ထားဝယ်တွင် ကွန်ကရစ်လမ်း ခုနစ်ဆယ်ကျော်နှင့် ကွန်ကရစ်တံတား ခြောက်ဆယ်ကျော် တည်ဆောက်မည်

0
847

ယခုဘဏ္ဍာနှစ်တွင် ထားဝယ်မြို့ နယ် စည်ပင်သာယာရေးနယ်နိမိတ် အတွင်း ကွန်ကရစ်လမ်း ခုနှစ်ဆယ်ကျော် နှင့် ကွန်ကရစ်တံတား ခြောက်ဆယ်ကျော် တည်ဆောက်မည်ဖြစ်ကြောင်း မြို့နယ် စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။

လက်ရှိ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် တွင် ထားဝယ်စည်ပင်သာယာရေးအဖွဲ့ အနေဖြင့် ငွေကျပ်သိန်းပေါင်း သုံးသောင်း ခုနှစ်ထောင်ကျော် သုံးစွဲရန်လျာထားပြီး ကွန်ကရစ်လမ်း ၇၂ လမ်းနှင့် ကွန်ကရစ် တံတား ခြောက်ဆယ်ကျော် အပါအဝင် အခြားတည်ဆောက်ရေး လုပ်ငန်းများ ဆောက်လုပ်မည်ဖြစ်ကြောင်း မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အင်ဂျင်နီယာမှူး ဦးအောင်ကိုဦးက ဆိုသည်။

ယခုဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီး အစိုးရအဖွဲ့က ထောက်ပံ့ပေးသည့် ငွေ ကျပ်သိန်းပေါင်း သုံးသောင်းနှစ်ထောင် နှင့် စည်ပင်သာယာရေးအဖွဲ့က ကျပ်သိန်းပေါင်း ငါးထောင်သုံးရာကို သုံးစွဲရန် လျာထားကြောင်း စည်ပင်သာယာရေး အဖွဲ့ထံမှ သိရသည်။

“ပစ္စည်းတင်ဒါခေါ်ထားပြီးပြီ။ လုပ်မှာကတော့ စည်ပင်ကပဲလုပ်မှာ”ဟု အင်ဂျင်နီယာမှူး ဦးအောင်ကိုဦးက ပြောသည်။

လက်ရှိဘဏ္ဍာနှစ်တွင် ကွန်ကရစ် လမ်း ၇၂ လမ်း၊ ကတ္တရာလမ်း ၁၃ လမ်း၊ ကျောက်ရောမြေလမ်း ၂၆ လမ်း၊ ကွန်ကရစ်တံတား ၆၃ စင်း၊ သံဖုံးတပ်တံတား ၃၂ စင်း၊ ရေပေးဝေရေးလုပ်ငန်း ၉ ခု လုပ်ဆောင်ရန် လျာထားကြောင်း ထားဝယ် မြို့နယ် စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။

ကိုဇော်