပါတယ်။ တွေးဆဆင်ခြင် ခြင်းဖြင့် ရေချိုးနိုင်ကြပါစေ။

ကိုးကား – https://www.health.harvard.edu/blog/showering-daily-is-it-necessary- 2019062617193