ကမ်းနားဈေး ရောင်းချိန် ကန့်သတ်မည် ကို ကန့်ကွက်

0
1762

အသစ်ဆောက်ထားသည့် ထားဝယ် ကမ်းနားဈေးတွင် ဈေးရောင်းချချိန် ကန့်သတ်မည်ကို ဈေးသူဈေးသားများနှင့် စည်ပင်သာယာရေးကော်မတီဝင်တစ် ဦးက လက်မခံနိုင်ကြောင်း ပြောဆိုလိုက်သည်။

ယင်းဈေးတွင် ဈေးရောင်းချသူများကို ဒီဇင်ဘာလ ၃၀ ရက်တွင် စတင်နေရာချထားမည်ဖြစ်ပြီး ဈေးရောင်းချ ချိန်ကို နံနက် ၆ နာရီမှ မွန်းလွဲ ၁ နာရီအထိသာ ရောင်းချခွင့်ပေးမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌက ပြောဆို ထားသည်။

ယင်းအစီအစဉ်ကို တိုင်းဒေသကြီး အစိုးရထံ တင်ပြထားသည်။

ကမ်းနားဈေးတွင် ထားဝယ်ခရိုင် အတွင်းရှိ ခြံထွက်သီးနှံရောင်းချသူများ က ည ၁၁ နာရီခန့်တွင် လည်းကောင်း၊ ထီးခီးလမ်းမှတစ်ဆင့် ထိုင်းနိုင်ငံမှ တင် သွင်းလာသည့် ဟင်းသီးဟင်းရွက်ကား များက ည ၁၂ နာရီဝန်းကျင်တွင် လည်းကောင်း အသီးသီးရောက်လာလေ့ရှိ ကြောင်း ဈေးရောင်းချသူများထံမှ သိရသည်။

ထို့အတူ ကမ်းနားဈေးတွင် ဟင်းသီး ဟင်းရွက်နှင့် အသားငါးများဝယ်ကာ နယ်ဒေသများတွင် ပြန်လည်ရောင်းချ သည့် ဈေးဆိုင်ကယ်၊ ကားများကလည်း နံနက် ၁ နာရီခန့်တွင် လာရောက်ဝယ်ယူ လေ့ရှိသည်ဟု ဆိုသည်။

ယင်းကဲ့သို့ အခြေအနေမျိုးတွင် ဈေးရောင်းချချိန်ကို ကန့်သတ်လိုက်ပါက ပုံမှန်လည်ပတ်နေသည့် ဈေးကွက်ကွင်း ဆက်တစ်ခုလုံး ပရမ်းပတာဖြစ်သွား နိုင်ကြောင်း ကမ်းနားဈေးတွင် ဟင်းသီး ဟင်းရွက်ရောင်းချနေသည့် အသက် ၄၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးက ဆိုသည်။

“မနက်ခြောက်နာရီမှ ရောင်းရမယ် ဆိုရင် မရောင်းတာက ပိုကောင်းဦးမယ်”ဟု အထက်ပါ အမျိုးသမီးက ပြောသည်။

ထို့အပြင် ရန်ကုန်ဘက်မှ တင်သွင်းလာသည့် မုန်လာပန်းကဲ့သို့သော မီးဖို ချောင်သုံး ဟင်းသီးဟင်းရွက်တင်ကားများက ညနေ ၃ နာရီဝန်းကျင်တွင် ကမ်းနားဈေးသို့ ဆိုက်ရောက်လေ့ရှိသည်ဟု ဆိုသည်။

အထက်ပါ ကားများဆိုက်ရောက် လာချိန်တွင် ဈေးပိတ်ထားပါက လမ်းမ ဘေးတွင်ပင် ပစ္စည်းတင်ချခြင်း၊ ရောင်းချ ခြင်းများ ဖြစ်လာနိုင်ကြောင်း ဟင်းသီးဟင်းရွက်ရောင်းချနေသည့် အသက် ၃၅ နှစ်အရွယ် အခြားအမျိုးသမီးတစ်ဦးက ဆိုသည်။

ကမ်းနားဈေး အဆောက်အအုံ မဆောက်မီကတည်းက ၂၄ နာရီပတ်လုံး ရောင်းချနေသည့် ဈေးဖြစ်သည့်အတွက် ရောင်းချချိန် ကန့်သတ်လိုက်ပါက လမ်းမ ဘေးတွင် စည်းကမ်းမဲ့ ရောင်းချနေမှုများ ဖြစ်လာမည်ဖြစ်ကြောင်း ထားဝယ်မြို့နယ်စည်ပင်သာယာရေး ကော်မတီဝင်တစ်ဦးဖြစ်သူ ဦးကျော်ကျော်ဦးက ပြောသည်။

ယင်းကဲ့သို့ မဖြစ်စေရန်အတွက် ဈေးဖွင့်ချိန်ကို ဈေးကော်မတီ အပါအဝင် ဈေးသူဈေးသားများနှင့် ညှိနှိုင်းတိုင်ပင် ပြီးမှသာ စည်းကမ်းချက်များ သတ်မှတ် သင့်ကြောင်း ၎င်းက ဆိုသည်။

“လမ်းဘေးကိုပဲ ရောက်လာမှာပေါ့။ လမ်းဘေးကို မရောက်လာစေချင်ရင် စနစ်တကျတိုင်ပင်ပြီး ဆွေးနွေးပြီး အားလုံးရဲ့ အကြံဥာဏ်ယူပြီး လုပ်ဆောင် သင့်တယ်”ဟု ဦးကျော်ကျော်ဦးက ပြော သည်။

ထိုကဲ့သို့ ကန့်သတ်မည့် အစီအမံ မထွက်ရှိခင်ကပင် ဈေးသူဈေးသား များ၏ သဘောထားရယူရန်နှင့် လုံလောက်သည့် လျှပ်စစ်မီးတပ်ဆင်ပေးရန် ကော်မတီကို အကြံပြုခဲ့ဖူးသော်လည်း လက်ခံခြင်းမရှိကြောင်း ၎င်းက ဆိုသည်။

ယင်းကြောင့် ဈေးဖွင့်ချိန်ကန့်သတ် မှုက အဆင်မပြေနိုင်ကြောင်းနှင့် ဈေးသူ ဈေးသားများ၏ သဘောဆန္ဒရယူရန် ကော်မတီထံ လာမည့်အပတ်တွင် တရားဝင်စာပို့မည်ဖြစ်ကြောင်း ဦးကျော် ကျော်ဦးက ပြောသည်။

စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးလှဦးကမူ နံနက် ၆ နာရီ ဖွင့်မည်ဟု ကနဦးသတ်မှတ် ထားသော်လည်း ပျံကျဈေးဖြစ်သည့်အတွက် ဈေးရောင်းသူများက အချိန်စောစွာ လာရောင်းလေ့ရှိခြင်းကြောင့် နံနက် ၄ နာရီအချိန်ခန့်တွင် ဖွင့်နိုင်ရန် ဝန်ထမ်း အင်အားဖြင့် ပြန်လည်ချိန်ညှိရမည်ဟု ဆိုသည်။

ညဘက်တွင် ဈေးဖွင့်ထားပါက သန့်ရှင်းရေးလုပ်ရန် မနိုင်မနင်းဖြစ်လာ နိုင်သည့်အတွက် ငါးဒိုင်ကိုသာ နံနက် ၂ နာရီတွင် ရောင်းချခွင့်ပြုဖြစ်ကြောင်း ၎င်းက ပြောသည်။

“သန့်ရှင်းရေးတွေ မလုပ်နိုင်ဘူး၊ ချီးပုံသေးပုံတွေ၊ လူတွေက မျိုးစုံဝင်လာမယ်၊ ဝင်အိပ်မယ်”ဟု ဦးလှဦးက ဆိုသည်။

ဈေးဆိုင်ခန်းများနေရာချထားရာတွင် ငွေကြေးတစ်စုံတစ်ရာ ကောက်ခံ မည်မဟုတ်ဘဲ ပျံကျဈေးကောက်ကိုသာ ကောက်ခံမည်ဖြစ်ပြီး ယခင်ဈေးရုံ အဟောင်းတွင် ရောင်းချခဲ့သည့် ဆိုင်ခန်း နေရာနှင့် အနီးစပ်ဆုံးဖြစ်အောင် နေရာ ချမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ကမ်းနားဈေး ပျံကျနေရာတွင် ခေါင်မိုး ၈၀ ပေ၊ ၄၄ ပေ အကျယ်ရှိ ဈေးရုံ နှစ်ရုံ၊ ၈၀ ပေ၊ ၂၄ ပေ အကျယ်ရှိ ဈေးရုံတစ်ရုံနှင့် ၁၆၀ ပေ၊ ၁၀၀ ပေ အကျယ်ရှိ ဈေးရုံ တစ်ရုံကို ဆောက်လုပ်ထား သည်။

အဆိုပါ ဈေးရုံ လေးရုံကို မြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ ဘတ်ဂျက် ဖြင့် ငွေကျပ် ၃၁၄၆ သိန်းကုန်ကျခံ ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။

ဈေးရုံအသစ် တည်ဆောက်နေ စဉ်ကာလတွင် ပျံကျဈေးသည်များကို ဆိပ်ကမ်းသာပန်းခြံနှင့် ထားဝယ်မြစ် ဘေးတွင် ယာယီရောင်းချခွင့်ပြုထားသည်။

ကမ်းနားဈေးတွင် ယခင်ပျံကျဈေး ရုံအတွင်း ရောင်းချနေသည့် ပျံကျဈေး သည် ၄၈၃ ဦးနှင့် ဈေးရုံအပြင်ဘက်တွင် ရောင်းချသူ ၃၀၀ ဦး ခန့်ရှိကြောင်း ထားဝယ် မြို့နယ်စည်ပင်သာယာရေး အဖွဲ့ထံမှ သိရသည်။

Dawei Watch