ပင်လယ်ပြင်တွင် လှေသားက ပဲ့နင်းကို ဓားဖြင့် ထိုးသတ်

0
1094

ကော့သောင်းခရိုင်၊ ဘုတ်ပြင်း မြို့နယ် ပင်လယ်ပြင်တွင် လှေသားက ပဲ့နင်းကို ဓားဖြင့်ထိုးသတ်ခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ထံမှ သိရသည်။

လှေသား ၁၆ ဦးပါသည့် ဝါလပ် ငါးဖမ်းလှေသည် လငန်းကျွန်း အရှေ့ ဘက် ရေမိုင် ၆ မိုင်ခန့်အကွာတွင် စက်ချို့ယွင်းသွားသည့် အတွက် အခြား လှေတစ်စီးကို အကူအညီတောင်းကာ မြိတ်မြို့သို့ ကြိုးဖြင့် ဆွဲလာကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ထိုသို့ဆွဲလာစဉ် ဇန်နဝါရီလ ၁၀ ရက် နံနက်စောစောတွင် ပဲ့နင်းကြီးဖြစ်သူက အသက် ၄၁ နှစ်အရွယ် ညီဖြစ်သူ ပဲ့နင်း ငယ်ကို ပဲ့ကိုင်စေခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။

ထိုအချိန်တွင် မြိတ်မြို့နေ အသက် ၃၇ နှစ်အရွယ်ရှိ လှေသားဖြစ်သူက ဓားမြှောင်ကိုင်ကာ ပဲ့နင်းခန်းအတွင်း ဝင်လာပြီး ပဲ့နင်းငယ်ကို ဓားဖြင့်ထိုးခဲ့ ကြောင်း ရဲမှတ်တမ်းအရ သိရသည်။ ဓားဖြင့် ထိုးသဖြင့် ပဲ့နင်းငယ်တွင် ထိုးသွင်း ဒဏ်ရာများရရှိခဲ့ပြီး ဓားဖြင့်ထိုးသည့် အမျိုးသားမှာ ရေထဲသို့ခုန်ချထွက်ပြေး သွားခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။

ဓားဒဏ်ရာရရှိသည့် ပဲ့နင်းငယ်ကို မြိတ်ပြည်သူ့ဆေးရုံတွင် တင်ပို့ကုသ နေစဉ် သေဆုံးသွားခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ဓားဖြင့်ထိုး သည့် ထွက်ပြေးနေသော အမျိုးသားကို ရာဇသတ်ကြီးပုဒ်မ- ၃၀၂ ဖြင့် ကံမော် နယ်မြေရဲစခန်းတွင် အမှုဖွင့်ထားကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

Dawei Watch