တိုင်းအတွင်း ဝါးလက်မှုထည် ထုတ်လုပ်နည်း သင်တန်းပေး

0
717

တိုင်းဒေသကြီး အသေးစား စက်မှု လက်မှုလုပ်ငန်းဦးစီးဌာနမှ ဝါးအခြေခံ လက်မှုထည် ထုတ်လုပ်နည်းပညာ သင်တန်းများ ပိုချပေးနေကြောင်း ယင်း ဌာန၏ တိုင်းဦးစီးမှူး ဦးကျော်ဇင်ထွန်းက ပြောသည်။

ဝါးဖြင့် ပြုလုပ်သည့် ဖုန်းတင်စင်၊ တစ်ရှူးဗူး၊ မီးအုပ်၊ မီးစလောင်း၊ ဓာတ်ပုံဘောင်၊ ဘောပင်ဗူး၊ ပန်းအိုး၊ ကုလားထိုင်းအသေးလေးများ စသည့် လက်မှုထည်များကို ဝင်ငွေရလုပ်ငန်း တစ်ခုအဖြစ် သေသပ်လှပစွာ ပြုလုပ်တတ်စေရန် ၁၅ ရက်ကြာ သင်တန်းများ သင်ကြားပို့ချပေးနေကြောင်း ဦးကျော်ဇင်ထွန်းက ပြောသည်။

လက်ရှိတွင် လောင်းလုံးမြို့နယ်၊ ပညစ်ရွာတွင် သင်ကြားပေးနေပြီး ထားဝယ်မြို့၊ ထားဝယ်မြို့နယ် ကျောက် မဲတောင်ရွာ၊ သရက်ချောင်းမြို့နယ် ဆင်ကူးရွာနှင့် ကျောက်လှေကားရွာ၊ မြိတ်ခရိုင် မောတောင်မြို့တို့တွင် သင်တန်းများ ပို့ချပေးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

“ကိုယ်ပိုင်လုပ်ငန်း ထူထောင်နိုင်ဖို့၊ တစ်နိုင်တစ်ပိုင်နဲ့ ကိုယ့်အိမ်ထဲမှာ လုပ်ကိုင် ဆောင်ရွက်နိုင်ဖို့ ရည်ရွယ်တာပါ”ဟု ဦးကျော်ဇင်ထွန်းက ပြောသည်။

တနင်္သာရီတိုင်းဒေသကြီး အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ တန်းဖိုးမြှင့် စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာသင်တန်းများ၊ လူသုံးကုန် နှင့် အလှကုန် ထုတ်လုပ်မှုနည်းပညာသင်တန်းများလည်း ပို့ချပေးနေကြောင်း သိရသည်။

Dawei Watch